backup og meta

ကိုဗစ်အပြီးမှာ ဆံပင် တွေ ပိုကျွတ်လာသလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်အပြီးမှာ ဆံပင် တွေ ပိုကျွတ်လာသလား။

    ကိုဗစ်ဖြစ်ပြီးတဲ့အခါ လူနာတွေက မောတယ်။ နုံးတယ်။ မေ့တတ်လာတယ်။ ချောင်းဆိုးကျန်တယ် စသဖြင့် ကိုဗစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ပြောလေ့ရှိပါတယ်။ ဒါတွေကို စုပေါင်းပြီး long haulers ရယ်လို့ နာမည်တပ်ထားပါတယ်။ ဒါ့ပြင် ကိုဗစ်ဖြစ်ထားဖူးတဲ့ လူနာတွေက ထူးထူးခြားခြား နောက်ထပ်တစ်ခုလည်း ပြောကြပါသေးတယ်။ ဒါကတော့ ဆံပင်ကျွတ်တာပါ။ ကိုဗစ်ဖြစ်ပြီးမှ ဆံပင် တွေ အထွေးလိုက် ကျွတ်လာတယ်တဲ့လေ။

    ကိုဗစ်က ဆံပင် ကျွတ်စေတာလား။

    ကိုဗစ်ဖြစ်စေတဲ့ ဗိုင်းရပ်စ် SAR-CoV-2က ဆံပင်ကို တိုက်ရိုက်ကျွတ်စေတာမျိုးတော့ မရှိပါဘူး။ ခုထက်ထိလည်း ဒါနဲ့ ပတ်သက်ပြီး သက်သေအခိုင်အမာ မပြနိုင်သေးပါဘူး။ ဒါပေမယ့် ကိုဗစ်ဖြစ်ပြီးသွားတဲ့ လူနာတွေ ဆံပင်ကျွတ်တာက အမှန်ပါ။ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဆံပင်ကျွတ်စေတယ်လို့တော့ ယူဆရပါတယ်။

    ကိုဗစ်ဖြစ်ပြီးရင် ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်း

  • စိတ်ဖိစီးမှု
  • ကိုဗစ်ဖြစ်တဲ့အတွက် သာမန်ထက်တော့ စိတ်ဖိစီးမှုတွေ များနေနိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုတွေက ဆံပင်ကျွတ်ရခြင်းရဲ့ အကြောင်းရင်းပါပဲ။ ဒီလို စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်တာကို Telogen effluvium လို့ ခေါ်ပါတယ်။

  • ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်တာ
  • ဒါကိုတော့ ရုပ်ဖိစီးမှုလို့ ပြောရမှာပါ။ ပြင်းပြင်းထန်ထန် ဆိုတာက အောက်စီဂျင်ရှူရလောက်တဲ့အထိကို ပြောတာမဟုတ်ပါဘူး။ သာမန်ဖျားတယ်၊ အဖျားကြီးတယ်ဆိုရုံနဲ့တင် ခန္ဓာကိုယ်ကို ဖိစီးစေတာကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။ ကိုဗစ်မှ မဟုတ်ပါဘူး။ တခြား ဘယ်ရောဂါမှာပဲ ဖြစ်ဖြစ် အပြင်းဖျား၊ ရက်ရှည်ဖျားပြီဆိုရင် လူနာက ဆံပင်ကျွတ်တတ်ပါတယ်။

    ဒါက ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ဆောင်ချက်ပါ။ နေမကောင်းဖြစ်ပြီဆိုရင် အရေးကြီးတဲ့ နေရာ၊ အသက်ရှင်ဖို့ မဖြစ်မနေလိုတဲ့ နေရာတွေကလွဲပြီး အာဟာရမပေးတော့ပါဘူး။ ဆံပင်က အသက်ရှင်ဖို့ မလိုတဲ့အတွက် သူ့ကို အာဟာရမပေး၊ မပေးတော့ ကျွတ် ဒီလို ဖြစ်သွားတာပါ။

    သာမန်ထက် ပိုကျွတ်နေလို့လား။

    သာမန်လူတစ်ယောက်က တစ်နေ့ကို ဆံပင် အချောင်း ၁၀၀လောက် ကျွတ်ပါတယ်။ ဒါက ပုံမှန်ပါ။ ဘာကြောင့်လဲဆိုတော့ ဆံပင်မှာ ပေါက်တဲ့အဆင့်၊ ရှည်တဲ့အဆင့်၊ အရှည်ရပ်ပြီး ကျွတ်တာကို စောင့်တဲ့အဆင့်ဆိုတာ ရှိတာကြောင့်ပါ။ ဒါက ဆံပင် တစ်ချောင်းနဲ့ တစ်ချောင်းမှာ မတူပါဘူး။ တစ်ချောင်းက ပေါက်တဲ့အဆင့်ဆို၊ နောက်တစ်ချောင်းက ကျွတ်တဲ့အဆင့်ပါ။ အကုန်တူနေရင် ကျွတ်တဲ့အဆင့် ရောက်တဲ့အချိန်မှာ တစ်ခါတည်း ဆံပင်တွေ အကုန်ကျွတ်ပြီး ကတုံး ဖြစ်သွားမှာပါ။

    ကျွတ်တဲ့ အဆင့်ကို ရောက်နေတဲ့ ဆံပင်က သူ့အလိုလိုကျွတ်သွားမှာပါ။ သူကျွတ်မှ နောက်က အသစ်ထပ်ထွက်လို့ရမှာကိုး။ Telogen effluvium လို့ ခေါ်တဲ့ စိတ်ဖိစီးမှုကြောင့် ကျွတ်တာကျတော့ နဂိုထက် ၃ဆလောက် ပိုကျွတ်ပါတယ်။ ဒါကြောင့် ကိုဗစ်နာလန်ထလူနာတွေက

    -မနက်အိပ်ရာထရင် ခေါင်းအုံးမှာ ဆံပင်အထွေးလိုက်

    -ခေါင်းဖြီးရင် အထွေးလိုက်

    -ခေါင်းလျှော်လည်း အထွေးလိုက်

    -နောက်ဆုံး ဆံပင်ကို မကိုင်ရဲလိုက်အောင် ဖြစ်နေကြပါတယ်။ ကိုင်ပြီး သပ်လိုက်တာနဲ့တင် အထွေးလိုက် ပါပါလာတာကိုး။

    အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး သတိထားမိတာများပါတယ်။ ဆံပင်ပိုရှည်တာကြောင့်လည်း ဖြစ်မှာပါ။

    ဆံပင် ကျွတ်တာကို ဘယ်လိုကုစားကြမလဲ။

    ဒီTelogen effluviumဆိုတဲ့ ပြဿနာက ၆လလောက်ကြာတတ်ပါတယ်။ ကုသနည်းလား။ မရှိပါဘူး။ ဆရာဝန်သွားပြရင် ဆံပင်ကျွတ်ရခြင်းရဲ့ အကြောင်းရင်းတွေကို စစ်ဆေးမှာပါ။ သိုင်းရွိုက်ဟော်မုန်းကြောင့်လား။ အာဟာရချို့တဲ့တာလား။ သောက်လက်စ ဆေးတွေကြောင့်လား။ ဒါတွေကြောင့်လည်း မဟုတ်။ တခြား ဦးရေပြား ပြဿနာလည်း မရှိဘူး။ မကြာခင်ကမှ ကိုဗစ်လည်း ဖြစ်ထားဖူးတယ်ဆိုရင် Telogen effluvium ကြောင့် ဖြစ်နိုင်ပါတယ်။

    ဒါနဲ့ ပတ်သက်ပြီး တိကျတဲ့ ကုသမှု မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒါက ယာယီပဲ ဖြစ်ပြီး သူ့အလိုလို ပြန်ကောင်းလို့ပါ။ ဆံပင်ပေါက်စေတဲ့ ဆေးတွေ၊ အားဖြည့်အာဟာရတွေ၊ ခေါင်းလျှော်ရည်တွေ အသုံးမဝင်ပါဘူး။ သုံးရင်း သုံးရင်း ကောင်းလာတယ်ဆိုတာတော့ တွေ့ရပါလိမ့်မယ်။ အကြောင်းက ရောဂါရဲ့ သဘာဝကြောင့်ပါ။ သုံးသုံး မသုံးသုံး ၆လလောက် နေရင် ဆံပင်ကျွတ်တာ ပြန်နှေးသွားပါလိမ့်မယ်။

    ဒါဆိုရင် ဘာမှမလုပ်ရဘူးလား။

    လူနာအနေနဲ့ လုပ်ရမှာ ၂ချက်တည်း ရှိပါတယ်။

    • စိတ်ဖိစီးမှု လျှော့ချပါ။

    စိတ်ဖိစီးမှုကြောင့် ဖြစ်တာဖြစ်တဲ့အတွက် တတ်နိုင်သမျှ စိတ်မဖိစီးအောင် နေပါ။ အထူးသဖြင့် ဆံပင်ကျွတ်တာကို စိတ်မပူပါနဲ့။ စိတ်ပူလေလေ ကျွတ်လေလေ၊ ကျွတ်လေလေ စိတ်ပူလေလေနဲ့ သံသရာလည်တတ်ပါတယ်။ Telogen effluvium ကြောင့် ကျွတ်တာက အလိုလိုဆံပင်ပြန်ပေါက်ပါတယ်။ အချိန်တော့ လိုပါတယ်။ ဆံပင်ပါးလာတာမျိုး ရှိပေမယ့် ထိပ်ပြောင်သွားမှာ မဟုတ်တဲ့အတွက် သိပ်ပြီး မစိုးရိမ်ပါနဲ့။

    • အာဟာရပြည့်အောင် စားသောက်ပါ။

    အထူးသဖြင့် ဆံပင်အတွက် ကောင်းတဲ့ သံဓာတ်၊ ဇင့်ဓာတ်၊ ပရိုတင်းကြွယ်ဝတာတွေကို စားပါ။ ဆံပင်အတွက် ထုတ်ထားတဲ့ အားဆေးတွေကို ယာယီသောက်နိုင်ပါတယ်။ ဒါပေမယ့် သဘာဝအစားအစာကတော့ အကောင်းဆုံးပါပဲ။ အာဟာရပြည့်ဝအောင် စားတာက နောက်ထပ် ဖျားနာမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ထပ်ပြီး ဖျားနာရင် ဆံပင်ထပ်ကျွတ်နိုင်လို့ပါ။ ဒါ့ပြင် ဆေးလိပ်လည်း ရှောင်ထားဖို့ အကြံပေးချင်ပါတယ်။

    ကိုဗစ်ဖြစ်ပြီးလို့ ဆံပင်တွေ ကျွတ်နေရင် မလန့်ပါနဲ့။ ဒါက ဖြစ်တတ်ပါတယ်။ အချိန်လိုပါတယ်။ သူ့အလိုလို သက်သာသွားပါလိမ့်မယ်။ ဒီကြားထဲမှာ စိတ်ဖိစီးမှု နည်းနိုင်သမျှ နည်းအောင်နေပါ။ အာဟာရပြည့်အောင် စားသောက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 24/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement