backup og meta

အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို ဒီလိုကာကွယ်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို ဒီလိုကာကွယ်ပါ

    ရွယ်တူသူငယ်ချင်းတွေက ဆံပင်မဖြူဘဲ ကိုယ်ကပဲဆံပင်တွေဖြူနေတာစဉ်းစားရလွန်းလို့လား၊ခေါင်းသုံးရလွန်းလို့လား။ ဆံပင်တွေအရွယ်မတိုင်ခင်ဖြူရတာခေါင်းသုံးရလွန်းလို့ဖြစ်နိုင်သလို ဒီအချက်တွေကြောင့်လည်း ဆံပင်ဖြူရတာပါ။ ဘာတွေကြောင့်များလဲ၊ ဆင်ခြင်ချင်တယ်လေဆိုရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော် Helloဆရာဝန်ပရိသတ်ကြီးရေ…….

    ဆံပင်ဖြူတာက လူမျိုးစုတွေကိုလိုက်ပြီးတောင်ကွာခြားနိုင်တယ်ဆိုတာ သိပြီးပြီလား…..

    လူမျိုးစုတွေအလိုက် ဆံပင်ဖြူနိုင်ခြေက ကွာခြားမှုရှိနေပါတယ်။ ပျမ်းမျှပြောပြရမယ်ဆိုရင် အာဖရိကန်လူမျိုးတွေက အသက် ၄၀ နောက်ပိုင်းလောက်မှ ဆံပင်စဖြူတတ်ကြပြီး အမေရိကန်လူမျိုးတွေလည်း ထိုနည်းလည်းကောင်းပါပဲ အသက် ၄၀နောက်ပိုင်းလောက်မှ စပြီး ဆံပင်ဖြူတတ်ကြပါတယ်။ အာရှနွယ်ဖွားတွေကတော့ အသက် ၃၀လောက်ရောက်လာပြီဆိုရင် ဆံပင်စဖြူတတ်ကြပါတယ်။ ကိုယ်တွေကလည်း အာရှနွယ်ဖွားပါပဲ။ ဒါပေမယ့် အသက် ၂၀ကျော်စလောက်ကတည်းက ဆံပင်စဖြူနေပြီဆိုရင်တော့ အရွယ်မတိုင်ခင်ဆံပင်ဖြူနေတယ်လို့ဆိုရတော့မပေါ့။

    ဆံပင်ဖြူတာအပေါ်မှာ သက်ရောက်နေသေးတဲ့နောက်တစ်ချက်က အသားအရောင်ပါ။ အသားဖြူတဲ့သူတွေက အသားညိုတဲ့သူတွေ အသားမဲတဲ့သူတွေ ဆံပင်ဖြူနိုင်ခြေပိုများပါတယ်။အသားဖြူတဲ့သူတွေဟာ အသက် ၃၀လောက်ရောက်လာရင်ကို ဆံပင်စဖြူလာပါတော့တယ်။

    ရွယ်တူတွေထဲမှာ ကိုယ်ကပဲ ဘာလို့ ဆံပင်တွေဖြူနေရတာလဲ……

    ရွယ်တူတွေ ဆံပင်မဖြူခင် ဆံပင်အရင်ဖြူတာ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။

    ဗီတာမင် ချို့တဲ့မှုကြောင့်

    ခန္ဓာကိုယ်မှာ ဗီတာမင် B6၊ B12၊ ဗီတာမင် D၊ ဗီတာမင် Eတွေချို့တဲ့တာက အရွယ်မတိုင်ဆံပင်ဖြူတာကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင်တွေပြည့်ဝအောင် ဂရုစိုက်ဖို့လည်းလိုပါမယ်။

    မျိုးဗီဇ ကြောင့်

    မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတွေက ငယ်ငယ်နဲ့ဆံပင်ဖြူခဲ့တယ်ဆိုရင်တော့ ကိုယ်တိုင်ကလည်း ငယ်ငယ်နဲ့ဆံပင်ဖြူမယ်ဆိုတာ အသေအချာပါနော်။

    Oxidative stressတွေကြောင့်

    ခန္ဓာကိုယ်မှာ Oxidative Stressတွေများလာတာက ရောဂါတွေဖြစ်စေနိုင်သလို မယ်လာနင်ဆဲလ်တွေသေဆုံးမှုများပြီး အရွယ်မတိုင်ခင် ဆံပင်ဖြူတာကိုဖြစ်စေနိုင်ပါတယ်။

    သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့်

    ခန္ဓာကိုယ်မှာရောဂါတစ်ခုခုရှိတာကြောင့်ဆေးတွေသောက်သုံးနေရတာကလည်း အရွယ်မတိုင်ခင် ဆံပင်ဖြူစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။

    စိတ်ဖိစီးမှုများတဲ့ ဘဝနေထိုင်မှုပုံစံကြောင့်

    နေ့တိုင်းလိုလိုရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုတွေ။ခေါင်းစားရတဲ့ ကိစ္စတွေကလည်း သင့်ရဲ့ ဆံနွယ်လေးတွေကို အရွယ်မတိုင်ခင် အရောင်ပြောင်းသွားစေနိုင်ပါတယ်။

    ဆေးလိပ်သောက်သုံးသူတွေက အခြားသူတွေထက် အရွယ်မတိုင်ခင် ဆံပင်ဖြူနိုင်ခြေက ၂၀ ရာခိုင်နှုန်းကျော်လောက်ပိုများနေတယ်၊လို့ ၂၀၁၃ ခုနှစ်က အီတလီမှာလုပ်ဆောင်ခဲ့တဲ့လေ့လာမှုတစ်ရပ်အရသိရပါတယ်။

    ဆံပင်ဆိုးဆေးတွေနဲ့အခြားဆံသားအတွက်သုံးတဲ့ ဓါတုပစ္စည်းတွေကြောင့်

    ဆံပင်ဆိုးဆေးတွေ၊ခေါင်းလျှော်ရည်တွေ နဲ့ အခြားဆံသားအတွက်သုံးတဲ့ ဓာတုပစ္စည်းတွေကြောင့်လည်း အရွယ်မတိုင်ခင်ဆံပင်ဖြူတာတွေဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ဒီပစ္စည်းတွေထဲမှာပါတဲ့ ပါဝင်ပစ္စည်းအချို့က မယ်လာနင်တွေကို ပျက်စီးစေတာကြောင့်ပါ။

    ဘယ်လိုကာကွယ်ကြမလဲ……….

    အရွယ်မတိုင်ခင် ဆံပင်မဖြူစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေက အကောင်းဆုံးကူညီပေးနိုင်မှာပါ။

    အာဟာရပြည့်ဝအောင်စားပါ

    ဆံပင်ဖြူရတဲ့အကြောင်းအရင်းထဲမှာပါဝင်နေတာတစ်ခုက ဗီတာမင် ချို့တဲ့တာကြောင့်ဆိုတော့ ဗီတာမင် ချို့တဲ့မှုမဖြစ်စေဖို့နေ့စဉ်စားသုံတဲ့အစားအစာတွေထဲမှာ ဗီတာမင် B12၊ ဗီတာမင် D၊ ဗီတာမင် E၊ ဗီတာမင် A၊ ဗီတာမင် C၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊သံဓာတ်၊ကော့ပါးတို့ပါဝင်အောင်စားသုံးပေးပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ လက်ဖက်စိမ်းရေနွေးကြမ်း၊ သံလွင်ဆီ၊ ငါး၊ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးနဲ့ ပဲအမျိုးမျိုးတို့ စားသုံးပေးလို့ရပါတယ်။

    နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက ဆံပင်ဖြူစေနိုင်တဲ့ အချက်တွေထဲကတစ်ခုပါ။ ဒါကြောင့်နေပူထဲထွက်တော့မယ်ဆိုရင် ဦးထုပ်ဆောင်းတာ၊ ထီးဆောင်းတာမျိုးတွေလုပ်ပေးပါ။နေရောင်နဲ့ဆံသားကို တိုက်ရိုက်ထိတွေ့စေနိုင်တဲ့ အခြေအနေမျိုးကို တတ်နိုင်သမျှရှောင်ပါ။

    ဆေးလိပ်ဖြတ်ပါ

    ဆေးလိပ်သောက်သုံးမှုကလည်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိခိုက်စေသလို ဆံသားတွေကိုလည်း အရွယ်မတိုင်ခင် အရောင်ပြောင်းသွားစေနိုင်ပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင်ဆေးလိပ်ဖြတ်ဖို့ အကြံပြူချင်ပါတယ်။

    သဘာဝပစ္စည်းတွေကိုပဲ အသုံးပြုပါ

    ဆံသားအတွက်အသုံးပြုတဲ့ ပစ္စည်းတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက ဆံသားတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဆံသားတွေ ထိခိုက်ပျက်စီးမှုကင်းစေဖို့ ဆံပင်ကို သဘာဝခေါင်းလျှော်ရည်ဖြစ်တဲ့ တရော်ကင်ပွန်းသီးတို့လိုမျိုး၊ ပန်းသီးရှာလကာရည်တို့လိုမျိုးကိုပဲသုံးပြီး လျှော်စေချင်ပါတယ်။

    ကဲ…… အရွယ်မတိုင်ခင်ဆံပင်ဖြူတာကိုဖြစ်စေတဲ့အကြောင်းအရင်းလေးတွေ၊ လိုက်နာရမှာလေးတွေကို သိနေပြီဆိုတော့ အခုပဲ အကောင်အထည်ဖော်လိုက်တော့နော်……..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement