ဗောက်သီးလို့ ဆိုလိုက်ရင် အခွံလေးတွေကို ခွာလိုက်ပြီး အထဲမှာ ရွှေဝါရောင်သန်းနေတဲ့ ချစ်စရာကောင်းတဲ့ အသီးလေးတွေကို ပြေးမြင်ပြီးသား ဖြစ်မယ် ထင်ပါတယ်။ ဗောက်သီးက ခရမ်းချဉ်သီးနဲ့ အရသာ ခပ်ဆင်ဆင် ဆိုပေမယ့် ခရမ်းချဉ်သီးထက် အချိုကဲပြီး ပိုစားကောင်းတာတော့ အသေအချာပါ။
ဗောက်သီးလေးက စားလို့ကောင်းတာကြောင့် အချိုတည်းစရာအနေနဲ့ စားကြတာ များပါတယ်။ ဗောက်သီးက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသလို အသားအရေကိုလည်း အကျိုးပြုပေးပါတယ်။ ဒါကြောင့် ဗောက်သီး ကြိုက်တဲ့သူလေးတွေ ဗောက်သီး စားရင်း ဘယ်လို အသားအရေ လှပမှုကို ရရှိစေနိုင်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား……
ဗောက်သီး ဆိုတာ
ဗောက်သီး ဆိုတာက သေးငယ်ပြီး ရွှေဝါရောင် သန်းနေတဲ့ ဘယ်ရီသီးလေးတွေပါ။ တစ်လုံးချင်းစီကို အပေါ်က အခွံလေးတွေနဲ့ ကာရံထားပါတယ်။ အပင်က အရမ်းမကြီးပါဘူး။ အရွက်လေးတွေကက အစိမ်းရောင် နုနုလေးတွေကနေ အစိမ်းရောင်ရင့်ရင့်လေးတွေအထိ ဖြစ်နိုင်ပါတယ်။ အသီးလေးတွေက တော့ ဘောလုံးလေးလို လေဖောင်းဖောင်းလေးထဲမှာ သီးတာပါ။ အပေါ်ခွံလေးတွေက နုစမှာ စိမ်းပြီး အထဲက အသီးလေးတွေကလည်း စိမ်းပါတယ်။
မှည့်လာမှ အထဲက အသီးလေးက ရွှေဝါရောင် သန်းလာပြီး အပြင်ခွံလေးက အဝါဖျော့ရောင်လေးဖြစ်လို့ ခွာရလွယ်လာပါတယ်။ ဗောက်သီးတွေက တောင်အမေရိကဒေသမှာ ပေါက်ရောက်လေ့ရှိပြီး ကိုလံဘီယာ၊ အီကွေဒေါ နဲ့ ပီရူးတို့မှာ ပေါက်ရောက်တတ်ပါတယ်။
ဗောက်သီးမှာ ဘာတွေပါလဲ
ဗောက်သီးမှာ အသားအရေအတွက်ရော ခန္ဓာကိုယ်အတွက်ပါ အကျိုးပြုတဲ့
- ဗီတာမင် A
- ဗီတာမင် B1
- ဗီတာမင် B3
- ဗီတာမင် C
- ကယ်လ်ဆီယမ်
- သံဓာတ်
- Phosphorus တို့ ပါဝင်နေပါတယ်။
ဗောက်သီး စားတာ အသားအရေ လှစေသလား
ဗောက်သီးစားတာ အသားအရေ လှစေသလားဆိုတော့ လှစေပါတယ်။ ဗောက်သီးစားရင်း ဘယ်လိုမျိုး အသားအရေ လှပမှုတွေ ရရှိမှာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ရအောင်နော်။
အသားအရေ ကျန်းမာစေတယ်
ဗောက်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် အသားအရေကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဗောက်သီးမှာ ပန်းဂေါ်ဖီစိမ်း၊ ပန်းသီး၊ သလဲသီး၊ Goji ဘယ်ရီသီးတွေထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပိုမို ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့်မို့ အသားအရေတွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။
အရေးအကြောင်းတွေ သက်သာစေတယ်
ဗောက်သီးမှာ ဗီတာမင် A ပါဝင်နေတာကြောင့် အရေးအကြောင်းဖြစ်တာ၊ အသားအရေတွန့်တာတွေကို သက်သာစေနိုင်သလို အရေပြားပေါ်က တင်းတိပ်တွေ၊ အမဲစက်တွေကို သက်သာစေနိုင်ပါတယ်။
အသားအရေကို ချောမွေ့စေပြီး အနာအဆာ ကင်းစေမှာပါ။ ဒါ့အပြင် ဗီတာမင် A က အမြင်အာရုံ ကျန်းမာစေနိုင်ပါတယ်။
အစိုဓာတ် ထိန်းပေးတယ်
ဗောက်သီးမှာ ဗီတာမင် B3 ပါဝင်နေတာကြောင့် အရေပြားကို နူးညံ့စေပြီး အသားအရေကု အာဟာရဖြည့်ပေးသလို အစိုဓာတ်ကိုလည်း ထိန်းပေးပါတယ်။ အရေပြား နီမြန်းတာတွေကို သက်သာစေနိုင်ပြီး အရေပြားအပေါ်ယံလွှာကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး အရေပြား ခြောက်သွေ့တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
အသားအရေ တင်းရင်းစေတယ်
ဗောက်သီးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကော်လာဂျင် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး အသားအရေကို တင်းရင်း ကျန်းမာစေပါတယ်။ အရေပြားကို နုပျိုစေပြီး ဝက်ခြံ နဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေပါတယ်။ အသားအရေ ကြည်လင်လှပစေဖို့လည်း ထောက်ကူပေးပါတယ်။
အသက်အရွယ်ကြောင့် ဖြစ်တဲ့ အရေပြားပေါ်က အစက်အပြောက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။
ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေတယ်
ဗောက်သီးမှာ ပါဝင်နေတဲ့ အသားအရေကို ထောက်ပံ့ပေးနိုင်တဲ့ နောက်ထပ် အာဟာရတစ်ရပ်ကတော့ ကယ်လ်ဆီယမ်ပါ။ ကယ်လ်ဆီယမ်ကို အရိုး နဲ့ သွားတွေအတွက်ပဲ လိုအပ်တာလို့ အများက သိထားကြပေမယ့် ကယ်လ်ဆီယမ်က အရေပြားကို ရေဓာတ်ဖြည့်ပေးပြီး အဆီ ထွက်ရှိမှုကို ထိန်းပေးပါတယ်။
နောက်တစ်ချက်က အရေပြားဆဲလ် အဟောင်းတွေကို ဖယ်ရှားပေးပြီး ဆဲလ်သစ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးနိုင်တာပါ။ ဒါကြောင့် ဗောက်သီး စားပေးတာက အရေပြား ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေပြီး အသားအရေကို ကျန်းမာစေမှာပါ။ အရေပြားကိုလည်း ရေဓာတ်ဖြည့်ပေးပါသေးတယ်။
ဗောက်သီး စားတာ အသားအရေ လှစေသလား …….. ဆိုတဲ့ အဖြေကို ရလောက်ပြီ ထင်ပါတယ်။
[embed-health-tool-bmi]