backup og meta

အိမ်ထောင်ရေးသုခ ပြည့်ဝစေဖို့ နည်းလမ်းကောင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်ထောင်ရေးသုခ ပြည့်ဝစေဖို့ နည်းလမ်းကောင်းများ

    ကိုယ့်ချစ်သူနဲ့တွဲလာတာ ရက်ပေါင်း ၃၀ မကလို့ နှစ်ပေါင်း ၃၀ ပဲဖြစ်နေပါစေ၊ ချစ်ခြင်းမေတ္တာနဲ့ ကာမကိစ္စမှာ ရိုးမသွားဖို့ဆိုတာ အရေးကြီးပါတယ်။ အိမ်ထောင်ရေးသုခ ပြည့်ဝတဲ့စုံတွဲတွေဟာ တခြားစုံတွဲတွေထက် တစ်ယောက်အပေါ်တစ်ယောက် ပိုပြီးသံယောဇဉ်တွယ်ကာ နားလည်မှု၊ ချစ်ခြင်းမေတ္တာ ပိုပေးနိုင်သလို ဘဝမှာလည်း အောင်မြင်မှုပိုရနိုင်တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ အဲ့တော့ ချစ်ကာစအချိန်မှာ စုံတွဲတွေက လိင်ဆက်ဆံဖို့အတွက်ကို အချိန်ပေးသလောက် အိမ်ထောင်သက်တမ်းကြာလာတာနဲ့အမျှ ဒီလိင်စိတ်ဆန္ဒတွေ ပျောက်ကွယ်မသွားစေဖို့ ထိန်းသိမ်းရမှာကတော့ စုံတွဲနှစ်ဦးလုံးမှာ တာဝန်ရှိပါတယ်။ ဒီတော့ အိမ်ထောင်ရေးသုခ ပြည့်ဝစေဖို့ နည်းလမ်းကောင်းများ က ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။

    ဒီနေ့ဆောင်းပါးမှာတော့ အိမ်ထောင်ပြုကတည်းက ကာမသုခ အပြည့်အဝမရဘူးဆိုတဲ့ စုံတွဲတွေ၊ ညားကာစမှာတော့ အကောင်း အချိန်ကြာလာတော့မှ တစ်ယောက်အပေါ် တစ်ယောက်စိတ်မပါတော့သလို ဖြစ်နေတယ်ဆိုတဲ့ စုံတွဲတွေအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ပြီး လိင်ကျန်းမာရေး ဗဟုသုတတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။

    အိမ်ထောင်ရေးသုခ ပြည့်ဝစေဖို့ နည်းလမ်းကောင်းများ

    အိမ်ထောင်ရေးသုခ ပြည့်ဝစေဖို့ နည်းလမ်းကောင်းများ ကတော့

    ၁။ တစ်ယောက်မှာရှိတဲ့ ပြဿနာတွေကို ရင်ဖွင့်တိုင်ပင်ပါ။

    လူတော်တော်များများ လုပ်တတ်ကြတဲ့ အမှားက ကိုယ့်မှာပြဿနာတစ်ခုခုရှိလာပြီဆိုရင် ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ တိတ်တိတ်လေးကြိတ်ပြီး မျိုသိပ်လိုက်တာ၊ ဖုံးကွယ်လိုက်တာ၊ ခံစားနေတာမျိုးပါ။ ကိုယ်ချစ်လို့ တစ်ဘဝလုံးစာလက်တွဲဖို့ ယူထားတဲ့သူတစ်ယောက်ကို ကိုယ့်မှာ ရှိတဲ့ပြဿနာတွေမပြောလို့ ဘယ်သူက လာပြောမလဲ ပြန်စဉ်းစားကြည့်ပါ။ လိင်မှုကိစ္စမှာဆိုလည်း ဒီလိုပါပဲ။

    အမျိုးသားတွေမှာ သုက်လွှတ်မြန်နေသလား၊ အရွယ်သေးနေသလို ခံစားနေရလား၊ ကာမစွမ်းဆောင်ရည်မှာ စိတ်ကျေနပ်စရာကောင်းရဲ့လား၊ ကောင်းကောင်းထောင်မတ်နိုင်သေးလား စတာတွေကို ပြောပြလို့ရသလို အမျိုးသမီးတွေမှာလည်း ဘယ်လိုအနေအထားမျိုးက ကိုယ့်အတွက် အဆင်မပြေဘူးလဲ၊ ဘယ်အနေအထားကတော့ ကိုယ်တိုင်ပြီးမြောက်ဖို့လွယ်ကူလဲ၊ နာကျင်မှုတွေ ခံစားနေဆဲလား၊ လိင်စိတ်ဆန္ဒနည်းနေသလား စတဲ့ ပြဿနာတွေကို ရင်ဖွင့်လို့ရပါတယ်။ တစ်ယောက်မှာရှိတဲ့ အခက်အခဲတွေကို ဖွင့်ပြောပါမှ ပြဿနာကို ရှောင်ပြေးတာထက် နှစ်ဦးသားအတူရင်ဆိုင်ပြီး ဖြေရှင်းလို့ရမှာပါ။

    ၂။ ပွင့်ပွင့်လင်းလင်းရှိပါ။

    စိတ်ထဲ ဘာဖြစ်ချင်လဲ၊ ဘာကြိုက်လဲ၊ ဘာမကြိုက်ဘူးလဲ ပွင့်ပွင့်လင်းလင်း ပြောပါ။ လင်ရယ်၊ မယားရယ် အထမြောက်ပြီးလို့ အတူတောင်အိပ်ပြီးနေပြီကို ဒီနေရာမှာ ရှက်နေတော့ ဘာထူးမှာမို့လို့လဲနော်။ တစ်ခုခုဆိုရင် ရှက်နေရတာ၊ ကြောက်နေရတာ၊ ပြောလိုက်လို့ စိတ်ဆိုးသွားမလားဆိုတဲ့ အတွေးတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ စိတ်ထဲရှိတဲ့အတိုင်းကို ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။ မြုံစိမြုံစိ လုပ်မနေပါနဲ့။ စိတ်ထဲမကျေနပ်တာ၊ စိတ်အလိုမကျတာ ရှိရင်လည်း ထုတ်ပြောပါ။

    ၃။ ကိုယ့်လက်နဲ့ အာသာဖြေတယ်ဆိုတာ မှားယွင်းတဲ့အလုပ်မဟုတ်ပါ။

    တချို့တွေယူဆထားကြတဲ့အလွဲတစ်ခုကတော့ အိမ်ထောင်ပြုပြီးသွားပြီဆိုရင် ကိုယ့်လက်နဲ့ကိုယ် အာသာမဖြေသင့်တော့ဘူးဆိုတဲ့ ကိစ္စပါ။ တကယ်က ဘာမှမဆိုင်ပါဘူး။ လူပျိုလူလွတ်ဘဝမှာဖြစ်ဖြစ်၊ အိမ်ထောင်ရှင်ဘဝရောက်နေပြီဖြစ်စေ လက်နဲ့ အာသာဖြေတယ်ဆိုတာ ပုံမှန်ကိစ္စတစ်ခုပါပဲ။ အထူးသဖြင့် သုက်လွှတ်မြန်တတ်တဲ့ ပုရိသတွေအတွက်ဆိုရင် လိင်ဆက်ဆံခြင်းမပြုခင် ၂နာရီလောက်ခြားပြီး အာသာဖြေထားတဲ့အခါ သုက်လွှတ်မမြန်စေဖို့ ပိုထိန်းနိုင်ပါတယ်။ အမျိုးသမီးတွေဆိုရင်လည်း ကိုယ့်ရဲ့ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေကို ပွတ်သပ်ပေးခြင်းဖြင့် ဘယ်နေရာက ခံစားသိရှိနိုင်မှုပိုကောင်းလဲ၊ ဘယ်နေရာကတော့ ကိုယ့်အတွက် ဆန္ဒပြီးမြောက်မှုကို ဖြစ်ပေါ်စေနိုင်လဲဆိုတာ လေ့လာလု့ိရပါတယ်။

    ၄။ ထိုးသွင်းဆက်ဆံဖို့ မလောပါနဲ့။

    လိင်ဆက်ဆံတယ်ဆိုတာ ထိုးသွင်းဆက်ဆံလိုက်ရုံ၊ လိင်စိတ်ဆန္ဒအထွတ်အထိပ်ရောက်ရုံနဲ့ ပြီးသွားတာမဟုတ်ပါဘူး။ ကိုယ့်အတွက်ရော၊ ကိုယ့်ရဲ့ အိမ်ထောင်ဖက်အတွက်ကိုပါ လိင်ဆက်ဆံတဲ့အခါ သာယာမှု၊ ခံစားမှုရသမျိုးစုံကို ပေးစွမ်းနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် တစ်ခုခုဆို အတင်းထိုးသွင်းဆက်ဆံတာမျိုး မလုပ်ပါနဲ့။ ပွေ့ဖက်နမ်းရှုံ့တာ၊ အသားကို ယုယုယယထိတွေ့တာ၊ ပါးစပ်၊ လျှာနဲ့ ကိုယ်ခန္ဓာအနှံ့ နှိုးဆွပေးတာ၊ လက် သို့မဟုတ် လိင်အာသာဖြေအရုပ်တွေ အသုံးပြုတာမျိုး လုပ်ပေးလို့ရပါတယ်။

    ၅။ အနံ့ဆိုးကင်းပြီး သန့်ရှင်းနေဖို့ ဂရုစိုက်ပါ။

    ဘယ်လောက်ပဲ ချစ်လို့ယူထားတာဖြစ်ပါစေ၊ တစ်ကိုယ်ရေသန့်ရှင်းမှုကိုတော့ မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့် လိင်ဆက်ဆံခြင်းပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ တစ်နေ့ကို ရေနှစ်ကြိမ်လောက် ချိုးပေးပါ။ လိင်အင်္ဂါ၊ ပေါင်ခြံ၊ တင်ပါးနေရာတွေကို ရေချိုးပြီးတိုင်း ရေခြောက်အောင် သုတ်ပါ။ ချွေးနံ့၊ အညှီနံ့အရမ်းမပြင်းစေဖို့ ဂရုစိုက်ပါ။ ကိုယ်သင်းရနံ့လေး မွှေးနေတဲ့အခါ ပင်ပန်းနေတဲ့ကိုယ့်အိမ်ထောင်ဖက်တောင် လိင်ဆက်ဆံဖို့ စိတ်အားထက်သန်လာမှာပါ။ ဒါ့အပြင် ပါးစပ်နဲ့ လိင်ဆက်ဆံနှိုးဆွတဲ့အခါမှာလည်း အနံ့ဆိုးကင်းပြီး သန့်ရှင်းနေမှုဟာ လွန်စွာအရေးပါပါတယ်။

    ၆။ ကိုယ်ပြီး ပြီးရော မလုပ်ပါနဲ့။

    ဒါကတော့ ယောက်ျားအများစု လုပ်တတ်ကြတဲ့ ကိစ္စပါ။ ကိုယ်က ဆန္ဒပြီးသွားလို့ သုက်လွှတ်ပြီးသွားပြီဆိုတာနဲ့ ကိုယ့်အမျိုးသမီးက စိတ်ပါနေသေးလား၊ သူကိုယ်တိုင်ရော လိင်စိတ်အထွတ်အထိပ်ရောက်သွားပြီလားဆိုတာ မကြည့်တော့ပါဘူး။ တချို့ဆို ချက်ချင်းထပြီး ရေသွားဆေးတာ၊ ဟိုဘက်လှည့်ပြီး အိပ်လိုက်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူတွေလုပ်တတ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်အိမ်ထောင်ရေးကို ပျက်စီးစေဖို့ အဓိကတရားခံဖြစ်လာနိုင်ပါတယ်။ ကိုယ်က မြန်မြန်ပြီးတတ်တယ်၊ ကိုယ့်ချစ်သူက နည်းနည်းကြာတယ်ဆိုရင် ထိုးသွင်းဆက်ဆံဖို့ကို အလျင်မလိုပါနဲ့၊ သူပြီးစေဖို့ ကိုယ့်ဘက်ကလုပ်ပေးလို့ရမယ့် အရာလေးတွေ လုပ်ပေးပါ။

    ၇။ နေ့တိုင်းလိင်ဆက်ဆံဖို့ မလိုပါဘူး။

    အိမ်ထောင်ရေးသုခပြည့်ဝဖို့ လိင်ဆက်ဆံတဲ့အကြိမ်ရေက အဓိကမကျပါဘူး။ နှစ်ဦးလုံး လိင်ဆက်ဆံပြီးနောက် ကာမသုခ အပြည့်အဝခံစားရဖို့၊ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှဖို့၊ နားလည်မှုရှိဖို့၊ ဂရုစိုက်တတ်ဖို့၊ ဒီအရာတွေကသာ အဓိကကျတာပါ။ အထူးသဖြင့် အလုပ်အရမ်းများတဲ့ စုံတွဲတွေဆိုရင် လိင်ဆက်ဆံဖို့နဲ့ ရာသီလာတဲ့ရက်တွေကို သေချာတွက်ပြီး အစီအစဉ်လုပ်ထားသင့်ပါတယ်။ ဒါဆို ကိုယ့်ဘက်က ပြင်ဆင်စရာရှိတာတွေ ကြိုတင်ပြင်ဆင်လို့ ပိုအဆင်ပြေတာပေါ့။

    အိမ်ထောင်ရေးသုခ ပြည့်ဝတဲ့ စုံတွဲတွေမှာ ဘာအကျိုးကျေးဇူးတွေရနိုင်လဲ။

    ၁။ အသက်ကြီးလာလို့ လိင်စိတ်ဆန္ဒနည်းသွားတာမျိုး မရှိဘဲ တက်တက်ကြွကြွ ဖြစ်နေမယ်

    ၂။ ချစ်ခြင်းမေတ္တာတွေ တိုးပွားပြီး အိမ်ထောင်ရေးခိုင်မြဲမယ်။

    ၃။ စိတ်ဖိစီးမှု၊ စိတ်ညစ်စရာတွေကို လျော့ကျစေနိုင်တယ်။

    ၄။ နှလုံးကျန်းမာရေးကောင်းစေသလို လေ့ကျင့်ခန်းကဲ့သို့ ချွေးလည်းထွက်စေတဲ့အတွက် သွေးလည်ပတ်မှုကောင်းစေတယ်။

    ၅။ အမျိုးသားတွေမှာဆိုရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။

    ဒါကြောင့် ခုပြောပြခဲ့တဲ့အချက်တွေကို သေချာလိုက်နာပြီး ကိုယ့်ရဲ့လိင်မှုဘဝကို ပြန်လည်တည်ဆောက်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။ အားလုံးပဲ ဆန္ဒနဲ့ ဘဝတစ်ထပ်တည်းကျပြီး သာယာတဲ့မိသားစုဘဝ ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement