backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အမျိုးသမီးတွေ ဘယ်လိုအချိန်မျိုးမှာ လိင်ခံစားမှုအထွတ်အထိပ်ရောက် ကြသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အမျိုးသမီးတွေ ဘယ်လိုအချိန်မျိုးမှာ လိင်ခံစားမှုအထွတ်အထိပ်ရောက် ကြသလဲ

လေ့လာချက်တွေအရတော့ အမျိုးသမီးတွေက လိင်ဆက်ဆံချိန် ဘယ်လိုပုံစံမျိုးကို ကြိုက်နှစ်သက်သလဲဆိုတာနဲ့ အမျိုးသမီးတွေ ဘယ်လိုအချိန်မျိုးမှာ လိင်ခံစားမှုအထွတ်အထိပ်ရောက် ကြသလဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူးလို့ ဆိုထားပါတယ်။ အမျိုးသမီးတွေ လိင်ခံစားမှုအထွတ်အထိပ်ရောက် ခြင်းအတွက် မိမိကိုယ်ကိုအမြင်ရယ်၊ အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံချိန် ပွင့်လင်းစွာ စကားပြောဆက်သွယ်ခြင်းရယ်က အရေးပါနေပါတယ်။

အမျိုးသမီးများနဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်း

လိင်ခံစားမှုမှာ အထွတ်အထိပ်ရောက်ဖို့ဆိုတာ လိင်ဆက်ဆံခြင်းရဲ့ အဓိက ပန်းတိုင်တစ်ခုပါ။ ဒါပေမဲ့ အမျိုးသမီးအများစုဟာ သူတို့ရဲ့ အသက် ၂၀ ကနေ ၃၀ နှစ်အထိ အချိန်ကာလတွေမှာ လိင်ဆက်ဆံချိန်မှာ အထွတ်အထိပ်ရောက်ခြင်းကို မခံစားရပါဘူး။

ကနေဒါနိုင်ငံ Université du Québec à Montréal (UQAM) လိင်မှုဗေဒဌာနမှ ဒေါက်တာ Léa J. Séguin ဟာ အမျိုးသမီးတွေ လိင်ခံစားမှုအထွတ်အထိပ်ရောက်ခြင်းကို မျက်မှောက်ခေတ် အပြာရုပ်ရှင်လောကတွေမှာ ဘယ်လိုပုံဖော်ကြလဲဆိုတာ လေ့လာခဲ့ပါတယ်။

မျက်မှောက်ခေတ်နာမည်ကြီး အပြာရုပ်ရှင် ၅၀ ခန့်ကို လေ့လာခဲ့ရာမှာတော့ ဒီဇာတ်ကားတွေထဲမှာ ၁၈.၃ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ လိင်ခံစားမှု အထွတ်အထိပ်ရောက်ကြောင်း သရုပ်ဖော်ထားတာကိုတွေ့ရပြီး အမျိုးသမီး လိင်အင်္ဂါအစေ့ (Clitoris) ကို လှုံ့ဆော်ခြင်းကြောင့် လိင်ခံစားမှုအထွတ်အထိပ်ရောက် တယ်လို့ဖော်ပြထားတာ ၂၅ ရာခိုင်နှုန်းသာရှိကြောင်း ဆိုထားပါတယ်။ ဒါဟာ မျက်မှောက်ခေတ် အပြာရုပ်ရှင်ကားများက အမျိုးသမီးတွေ လိင်ခံစားမှုအထွတ်အထိပ်ရောက် ခြင်းကို လွဲမှားစွာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

လတ်တလော စစ်တမ်းများအရ အမေရိကန်နိုင်ငံမှာ ၅၃ ရာခိုင်နှုန်းသော အမျိုးသားများက အပြာရုပ်ရှင်ကားများကို ကြည့်ကြပြီး အမျိုးသမီး ၂၅ ရာခိုင်နှုန်းကသာ အပြာကားများကို ကြည့်ကြကြောင်းသိရပါတယ်။

လူမှုစံနှုန်းတွေနဲ့ သိပ္ပံပညာအရ နည်းစနစ် မမှန်တဲ့ အပြာရုပ်ရှင်ကားများကြောင့် အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို လူတွေ လွဲမှားစွာ နားလည်ထားကြပါတယ်။

ဒါဆိုရင် သိပ္ပံပညာကရော အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ထားလဲ။ ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် အမျိုသမီး လိင်အင်္ဂါအစေ့ (clitoris) ရဲ့ အခန်းကဏ္ဍက ဘယ်လောက်ပါဝင်သလဲ၊ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာစိတ်ကျေနပ်မှုရဖို့အတွက် ဘာတွေ လိုချင်ကြသလဲဆိုတာ ဒီဆောင်းပါးထဲမှာ တစ်ချက်ကြည့်လိုက်ရအောင်။

အမျိုးသမီးတွေ ဘယ်လိုအချိန်မျိုးမှာ လိင်ခံစားမှုအထွတ်အထိပ်ရောက် ကြသလဲ

ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီ (Helsinki) မြို့ Population Research Institute တက္ကသိုလ်မှ ပါမောက္ခ Prof. Osmo Kontula ရဲ့ လေ့လာချက်တစ်ခုထဲမှာ ဖင်လန်နိုင်ငံမှ အမျိုးသမီး ၈၀၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး ဒီလေ့လာချက်အရတော့ အသက် ၃၅ နှစ်အောက် အမျိုးသမီး အများစုကတော့ သူတို့ရဲ့ ပထမဆုံး လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို တစ်ကိုယ်ရည်အာသာ ဖြေခြင်းမှ ရခဲ့တာ ဖြစ်ပြီး ဒီလို လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းဟာ အသက် ၁၀ နှစ်ဝန်းကျင်၊ ၁၀ နှစ်နဲ့ ၁၃ နှစ်အောက် အရွယ်တွေမှာ ဖြစ်ခဲ့တာလို့ဆိုပါတယ်။

ဖင်လန်နိုင်ငံမှာ ပထမဆုံးအကြိမ် လိင်ဆက်ဆံကြတဲ့ အမျိုးသမီးများရဲ့ ပျှမ်းမျှ အသက်အရွယ်ဟာ ၁၇ နှစ်ဖြစ်ပြီး အများစုကတော့ ပထမဆုံး လိင်ဆက်ဆံတဲ့ အချိန်မှာ လိင်ခံစားမှု အထွတ်အထိပ် မရောက်ခဲ့ကြဘူးလို့ဆိုပါတယ်။ ဒါ့အပြင် အမျိုးသမီး ၈၀၀၀ အနက် လေးပုံတစ်ပုံကသာ အမျိုးသားအဖော်နဲ့ ပထမဆုံး တစ်နှစ်အတွင်း လိင်ဆက်ဆံရာမှာ ၁ ကြိမ်သာ လိင်ခံစားမှုအထွတ်အထိပ်ရောက် ခဲ့တယ် လို့ဆိုခဲ့ကြပါတယ်။ ဒီစစ်တမ်းတစ်ခုနဲ့ ကောက်ချက်တစ်ခုကို အပြီးပြတ်ချလို့မရနိုင်ပေမယ့် အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့ဆိုတာ အမျိုးသားတွေထက် ပိုခက်ခဲတဲ့ အရာဆိုတာကတော့ သေချာပါတယ်။

ပါမောက္ခ Prof. Osmo Kontula ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့လေ့လာချက်မှာတော့ လိင်ဆက်ဆံကြတဲ့ အမျိုးသမီးများအနက် ၆ ရာခိုင်နှုန်းက လိင်ဆက်ဆံချိန်တိုင်း အမြဲတမ်း လိင်ခံစားမှု အထွတ်အထိပ် ရောက်တယ်လို့ဆိုခဲ့ပြီး ၄၀ ရာခိုင်နှုန်းသော အမျိုးသမီးများကတော့ လိင်ဆက်ဆံချိန်တိုင်းလိုလို လိင်ခံစားမှု အထွတ်အထိပ်ရောက်ကြတယ် လို့ဆိုပါတယ်။

၁၆ ရာခိုင်နှုန်းသော အမျိုးသမီးများကတော့ လိင်ဆက်ဆံချိန် အများစုတိုင်းမှာ ခံစားမှု အထွတ်အထိပ်ရောက်ကြတယ်လို့ဆိုပါတယ်။ ၃၈ ရာခိုင်နှုန်းသော အမျိုးသမီးများကတော့ လိင်ဆက်ဆံချိန်တိုင်း ခံစားမှုအထွတ်အထိပ်မရောက်ဘဲ တစ်ခါတစ်ရံမှ ခံစားမှု အထိပ်အထွတ်ရောက်တယ်လို့ဆိုခဲ့ပြီး အသက် ၃၅ နှစ်အောက် အမျိုးသမီး ၁၄ ရာခိုင်နှုန်းကတော့ အမျိုးသားအဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံချိန်တိုင်း တစ်ခါမှ လိင်ခံစားမှု အထွတ်အထိပ် မရောက်ကြကြောင်း ဖွင့်ဟခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်ကတည်းက လိင်ဆက်ဆံရင်း ခံစားမှု အထွတ်အထိပ်ရောက်တဲ့ အမျိုးသမီး အရေအတွက်ဟာ ၅၆ ရာခိုင်နှုန်းမှ ၄၆ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပါတယ်။

ဒါ့ကြောင့် အမျိုးသမီးတွေ လိင်ခံစားမှုအထွတ်အထိပ်ရောက် ဖို့အတွက် ဘာလိုအပ်သလဲဆိုတာနဲ့ ဘာကြောင့် ခံစားမှု အထွတ်အထိပ်မရောက်တာလဲဆိုတာ ပါမောက္ခ Prof. Osmo Kontula လေ့လာခဲ့ရာမှာတော့ “ အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်စေဖို့ သော့ချက်တစ်ခုကတော့ စိတ်ခံစားချက်နဲ့ ရင်းနှီးစွာ ပေါင်းသင်းမှုတို့ ဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။

ဒီအချက်တွေထဲမှာ လိင်ဆန္ဒ ဘယ်လောက်ပြင်းပြသလဲဆိုတဲ့ အချက်ရယ်၊ လိင်ပိုင်းဆိုင်ရာ ယုံကြည်ချက်ရယ်၊ အဖော်ဖြစ်သူနဲ့ ဘယ်လောက် ပွင့်လင်းစွာ စကားပြောဆက်သွယ်နိုင်သလဲဆိုတဲ့ အချက် ၃ ချက်က လိင်ခံစားမှုအထွတ်အထိပ်ရောက် ဖို့အတွက် အရေးကြီးပါတယ်။ ” လို့ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာယုံကြည်ချက်တော့ အိပ်ရာထဲမှာ အမျိုးသမီးတွေ ဘယ်လောက် တတ်ကျွမ်းကြောင်း ယုံကြည်ချက်ကိုဆိုလိုတာဖြစ်ပြီး လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် တခြားလိုအပ်တာတွေကတော့ လိင်ဆက်ဆံမှုကို ဘယ်လောက်အာရုံစိုက်ထားနိုင်သလဲဆိုတာရယ်၊ နှစ်ဦးသား မြေစမ်းခရမ်းပျိုးအဆင့်များကို ကောင်းမွန်စွာ ဖြတ်ကျော်ခဲ့မှုနဲ့ အဖော်ဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတို့လည်းပါဝင်ပါသေးတယ်။

အိမ်ထောင်ရှိတဲ့ အမျိုးသမီး ၅၀ ရာခိုင်နှုန်းကျော်က လိင်ဆက်ဆံချိန်မှာ လိင်ခံစားမှု အထွတ်အထိပ်ရောက်ကြကြောင်း ပြောဆိုခဲ့ကြပြီး အဖော်မရှိတဲ့အမျိုးသမီး ၄၀ ရာခိုင်နှုန်းက တစ်ကိုယ်ရည်အာသာဖြည်ရာမှ လိင်ခံစားမှု အထွတ်အထိပ်ရောက်ကြကြောင်းဆိုခဲ့ကြပါတယ်။

ဒါဟာ အမျိုးသမီးတွေဟာ တစ်ယောက်နဲ့ တစ်ယောက်ကြိုက်နှစ်သက်တဲ့ ပုံစံခြင်း မတူကြောင်းပြနေပြီး အဖော်နဲ့ပဲ ဖြစ်ဖြစ်၊ တစ်ကိုယ်ရည်အာသာဖြေတာပဲ ဖြစ်ဖြစ် လိင်ခံစားမှု အထွတ်အထိပ်ရောက်နိုင်ကြောင်း ပြသနေတာပါ။

လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို အဓိက တားမြစ်ထားတဲ့ အရာတွေကတော့ “ ပင်ပန်းခြင်း၊ စိတ်ဖိအား ခံစားနေရခြင်း “ နဲ့ “ အာရုံစူးစိုက်နိုင်စွမ်း နည်းခြင်း ” တို့ဖြစ်ကြပါတယ်။

ပါမောက္ခ Prof. Osmo Kontula ကတော့ “ အလွန်အကျွံတွေးတောတဲ့အခါ လိင်ခံစားမှု အထွတ်အထိပ်မရောက်နိုင်ပါဘူး။ တွေးတောခြင်းက စိတ်ခံစားချက်ကို စတင်ဖြစ်စေတာဆိုပေမယ့် တွေးတောခြင်းရပ်သွားတဲ့အခါမှ လိင်ခံစားမှု အထွတ်အထိပ်ရောက်တာ ဖြစ်ပါတယ် ” လို့ဆိုပါတယ်။

အမျိုသမီးများ လိင်ခံစားမှုအထွတ်အထိပ်ရောက် ဖို့ စိတ်ရဲ့ အရေးကြီးပုံ

အတွေးများက လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းကို အဓိကသက်ရောက်စေနိုင်ပြီး လိင်စိတ်တက်ကြွမှု ငြိမ်းနေတဲ့ အမျိုးသမီးဟာ လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့ ခက်ခဲကြပါတယ်။ အမျိုးသမီး လိင်အင်္ဂါ အစေ့နဲ့ ရင်သားများကို လှုံဆော်ခံရခြင်းကို တွေးတဲ့အချိန်နဲ့ ကိုယ့်ဘာသာ လှုံ့ဆော်တဲ့အခါမှာ သက်ရောက်တဲ့ ဦးနှောက် အစိတ်အပိုင်းတွေက တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။

အမျိုးသမီး လိင်အင်္ဂါအစေ့ လှုံ့ဆော်ခြင်းနဲ့ ခံစားချက် အထွတ်အထိပ်ရောက်ခြင်း

ဇီဝဗေဒနဲ့ ခန္ဓာကိုယ် အင်္ဂါဖွဲ့စည်းပုံတွေကို ခဏအသာထားဦး။ အမျိုးသမီးတွေဟာ မအင်္ဂါစေ့ (Clitoris) က သူတို့အတွက် လိင်ခံစားမှုအထွတ်အထိပ်ရောက် စေနိုင်ကြောင်းကို သိကြပါတယ်။

အမေရိကန် အင်ဒီယာနာ ပြည်နယ် Bloomington မြို့ရှိ Indiana တက္ကသိုလ်မှ လေ့လာချက်အရ အမျိုးသမီး ၃၆.၆ ရာခိုင်နှုန်းဟာ Clitoris ကို လှုံ့ဆော်ပေးမှ လိင်ဆက်ဆံချိန်မှာ ခံစားမှု အထွတ်အထိပ်ရောက်ကြောင်းတွေရှိခဲ့ကြပါတယ်။ ကျန် ၃၆ ရာခိုင်နှုန်းကတော့ ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် clitoris ကို လှုံ့ဆော်ပေးစရာမလိုပေမယ့် ဒီလို လှုံ့ဆော်ပေးခြင်းက လိင်ခံစားချက်ကို မြှင့်တက်စေကြောင်းဆိုခဲ့ပြီး ကျန် ၁၈.၄ ရာခိုင်နှုန်းကတော့ အမျိုးသမီး အင်္ဂါအတွင်း လိင်ဆက်ဆံခြင်းနဲ့ တင်လုံလောက်ပြီလို့ဆိုခဲ့ပါတယ်။

ဒါ့အပြင် Clitoris ကို လှုံ့ဆော်ရာမှာလည်း အမျိုးသမီး ၃ ပုံ ၂ ပုံဟာ တိုက်ရိုက် အပေါ်အောက်ရွှေ့လျားမှုပုံစံ၊ စက်ဝိုင်းပုံစံ၊ ဘေးဘက်ရွေ့လျားတဲ့ ပုံစံတွေနဲ့ တိုက်ရိုက်လှုံ့ဆော်ပေးခြင်းကို ကြိုက်နှစ်သက်တယ်လို့ဆိုခဲ့ပြီး အမျိုးသမီး ၁၀ ယောက်မှာ ၁ ယောက်ကတော့ ကြမ်းကြမ်းတမ်းတမ်း လှုံ့ဆော်ပေးခြင်းကို ကြိုက်နှစ်သက်တယ်လို့ ဆိုထားပါတယ်။

ကျန်အမျိုးသမီးများကတော့ အားမပါတဲ့ လှုံ့ဆော်ခြင်းကိုသာ ကြိုက်နှစ်သက်ကြတယ်လို့ ဆိုခဲ့ပါတယ်။ ဒီအချက်တွေအရ သိရတဲ့အချက်ကတော့ အမျိုးသမီးတွေ လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် ပုံသေနည်းမရှိဘဲ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်အကြိုက်ချင်းကလည်း ကွဲပြားနေနိုင်ပါတယ်။

အမျိုးသမီးတွေ ဘယ်လိုအရာကို ကြိုက်နှစ်သက်ကြသလဲ။

အမေရိကန် အင်ဒီယာနာ ပြည်နယ် Bloomington မြို့ရှိ Indiana တက္ကသိုလ်မှ လိင်မှုကျန်းမာရေး စင်တာပါမောက္ခ Prof. Debby Herbenick ဟာ အမျိုးသမီး ၁၀၄၆ ယောက်နဲ့ အမျိုးသား ၉၇၅ ယောက်ပါဝင်တဲ့ အဖွဲ့ကို ဘယ်လို လိင်မှု ကိစ္စတွေကို ကြိုက်နှစ်သက်ကြသလဲဆိုတာမေးမြန်းခဲ့ပါတယ်။

ဒီစစ်တမ်းအရ အမျိုးသား၊ အမျိုးသမီးတွေ လိင်မှုကိစ္စတွေထဲမှာ အကြိုက်ဆုံးအရာတွေကတော့-

  • တိုက်ရိုက်လိင်ဆက်ဆံခြင်း – ၆၉.၉ ရာခိုင်နှုန်း
  • ပွေ့ဖက်ခြင်း – ၆၂-၈ ရာခိုင်နှုန်း
  • လိင်ဆက်ဆံချိန်မှာ နမ်းရှုပ်ခြင်း – ၄၉.၃ ရာခိုင်နှုန်း
  • လိင်ဆက်ဆံချိန် ကြည်နှုးဖွယ်ရာ စကားများပြောဆိုခြင်း – ၄၆.၆ ရာခိုင်နှုန်း
  • လိင်မဆက်ဆံခင် နင်းနှိပ်ပေးခြင်း – ၄၅.၉ ရာခိုင်နှုန်း
  • ညင်သာတဲ့ လိင်ဆက်ဆံခြင်း – ၄၅.၄ ရာခိုင်နှုန်း
  • ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ၄၃.၃ ရာခိုင်နှုန်း
  • အပြာဇာတ်ဝင်ခန်းများပါဝင်သော အချစ်ဇာတ်ကားများကို ကြည့်ခြင်း – ၄၁-၉ ရာခိုင်နှုန်း
  • အခန်းအပြင်အဆင်က လိင်စိတ်ကို နှိုးဆွနိုင်ခြင်း – ၄၁.၃ ရာခိုင်နှုန်း
  • လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိသော အတွင်းခံဝတ်ဆင်ထားခြင်း – ၄၁.၂ ရာခိုင်နှုန်း
  • မကြာခဏလိင်ဆက်ဆံခြင်း – ၄၀.၄ ရာခိုင်နှုန်း

ဒီလေ့လာချက်အရ သိရှိလာရတဲ့ အရေးကြီးဆုံးတစ်ချက်ကတော့ အမျိုးသမီးတွေ တစ်ဦးတစ်ယောက်မျှ မကြိုက်တဲ့ လိင်မှုကိစ္စလုပ်ငန်းဆိုတာ မရှိတာပါပဲ။ ဥပမာပြောရရင် အမျိုးသမီးအများစုက အပြာရုပ်ရှင်ဇာတ်ကားများနဲ့ ရာဂနှိုးဆွပေးနိုင်တဲ့ ဇာတ်ကားများကို မကြိုက်ကြပေမဲ့ ၁၁.၄ ရာခိုင်နှုန်းက ကြိုက်နှစ်သက်ကြပါသေးတယ်။

လိင်ဆက်ဆံချိန် ပွင့်လင်းမှု ရှိခြင်းဟာ အဓိကကျပါတယ်။

ဒီအချက်ဟာ အဓိကကျတဲ့အချက်မှန်း လူတိုင်း နီးပါးသိကြမှာပါ။ ပွင့်လင်းမှုမရှိတဲ့အခါ အမျိုးသမီးတွေနဲ့ လိင်ခံစားမှုအထွတ်အထိပ်ရောက် ဖို့ ပိုခက်ခဲပါတယ်။

အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ ဆန္ဒတွေ၊ ကြိုက်နှစ်သက်တဲ့ အနေအထားတွေ၊ ပြဿနာတွေကို အဖော်ဖြစ်သူနဲ့ ပွင့်လင်းစွာပြောမယ်ဆိုရင် လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့ လွယ်ကူပြီး ခံစားမှု မြင့်တက်စေနိုင်ပါတယ်။

နိဂုံးအနေနဲ့ လိင်ကိစ္စဆိုတာ ပျော်ရွှင်မှုနဲ့ တိုက်ရိုက်ဆက်နွှယ်နေတာပါ။ အဖော်ဖြစ်သူနဲ့ လိင်ပိုင်းဆိုင်ရာကြိုက်နှစ်သက်မှုတွေကို ပွင့်လင်းစွာဝေမျှနိုင်ခြင်းက လိင်ခံစားမှု ပြည့်စုံစေဖို့ အဓိက နည်းလမ်းတစ်ခုထဲမှာပါဝင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement