backup og meta

လိင်များများဆက်ဆံရင် Heart Attack ကို ကာကွယ်နိုင်မယ်


Ye Zon Aung မှ ရေးသားသည်။ · 09/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်များများဆက်ဆံရင် Heart Attack ကို ကာကွယ်နိုင်မယ်

    လိင်ဆက်ဆံတာဟာ မျိုးဆက်ပွားကျန်းမာရေးကိစ္စတစ်ခု သက်သက်မဟုတ်သလို စိတ်ဆန္ဒအာသီသဖြေဖျောက်ဖို့ ပြုမူရတဲ့ အပြုအမူတစ်ခုလို့ချည်း သတ်မှတ်ထားလို့မရတော့ပါဘူး။

    ဒီကနေ့ခေတ်မှာ သိပ္ပံနည်းကျလေ့လာမှုတွေကြောင့် လိင်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေကို ပိုပြီးသိနားလည်လာရသလို လိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးကို အကျိုးပြုနိုင်တယ်ဆိုတဲ့ သက်သေပြချက်တွေဟာလည်း အလျှိုအလျှိုထွက်ပေါ်လာနေပါပြီ။

    ဥပမာအားဖြင့်ပြောရရင် လိင်ဆက်ဆံခြင်းဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်ဆိုတာမျိုးပေါ့။ ဒါကြောင့်လည်း ကိုဗစ်ကာလမှာ လိင်ဆက်ဆံပြီး ကိုယ်ခံအားမြှင့်တင်ဖို့ တိုက်တွန်းမှုတွေလည်း ရှိလာခဲ့တာပါ။

    ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်တဲ့အချက်တစ်ခုနဲ့တင် ကင်ဆာကိုကာကွယ်နိုင်တာ၊ ကယ်လိုရီတွေကို လျှော့ချနိုင်တာ၊ စိတ်ဖိစီးမှုလျော့ကျတာနဲ့ ကောင်းမွန်စွာအိပ်စက်နိုင်တာလိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်တယ်မဟုတ်လား။

    ခုချိန်မှာလည်း နောက်ထပ်သက်သေပြချက်တွေအရ လိင်ဆက်ဆံခြင်းဟာ နှလုံးထိခိုက်မှုကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို လေ့လာချက်တွေက ဖော်ထုတ်လာခဲ့ပါတယ်။

    လိင်ဆက်ဆံမှုနဲ့ နှလုံးကျန်းမာရေး

    Heart Attack (ခေါ်) နှလုံးထိခိုက်ခြင်းဆိုတာက နှလုံးသွေးကြောထဲ သွေးလျှောက်တာ နည်းသွားပြီး နှလုံးကြွက်သားသွေးငတ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ နှလုံးကြွက်သားတွေဟာ သွေးလုံလောက်စွာ မရရင် ပျက်စီးသွားတတ်ပါတယ်။ အဲဒီလို သွေးပြတ်တောက်ချိန်မှာ ရုတ်ချည်းပြင်းထန်စွာ ဝေဒနာခံစားရတာမို့ Heart Attack လို့ ခေါ်ပါတယ်။

    နှလုံးထိခိုက်ခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပါတယ်။ ထိရောက်စွာ မကုသနိုင်ရင် နှလုံးကြွက်သားပျက်စီးပြီး အသက်ဆုံးရှုံးနိုင်တဲ့ ကျန်းမာရေးအခြေအနေတစ်ရပ် ဖြစ်ပါတယ်။

    လေ့လာချက်အသစ်တွေအရဆိုရင် လိင်ဆက်ဆံခြင်းဟာ Heart Attack ကိုလည်း ကာကွယ်တားဆီးနိုင်ပါတယ်တဲ့။ သက် ၄၀ နဲ့ ၇၀ အကြား အိမ်ထောင်သက် ၁၆ နှစ်နှင့်အထက်ရှိတဲ့လူတွေကို လေ့လာသုတေသနပြုခဲ့ရာမှာ ထူးခြားတဲ့ အချက်အလက်တွေကို သိလာရတာဖြစ်ပါတယ်။

    လေ့လာသူတွေဟာ နှလုံးကျန်းမာရေးနဲ့ လိင်အမူအကျင့်တွေအကြားက ဆက်နွယ်မှုတွေကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ လေ့လာချက်အရ လိင်များများဆက်ဆံတဲ့ အမျိုးသားတွေဟာ နှလုံးရောဂါဖြစ်နိုင်ပေါ်လာနိုင်ခြေနည်းပါးသွားကြတယ်လို့ ဆိုပါတယ်။

    အတိအကျညွှန်းဆိုရမယ်ဆိုရင် ရက်သတ္တ ၁ ပတ်တိုင်းမှာ ၂ ကြိမ်ကနေ ၃ ကြိမ်အထိ လိင်ဆက်ဆံတဲ့အမျိုးသားတွေဟာ တစ်လမှာ ၁ ကြိမ်နှုန်းသာ လိင်ဆက်ဆံတဲ့အမျိုးသားတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၄၅% အထိလျော့ကျသွားမယ်လို့ လေ့လာချက်ကဆိုထားပါတယ်။

    ယခုလေ့လာချက်မျာ လူတိုင်းရဲ့ ကျန်းမာရေးအခြေအနေ၊ သွေးဖိအား၊ နှလုံးကျန်းမာရေးနဲ့ ဆေးလိပ်သောက်သုံးခြင်းရှိမရှိတွေကိုပါ ထည့်သွင်းပြီး တွက်ချက်ထားတာဖြစ်တာကြောင့် အဖြေဟာ အတော်လေးကို တိကျတဲ့ရလဒ်မျိုးလို့ဆိုနိုင်ပါတယ်။

    လေ့လာမှုမှာပါဝင်ခဲ့တဲ့ သုတေသနမှူး ဒေါက်တာ ဂျပ်စတင် လာမီလာရဲ့ပြောဆိုချက်အရဆိုရင် လိင်ဆက်ဆံခြင်းဟာ လေ့ကျင့်ခန်းတစ်မျိုးမျိုးပြုလုပ်တာနဲ့ တူညီမှုရှိပြီးတော့ သွေးလည်ပတ်မှုအားကောင်းစေကာ၊ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေတာမို့ နှလုံးကျန်းမာရေးကို အထူးအထောက်အကူပြုတာဖြစ်ပါတယ်တဲ့။

    ပရင့်စတန်တက္ကသိုလ်ရဲ့လေ့လာချက်အရဆိုရင်လည်း လိင်ဆက်ဆံခြင်းကြောင့် ဦးနှောက်အတွင်းက Hippocampus ဆိုတဲ့အစိတ်အပိုင်းလေမှာ ဆဲလ်အသစ်တွေတိုးပွားလာစေပြီး ဒီအချက်က စိတ်ဖိစီးမှုကို လျော့နည်းစေတာဖြစ်တယ်လို့ ဆိုထားပါတယ်။

    ဒါတင်မကပါဘူး။ လေ့လာချက်တွေမှာ ဆက်လက်ဖော်ပြထားကြတာက ရက်သတ္တ ၂ ပတ်လောက် ဆက်တိုက် နေ့စဉ်လိင်ဆက်ဆံမှုဟာ သွေးမတိုးအောင်လည်း ကူညီနိုင်တယ်လို့ဆိုထားတာပါပဲ။ သွေးမတိုးခြင်းဟာလည်း နှလုံးကျန်းမာရေးကောင်းမွန်စေဖို့အတွက် အဓိကကျတဲ့ အချက်တွေထဲမှာ ပါဝင်နေပါတယ်။

    နောက်ပြီး လူတစ်ယောက်ဟာ အိပ်ယာပေါ်မှာ မိနစ် ၄၀ ကြာ လိင်မှုကိစ္စကို စွမ်းဆောင်နိုင်မယ်ဆိုရင် ကယ်လိုရီ ၂၀၀ လောက်ကို လောင်ကျွမ်းစေနိုင်ပါတယ်။ ကယ်လိုရီလောင်ကျွမ်းနိုင်စွမ်းဟာ ကိုယ်အလေးချိန်လျော့ကျမှုကိုသာ အထောက်အကူဖြစ်စေတာ မဟုတ်ပါဘူး။ နှလုံးကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။

    ဒီလိုအချက်တွေကြောင့်လည်း လိင်ဆက်ဆံခြင်းဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး Heart Attack ဖြစ်ခြင်းကို တားဆီးနိုင်တာဖြစ်ပါတယ်။ များများလိင်ဆက်ဆံမယ်ဆိုရင် သင့်နှလုံးကျန်းမာရေးအတွက် အများကြီး အထောက်အကူဖြစ်စေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 09/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement