အိမ်ထောင်သည်တွေ ကိုယ်ဝန်တားမယ်ဆိုရင်လည်း အမျိုးသမီးတွေပဲ တားဆေးတွေ ထိုးလိုက်၊ သောက်လိုက် လုပ်လေ့ရှိသလို လက်မထပ်ရသေးဘဲ အတူနေတဲ့ အခါမှာလည်း ကိစ္စပြီးသွားတဲ့အခါမှာ အမျိုးသမီးတွေကပဲ အရေးပေါ် တားဆေး သောက်ရလေ့ ရှိပါတယ်။ တကယ်တော့ ကိုယ်ဝန်တားတာ၊ လိင်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်တာက နှစ်ဦး နှစ်ယောက်လုံးနဲ့ ဆိုင်တဲ့ ကိစ္စပါ။ ဒါပေမယ့် အမျိုးသားထုတွေကြားမှာ ကွန်ဒုံးသုံး တဲ့ အလေ့အထက နည်းနေတုန်းပါပဲ။
အမျိုးသားများ ကွန်ဒုံး မသုံးရတဲ့ အကြောင်းရင်း
ဒါကြောင့် ဘာလို့ အမျိုးသားတွေရဲ့ ကွန်ဒုံးသုံး တဲ့ အလေ့အကျင့်နည်းနေရသလဲဆိုတာကို လေ့လာကြည့်တဲ့အခါ အောက်ပါအချက်တွေကို တွေ့ရပါတယ်။
- အလွှာခြားလို့
ဒါကတော့ ကွန်ဒုံး မသုံးရခြင်းရဲ့ ထိပ်တန်း အကြောင်းပြချက်ပါ။ ကွန်ဒုံးသုံးတာက လိင်စိတ်ခံစားမှု လျော့နည်းစေလိမ့်မယ်ဆိုတာကို ခုထက်ထိ ယုံကြည်နေကြဆဲပါပဲ။ ဒါပေမယ့် လက်တွေ့မှာ ကွန်ဒုံးတွေက ဒီလို လျော့နည်းစေနိုင်တာမျိုး မရှိပါဘူး။ ကွန်ဒုံးကုမ္ပဏီတွေကလည်း ဒါကို သိတဲ့အတွက် နောက်ပိုင်းမှာ ခံစားချက်ကို မထိခိုက်စေတဲ့ အမျိုးအစားတွေကို အများကြီး ထုတ်လုပ်လာကြပါပြီ။
- ဆိုဒ်မတော်လို့
ချောင်လွန်းတာ၊ ကျပ်လွန်းတာ စတာတွေကလည်း ကွန်ဒုံးကို ငြင်းဆန်ရခြင်းရဲ့ အကြောင်းပြချက် တစ်ခုပါ။ ကွန်ဒုံးက ဆိုဒ်မျိုးစုံရှိတဲ့အတွက် ကိုယ်နဲ့ အဆင်ပြေရာကို ရွေးချယ်လို့ ရပါတယ်။ နောက်ပြီး သုံးလေ့မရှိတဲ့ အစပိုင်းမှာပဲ ဒီပြဿနာ ဖြစ်တာပါ။ သုံးနေကျသွားရင် ကိုယ်သုံးနေကျ တံဆိပ်နဲ့ ဆိုဒ်နဲ့ တွဲမှတ်ထားလိုက်ရုံပါပဲ။
- ကိုယ်နဲ့ သင့်တော်တာကို မသိလို့
ကွန်ဒုံးတွေကလည်း တခြားပစ္စည်းတွေလိုပါပဲ။ စျေးကွက်ဝင်အောင် အမျိုးမျိုး ထုတ်လုပ်လာကြပါတယ်။ ဒီလို ရွေးချယ်စရာ များလာလေလေ အမျိုးသားတွေအတွက် ရွေးချယ်ရခက်လေလေပါပဲ။ (သူတို့ရဲ့ သဘာဝကိုက စျေးဝယ်ရင် ရွေးချယ်တတ်တာမျိုး မဟုတ်ဘူးလေ။)
ဒီတော့ အကြံပေးရရင် မဝယ်ခင်မှာ ပစ္စည်းတွေအကြောင်းကို အွန်လိုင်းကနေ လေ့လာသွားပါ။ လိုအပ်ရင် ဆိုရှယ်မီဒီယာတွေကနေ ပေချ့်တွေကို စာပို့ပြီး မေးပါ။ ဆိုင်ရောက်မှဆိုရင် မေးရခက်နေမှာနဲ့ ဝယ်ဖြစ်မှာ မဟုတ်တော့ပါဘူး။
- အရေးကောင်းမှ ဒိန်းဒေါင်းဖျက်
အတူနေမယ်လို့ စိတ်ပါပြီးကာမှ ကွန်ဒုံးကို ကောက်စွပ်နေရရင် စိတ်မပါဘဲ နေမှာစိုးလို့ပါ။ ခေတ်စကားနဲ့ဆို ဖီးလ်ကျဲတယ်ပေါ့။ ဒီလိုဆိုပြီး ကြိုဝတ်ထားလို့လည်း မရဘူးလေ။ ကွန်ဒုံးရဲ့ သဘာဝကိုက လိင်တံထောင်မတ်တဲ့အချိန်မှ စွပ်ရမှာကိုး။
ဒါပေမယ့် စိတ်မပူပါနဲ့။ ကွန်ဒုံးလေး ၁-၂မိနစ်လောက် ဝတ်လိုက်တဲ့ အချိန်က အတူနေချင်စိတ်ကို မလျှော့စေနိုင်ပါဘူး။ စစသုံးချင်း တစ်ခါ နှစ်ခါတော့ အချိန်နည်းနည်း ပေးရနိုင်ပါတယ်။ နောက်ပိုင်း သုံးနေကျသွားရင် အချိန်တိုလေးအတွင်းမှာ ကွန်ဒုံးစွပ်ပြီးသား ဖြစ်သွားမှာပါ။
- ရောဂါပိုးမရှိလောက်ဘူး ထင်လို့
ကိုယ်ပဲ ဖြစ်ဖြစ်၊ ကိုယ့် အဖော်ပဲဖြစ်ဖြစ် အပြင်ပန်း ကြည့်ရုံနဲ့ ရောဂါပိုးရှိမရှိ မသိနိုင်ပါဘူး။ ဒါကြောင့် ခုမှ စသိတဲ့သူ ဒါမှမဟုတ် သိတာမကြာသေးတဲ့သူနဲ့ အတူနေမယ်ဆိုရင် ကွန်ုဒုံးကို မဖြစ်မနေ သုံးပါ။ လက်ထပ်မယ့် အတွဲတွေလည်း ဖြစ်နိုင်မယ်ဆို ဆေးကြိုစစ်ပါ။ ကိုယ်ဝန်တားဆေးတွေက ကိုယ်ဝန်ပဲ တားပေးနိုင်တာပါ။ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။
- ထိရောက်မှု မရှိဘူးထင်လို့
ကွန်ဒုံးနဲ့ ပတ်သက်ပြီး ကွန်ဒုံးပေါက်တယ်တို့၊ ကွန်ဒုံးကျွတ်သွားတယ်တို့၊ မိန်းမကိုယ်ထဲမှာ ကွန်ဒုံးကျန်ခဲ့တယ်တို့ စတာတွေ ကြားဖူး ကြုံဖူးမှာပါ။ ဒါကြောင့် ကွန်ဒုံးတွေက တခြား ကိုယ်ဝန်တားတဲ့ နည်းလမ်းတွေထက်စာရင် စိတ်မချရဘူးလို့ ထင်စရာ ရှိပါတယ်။
တကယ်တော့ ကွန်ဒုံးတွေက ၉၈ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ဆိုလိုတာက တစ်နှစ်ကို လူ၁၀၀မှာ ၂ယောက်လောက်ကပဲ ကွန်ဒုံးကို သေချာသုံးပါချက်နဲ့ ကိုယ်ဝန်ရသွားနိုင်တာပါ။ ဒီရာခိုင်နှုန်းက တခြားကိုယ်ဝန်တားနည်းလမ်းတွေနဲ့ ယှဉ်ရင် အတူတူလောက်ပါပဲ။
တစ်ခုရှိတာက ‘သေချာသုံးရင်’ ဆိုတာပါ။ သေချာ မသုံးတတ်ဘူးဆိုရင် ကွန်ဒုံးကို စိတ်ချရအောင် ဘယ်လို သုံးသင့်တယ်။ ဘယ်လိုစွပ်မယ်။ ဘယ်လိုချွတ်မယ်။ မတော်တဆ ကွန်ဒုံးပေါက်သွားရင် ဘာလုပ်မယ် စတာတွေကို သိအောင် လုပ်ထားပါ။
မသုံးဘဲ နေရင်တော့ သုံးတတ်မှာ မဟုတ်ပါဘူး။ သုံးရင်း သုံးရင်းနဲ့ ကျွမ်းကျင်လာမှာပါ။ ကျွမ်းကျင်လာရင် ခုနကပြောတဲ့ မတော်တဆဖြစ်တာတွေ နည်းသွားနိုင်ပါတယ်။
- လူအထင်သေးခံရမှာ စိုးလို့
ဒါကတော့ ဒီကအလေ့အကျင့်နဲ့ ဆိုင်ပါတယ်။ ကွန်ဒုံးဝယ်တဲ့ သူတိုင်းကို လက်မထပ်ရသေးဘဲ အတူနေတယ်လို့ တံဆိပ်တပ်လိုက်တာမျိုးပါ။ တကယ်တော့ အိမ်ထောင်ရှိပြီးသားသူတွေလည်း ကွန်ဒုံးကို တားဆေးတစ်ခုအနေနဲ့ သုံးကြပါတယ်။ အမျိုးသမီးက တားဆေး သုံးလို့ အဆင်မပြေတဲ့ အခါမျိုးမှာ၊ ဆေးသောက်ဖို့ ရက်ကျော်သွားလို့ တားဆေးအာနိသင်ကို စိတ်မချတဲ့ အခါမျိုးမှာလည်း ကွန်ဒုံးသုံးကြပါတယ်။
လက်မထပ်ရသေးဘဲ အတူနေသည့်တိုင် ဒါက အသက်ပြည့်ပြီးသားသူတွေရဲ့ အခွင့်အရေးဖြစ်တာကြောင့် ဒါကို ပြစ်မှုတစ်ခုလို သွားမြင်လို့ မရပါဘူး။ ကိုယ်ဝန်တားဖို့၊ လိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ကွန်ဒုံးသုံးပေးတဲ့အတွက် ချီးကျူးစရာ တစ်ခုပါပဲ။ အနည်းဆုံးတော့ အကာအကွယ်မပါဘဲ အတူနေပြီး ရောဂါတွေကူး၊ မလိုချင်ဘဲ ကိုယ်ဝန်တွေရလာလို့ ဖျက်ချရတာထက်စာရင် အများကြီး ပိုကောင်းပါတယ်။
ဒါပေမယ့် ဆိုင်မှာ သွားဝယ်တဲ့အခါ ဒါကို ရှက်စရာ တစ်ခုလို၊ အထင်သေးစရာ တစ်ခုလို ကြည့်တဲ့အခါ ကွန်ဒုံးသုံးတဲ့အလေ့အကျင့်က ထင်သလောက် မကျယ်ပြန့်တော့ပါဘူး။ သိချင်တာ ရှိလို့ မေးရင် ပိုဆိုးပါတယ်။ မဖြေချင်သလို လုပ်ပြတဲ့အတွက် နောက်ကို ကွန်ဒုံးဝယ်ဖို့ တွန့်ဆုတ်နေတော့မှာပါ။
ကွန်ဒုံးသုံး ဖို့ကို မငြင်းဆန်ပါနဲ့။
ကွန်ဒုံးတွေရဲ့ အားသာချက်က လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်တာပါ။ ဒါက တခြားကိုယ်ဝန်တားနည်းလမ်းတွေ မလုပ်နိုင်ပါဘူး။ ဒါကြောင့် ကွန်ဒုံးကို မငြင်းဆန်ပါနဲ့။ အထူးသဖြင့် သိကျွမ်းတာမကြာသေးဘဲ အတူနေမယ်ဆိုရင် ကွန်ဒုံးကို သုံးဖြစ်အောင် သုံးဖို့ အကြံပြုလိုပါတယ်။
[embed-health-tool-ovulation]