ချစ်သူဘဝမှာ ရင်းနှီးလာတဲ့အခါ သမီးရည်စားလည်းမက အိမ်ထောင်သည်လည်း မကျတဲ့ အခြေအနေတစ်ခုကို ရောက်လာနိုင်ပါတယ်။ ဒါကတော့ premarital sexလို့ ခေါ်တဲ့ အိမ်ထောင်မကျခင် အတူနေ (လိင်ဆက်ဆံ)တာပါ။ အန္တရာယ်ကင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံမှုမျိုး ဖြစ်စေဖို့အတွက် ချစ်သူဘဝမှာ အတူနေမယ်ဆို ကြိုပြီး ပြင်ဆင်ထားရမယ့် အချက်လေးတွေ ရှိပါတယ်။
ချစ်သူဘဝမှာ အတူနေမယ်ဆို အန္တရာယ်ကင်းစေပြီး ပျော်ရွှင်စရာကောင်းစေဖို့
- နှစ်ဦးသဘောတူ ဖြစ်ပါစေ။
ချစ်သူဘဝမှာ အတူနေတာက စိန်ခေါ်မှု များပါတယ်။ ပတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ ထုံးတမ်းစဉ်လာတွေကိုပါ ထည့်စဉ်းစားကြတဲ့အတွက် လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အိပ်ရာပေါ်က ကိစ္စဆိုတာက နှစ်ဦးသဘောတူဖြစ်မှ သာယာဖွယ်ဖြစ်မှာပါ။
ဒါကြောင့် နှစ်ဦးသဘောတူဖြစ်ဖို့လိုသလို တစ်ဖက်ဖက်က သဘောမတူဘူးဆိုရင်လည်း အတင်းအကျပ် မလုပ်ဖို့ လိုပါတယ်။
- လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကြိုတင်စစ်ဆေးပါ။
HIV၊ ဘီပိုး၊ စီပိုး အပါအဝင် လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေဖြစ်တဲ့ ဆစ်လဖစ်တို့၊ ဂနိုတို့က တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်ပါတယ်။ လက္ခဏာမပြဘဲနဲ့လည်း ခန္ဓာကိုယ်မှာ ရှိနေနိုင်တဲ့အတွက် မသိလိုက်ဘဲနဲ့ကို ကူးသွားနိုင်ပါတယ်။
လိင်ကတဆင့်ကူးစက်ရောဂါတွေက အမျိုးသမီးတွေမှာ မကုသဘဲ ထားလိုက်ရင် မျိုးပွားအင်္ဂါတွေ ပျက်စီးပြီး ကလေးမရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အတူမနေခင်မှာ စုံတွဲလိုက် ကူးစက်ရောဂါတွေကို စစ်ဆေးထားသင့်ပါတယ်။
- သန္ဓေတားနည်းလမ်းတစ်ခုခု သုံးဖို့ ရွေးချယ်ပါ။
လက်မထပ်ရသေးဘဲ အတူနေတဲ့ စုံတွဲတွေ နောက်ထပ် စိုးရိမ်တတ်တာ တစ်ခုက မလိုချင်သေးဘဲ ကိုယ်ဝန်ရသွားမှာပါ။ မြန်မာနိုင်ငံမှာ မလိုချင်တဲ့ ကိုယ်ဝန်ကို တရားဝင် ဖျက်ချခွင့်မရှိတဲ့အတွက် တရားမဝင် ဖျက်ချရာကနေ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတာ၊ အသက်အန္တရာယ်နဲ့ ကြုံတာတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် သန္ဓေတားတဲ့ နည်းလမ်းတစ်ခုခုကို သုံးပါ။ တစ်အိမ်တည်း အတူနေတဲ့ living together စုံတွဲတွေ၊ မကြာခဏ အတူနေဖြစ်တဲ့အတွဲတွေဆိုရင် အိမ်ထောင်သည် တွေ သုံးသလို တားဆေးသောက်ဆေး၊ ထိုးဆေး၊ သားအိမ်ထဲထည့်တဲ့ ပစ္စည်း၊ လက်မောင်းအောက်ထည့်တဲ့ ပစ္စည်း စသဖြင့် မိမိနဲ့ သင့်တော်ရာကို အသုံးပြုပါ။
တကယ်လို့ တစ်ခါတလေမှ နေဖြစ်တယ်ဆိုရင်လည်း ကွန်ဒုံး ဒါမှမဟုတ် အရေးပေါ်သန္ဓေတားဆေးကို သုံးသင့်ပါတယ်။