backup og meta

လိင်ဆက်ဆံမှု ဆိုင်ရာ အမေးအများဆုံး မေးခွန်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Hello Sayarwon Panel မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံမှု ဆိုင်ရာ အမေးအများဆုံး မေးခွန်းများ

    လိင်ဆက်ဆံမှု ဆိုင်ရာ အမေးအများဆုံး မေးခွန်းတွေရဲ့ အဖြေတွေကတော့ စိတ်ဝင်စားစရာ ကောင်းလှတာကို တွေ့ရပါတယ်။ ဘယ်လိုမေးခွန်းတွေပါလိမ့်။ ကြည့်လိုက်ကြရအောင်နော်..။

    လိင်ဆက်ဆံမှု ဆိုတာ ကိုယ်လက်လှုပ်ရှားမှု တစ်ခုလား။

    ဟုတ်ပါတယ်။ ဒါပေမယ့် ကိုယ်လက်လှုပ်ရှားမှု အများကြီးတော့လည်းမဟုတ်ပါဘူး။ သင့်ရဲ့ပုံမှန် လိင်ဆက်ဆံမှုတစ်ခုအတွင်းမှာ ကယ်လိုရီအများအပြားမလောင်ကျွမ်းနိုင်ပါဘူး။

    ပုံမှန်ကို ငါးမိနစ်ကနေ ၁၅ မိနစ်လောက်အထိလို့ ယူဆကြရင် သင်ဟာ တစ်မိုင်ကို မိနစ်နှစ်ဆယ်နဲ့ လမ်းလျှောက်ခြင်းနဲ့ ညီမျှတဲ့ ကိုယ်လက်လှုပ်ရှားမှုကို ရရှိမှာဖြစ်ပါတယ်။ အပေါ်မှာနေတဲ့ လိင်ဆက်ဆံသူဟာ နှလုံးခုန်နှုန်း ၁၂၀ လောက်အထိ ရောက်ရှိနိုင်ပါတယ်။ အောက်မှာနေတဲ့သူကတော့ ၁၁၀ အထိ ရောက်ရှိနိုင်ပါတယ်။

    နောက်တစ်မျိုးပြောရရင် လိင်ဆက်ဆံခြင်းကနေ နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်ကိုသာ ရရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒါကိုသင့်ရဲ့ တစ်ခုတည်းသောလေ့ကျင့်ခန်းအဖြစ် မမှီခိုသင့်ပါဘူး။

    ငါဟာ ပုံမှန်ရောဟုတ်ရဲ့လား။

    လူတွေဟာ သူတို့ရဲ့ ဆန္ဒတွေ၊ တုံ့ပြန်မှုတွေ၊ စိတ်ကူးယဉ်မှုတွေနဲ့ ကိုယ်ခန္ဓာတွေဟာ ထူးဆန်းမနေဘူးဆိုတာ သေချာချင်ကြပါတယ်။ ဖြစ်နိုင်တာကတော့ လူအတော်များများဟာ ကလေးအရွယ်ကတည်းက လိင်ဆက်ဆံမှုဆိုတာ ညစ်ညမ်းပြီး ခန္ဓာကိုယ်လိုအပ်ချက်တွေကို မဆွေးနွေးသင့်ဘူးဆိုပြီး သင်ယူခဲ့ကြလို့ပဲ ဖြစ်ပါတယ်။

    အရွယ်ရောက်ပြီးတဲ့အချိန်မှာတော့ ဒါဟာအဆင်ပြေတယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုကို အလွန်အမင်းတောင့်တကြပါတယ်။ အဖြေကတော့ ဟုတ်ပါတယ်။ သင်ဟာ ပုံမှန်ပါပဲ။ သင့်လိင်မှုဘဝဟာ သင့်ကိုလုံခြုံစေပြီး ဘယ်သူ့ကိုမှ မထိခိုက်စေဘူးဆိုရင် သင့်ရဲ့ဆန္ဒတွေနဲ့ လိင်အင်္ဂါတွေရဲ့ ပုံပန်းသဏ္ဍာန်ကို စိုးရိမ်ပူပန်စရာမလိုပါဘူး။

    ပုံမှန်ဆိုတဲ့အထဲမှာ ကွဲပြားခြားနားတဲ့ အပြုအမူတွေနဲ့ ခန္ဓာကိုယ် သဏ္ဍာန်တွေ ပါဝင်ပါတယ်။ သင့်ရဲ့ လိင်မှုဘဝနဲ့ ပတ်သက်ပြီး ဖော်ထုတ်တာနဲ့ သာယာတာမျိုးနဲ့ ပတ်သက်ပြီး ဘာမှရှက်စရာမရှိပါဘူး။ ဒီအရှက်အကြောက်တွေကိုလျှော့ချဖို့ ပထမနည်းလမ်းကတော့ ကျယ်ပြန့်တဲ့ “ပုံမှန်”ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ကို လက်ခံထားဖို့ပဲ ဖြစ်ပါတယ်။

    လိင်ဆက်ဆံမှု က သင့်နှလုံးအတွက် ကောင်းမွန်စေပါသလား။

    ဒါက ဖြစ်နိုင်ခြေတော့ ရှိပါတယ်။ လေ့လာမှုတစ်ခုက တစ်ပတ်ကို နှစ်ကြိမ် (သို့) နှစ်ကြိမ်ထက်ပိုပြီး လိင်ဆက်ဆံတတ်တဲ့ အမျိုးသားတွေက တစ်လကို တစ်ခါ (သို့) ဒီထက်ပိုပြီး လိင်ဆက်ဆံတဲ့ အမျိုးသားတွေထက် နှလုံးရောဂါ ဖြစ်ပွားမှု ပိုမိုလျော့နည်းတာကို တွေ့ရှိရပါတယ်။ ဒီလိုသုတေသနတွေဟာ အမျိုးသားတွေမှာ နှလုံးရောဂါပိုအဖြစ်များတဲ့အတွက် အမျိုးသားတွေကို ဦးတည်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ အမျိုးသမီးတွေအတွက်လည်း အတူတူပါပဲ။

    ဒီလို လေ့လာမှုတွေက လိင်ဆက်ဆံမှုဟာ နှလုံးရောဂါကို ကာကွယ်နိုင်တယ်ဆိုတာကိုတော့ သက်သေမပြနိုင်ပါဘူး။ ဒါပေမယ့် သူတို့က လိင်ဆက်ဆံခြင်းဟာ နှလုံးအတွက် ကျန်းမာစေတဲ့ လူမှုဘဝနေထိုင်နည်းတစ်ခုပဲလို့ အကြံပေးကြပါတယ်။ လိင်ဆက်ဆံမှုကို သင့်ကျန်းမာရေးရဲ့ အတိုင်းအတာတစ်ခုအဖြစ် စဉ်းစားကြည့်ပါ။

    သင်လိင်ဆက်ဆံမှု ပိုများရင် ပိုမိုကျန်းမာလာပြီးတော့ ပိုမိုသွက်လက်လာပါလိမ့်မယ်။ ဒါပေမယ့် လိင်ဆက်ဆံတာကို သာယာဖို့ ခန္ဓာကိုယ်က ပျက်ယွင်းလွန်းနေမယ်ဆိုရင်တော့ ဒါဟာ သင့်လူမှုဘဝနေထိုင်နည်းတွေကို ပြင်ဆင်ဖို့ လှုံ့ဆော်မှုတစ်ခု ဖြစ်နိုင်ပါတယ်။

    လူအများစုဟာ ဘယ်လောက်တစ်ခါ လိင်ဆက်ဆံတတ်ကြပါသလဲ။

    သင်စိုးရိမ်နေတာက တခြားသူတွေက သင့်ထက် လိင်ဆက်ဆံမှု ပိုမိုများပြားနေလိမ့်မယ်လို့ ယူဆတာဖြစ်ပါတယ်။ စိတ်ကို ဖြေလျှော့ပါ။ သုတေသနတွေကတော့ အမေရိကန်မှာ လက်ထပ်တာ ကြာရှည်ပြီဖြစ်တဲ့ စုံတွဲတစ်တွဲဟာ ဖျားနာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ခရီးသွားခြင်း၊ ငွေကြေးဆိုင်ရာ စိတ်ဖိစီးမှုတွေ မရှိဘူးဆိုရင် တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ် လိင်ဆက်ဆံတတ်ကြပါတယ်လို့ ပြောပါတယ်။

    စုံတွဲအသစ်တွေအတွက်ကတော့ လိင်ဆက်ဆံမှု ပိုများနိုင်ပါတယ်။ ဒါပေမယ့် အကြိမ်အရေအတွက်ကတော့ အချိန်ကြာလာတာနဲ့အမျှ လျော့ကျလာပါလိမ့်မယ်။

    လက်ချောင်းဖြင့် (သို့) လက်ဖြင့် လိင်ဆက်ဆံခြင်းက ကိုယ်ဝန်ရရှိခြင်း (သို့) လိင်မှတစ်ဆင့်ကူးစက်ရောဂါဖြစ်ပွားခြင်းတို့ကို ဖြစ်စေနိုင်ပါသလား။

    လက်ချောင်းဖြင့် (သို့) လက်ဖြင့် လိင်ဆက်ဆံခြင်းမှ ကိုယ်ဝန်ရနိုင်ခြေမရှိပါဘူး။ တကယ်လို့ လူတစ်ယောက်ဟာ ညစ်ပတ်နေတဲ့ လက်နဲ့ အခြားသူတစ်ယောက်ရဲ့ လိင်အင်္ဂါတွေကို ထိတွေ့မယ်ဆိုရင် ဘက်တီးရီးယားပိုးတွေ ပြန့်ပွားနိုင်ပါတယ်။

    ဖြစ်တော့ဖြစ်နိုင်ပေမယ့် ဒီပုံစံနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါဖြစ်ပွားဖို့တော့ သိပ်မဖြစ်နိုင်ပါဘူး။ ပြီးတော့ သုက်ရည်ဟာ လူတစ်ယောက်ရဲ့ လက်ချောင်းတွေပေါ် ရောက်ရှိပြီး ချက်ချင်း မိန်းမကိုယ် ထဲကို ထည့်သွင်းလိုက်မယ်ဆိုရင်တော့ ကိုယ်ဝန်ရဖို့ အခွင့်အလမ်းအနည်းငယ် ရှိနိုင်ပါတယ်။ ဒါ့ကြောင့် လိင်ပိုင်းဆိုင်ရာထိတွေ့မှု မပြုလုပ်မီနဲ့ ပြုလုပ်ပြီးတို့မှာလက်ဆေးသင့်ပါတယ်။

    လိင်စိတ်ပျောက်ဆုံးရတာ ဘာလို့ပါလဲ။

    လိင်စိတ်ပျောက်ဆုံးတယ်ဆိုတာ အမျိုးသမီးတွေမှာအသက်ကြီးလာပြီး သွေးဆုံးလို့ ဟော်မုန်းပြောင်းလဲရင် အဖြစ်များပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းပြောင်းလဲနေတဲ့ ဟော်မုန်းပမာဏတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ (သွေးဆုံးခါနီးအချိန်တွေက အသက် ၃၅နှစ်လောက်တည်းကစတင်ဖြစ်တတ်ပါတယ်)။

    ဒါပေမယ့် အိမ် (သို့) အလုပ်မှာ စိတ်ဖိအားများခြင်း၊ စိတ်ကျရောဂါနဲ့ ကိုယ်ဝန်တားဆေးတွေ သောက်သုံးခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းနဲ့ အိပ်ရေးပျက်ခြင်းတို့ကြောင့်လည်း လိင်စိတ်ပျောက်ဆုံးတတ်ပါတယ်။ သင့်ဆရာဝန်ထံမှာ စစ်ဆေးခြင်းအားဖြင့် ပြောင်းလဲနေတဲ့ ဟော်မုန်းပမာဏတွေကို ရှာဖွေတွေ့ရှိလာပါလိမ့်မယ်။

    လိင်စိတ်လျော့နည်းခြင်းက ဆေးအသစ်တစ်ခုခုကြောင့်လား၊ အိပ်ရေးဝအောင်မအိပ်လို့လား၊ လေ့ကျင့်ခန်းပုံမှန် မလုပ်လို့လားဆိုတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို မစားသုံးလို့လားဆိုတာ ဆန်းစစ်သင့်ပါတယ်။ ပြီးရင်တော့ သင့်စိတ်ဖိစီးမှု ပမာဏကိုလေ့လာပါ။ တကယ်လို့ သင့်တစ်နေ့တာအလုပ်တွေက အရမ်းများနေတယ်ဆိုရင် လူစွမ်းကောင်းမလုပ်ချင်ပါနဲ့။ အကူအညီရယူပါ။

    သင့်မှာ နှလုံးရောဂါ ရှိရင် လိင်ဆက်ဆံမှု က အန္တရာယ်ဖြစ်စေပါသလား။

    လူအတော်များများမှာတော့ မဖြစ်စေပါဘူး။ လူနာအတော်များများဟာ နှလုံးရပ်ခြင်း (သို့) နှလုံးရောဂါဖြစ်ကြောင်းသိရှိပြီးချိန်တွေမှာ ဒါကို မေးမြန်းလေ့ရှိကြပါတယ်။ တကယ်လို့ သင်ဟာ လိင်ဆက်ဆံလို့ရအောင် ကျန်းမာတယ်ဆိုရင်တော့ ဒါကိုအားပေးပါတယ်။

    လိင်ဆက်ဆံချိန်မှာ သွေးဖိအားတက်လာမှာ ဖြစ်ပါတယ်။ အများဆုံး ၁၆၀/၉၀ အထိဖြစ်နိုင်ပါတယ်။ ဒါဟာ မိနစ်အနည်းငယ်ကြာ အမြန်ပြေးပြီးနောက် ဖြစ်လာတာနဲ့ ဆင်တူပါတယ်။ ပြီးရင်တော့ ပြန်ကျသွားတတ်ပါတယ်။

    ပိုပြီးသေချာချင်ရင်တော့ မိမိမှာ နှလုံးရောဂါအခံရှိတဲ့အခါ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်သင့်ပါတယ်။

    လိင်ဆက်ဆံခြင်းဟာ သင့်ယေဘုယျကျန်းမာရေးအတွက်ရော အကျိုးရှိပါသလား။

    အကျိုးရှိနိုင်ပါတယ်။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု မဟုတ်တဲ့ တိုင်အောင် ပုံမှန်လိင်ဆက်ဆံမှုဟာ ယေဘုယျအားဖြင့် ကျန်းမာတဲ့ လူနေမှုဘဝပုံစံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါဟာ သင့်ကို ပိုမိုပျော်ရွှင်အပန်းပြေစေပြီး စိတ်ဖိစီးမှု လျော့နည်းစေပါတယ်။

    အရှင်းဆုံးပြောရရင် လိင်ဆက်ဆံမှုဟာ သင့်နှလုံးနဲ့ ယေဘုယျကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ ရှားပါးတဲ့ ကိစ္စရပ်တွေကလွဲရင် ဒါဟာ သင့်နှလုံးကို မထိခိုက်စေတာကြောင့် “အကျိုးရှိနိုင်တယ်”လို့ ဖြေပေးလို့ ရပါတယ်။

    လိင်ဆက်ဆံဖို့ အချိန်ဘယ်လိုရယူကြပါလဲ။

    အလုပ်များတဲ့ စုံတွဲတွေအတွက် အလုပ်များခြင်းနဲ့ ပင်ပန်းခြင်းကြောင့် လိင်ဆက်ဆံမှုကို မေ့လျော့နေတတ်ကြပါတယ်။ ဒါပေမယ့် သင်ဟာ ဘယ်လောက်ပဲအလုပ်ရှုပ်ရှုပ် သင့်အိမ်ထောင်နဲ့ လိင်မှုဘဝအတွက် အချိန်ပေးဖို့လည်း အရေးကြီးပါတယ်။ သင့်အိမ်ထောင်ဆိုတာ သင့်မိသားစုရဲ့ အခြေခံကျတဲ့အရာဖြစ်လို့ သင်အာရုံစိုက်ဖို့ လိုအပ်ပါတယ်။

    အားလပ်ချိန်တွေ အလိုအလျောက်ပေါ်လာဖို့ စောင့်ဆိုင်းမနေဘဲ ကိုယ်တိုင် ဖန်တီးသင့်ပါတယ်။ လိုအပ်ရင် တခြားအလုပ်တွေလျှော့ပြီး မိသားစုကို အချိန်ပေးပါ။ အပတ်စဉ် ချိန်းတွေ့တဲ့ညတွေကို အလေးအနက်ထားပါ။ အရေးပေါ်အခြေအနေမှလွဲပြီး အဲဒီအချိန်တွေကို မပျက်ကွက်ပါစေနဲ့။ သင့်လိင်မှုဘဝနဲ့ ဆက်ဆံရေးကိုနံပါတ်တစ်ထားပါ။ အချိန်ကို သေချာမစီစဉ်ဘူးဆိုရင် ဖြစ်လာမှာကို မဟုတ်ပါဘူး။

    လိင်ဆက်ဆံမှုဆိုင်ရာ အမေးအများဆုံး မေးခွန်းတွေရဲ့ အဖြေတွေကတော့ ပြောပြလို့ ပြီးပါပြီ။ သင်မေးချင်တဲ့ မေးခွန်းတွေနဲ့ မတိုက်ဆိုင်ခဲ့ရင်တော့ တခြားဆောင်းပါးတွေမှာများ ပါဝင်မလား ဆက်လက်ဖတ်ရှုကြည့်ပါနော်။

    ရေးသားသူ- Dr Phyu Mon Latt

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Hello Sayarwon Panel မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement