backup og meta

ကွန်ဒုံးဝယ် နည်း လမ်းညွှန်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကွန်ဒုံးဝယ် နည်း လမ်းညွှန်

    ကွန်ဒုံးသုံးပါ။ ကွန်ဒုံးတွေက ကိုယ်ဝန်လည်း တားပေးနိုင်တယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေလည်း ကာကွယ်နိုင်တယ်ဆိုပေမယ့် ကွန်ဒုံးကို သုံးတဲ့သူက များများစားစား မရှိကြပါဘူး။ အကြောင်းအရင်းတွေ အများကြီး ရှိပေမယ့် အများစုပြောကြတာက ဘာ ကွန်ဒုံးဝယ် ရမလဲ မသိလို့ပါတဲ့။ ဒါလည်း ဟုတ်ပါတယ်။ ကွန်ဒုံးအမျိုးအစားတွေက အများကြီး ဖြစ်နေပြန်တော့ ဘာကို ရွေးရမလဲဆိုတာ ခက်နေမှာပါ။ မှားဝယ်လာပြန်ရင်လည်း သုံးမရဘဲ ငွေကုန်တာပဲ ရှိတာကြောင့် နောက်တစ်ခေါက်ဝယ်ဖို့ လက်တွန့်နေမှာ အမှန်ပါပဲ။

    ဒါထက်ပိုဆိုးတာက ဝယ်ပြီးမှ မတော်ရင် အတူနေတဲ့အခါ အဆင်မပြေဖြစ်ပြီး ကွန်ဒုံးကြီးက မမိုက်ပါဘူးကွာဆိုပြီး နောက်ကို သုံးတော့မှာ မဟုတ်ပါဘူး။ ဒီတော့ ကွန်ဒုံးဝယ်နည်း လမ်းညွှန်ကို ပြောပြပေးပါ့မယ်။

    ကွန်ဒုံးဝယ် တဲ့အခါ ဘယ်အချက်တွေကို သတိထားသင့်သလဲ။

    ဒါက အရေးကြီးဆုံးပါပဲ။ ကြီးလွန်းရင်လည်း ချောင်ပြီး အတူနေတဲ့အခါ ကျွတ်ကျနိုင်သလို ကျပ်လွန်းရင်လည်း လိင်တံကို ညှစ်ထားသလို ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ဆိုဒ်ရွေးမှန်ဖို့ လိုပါတယ်။ မဝယ်ခင်မှာ ကိုယ့်ပစ္စည်းကိုယ် တိုင်းသွားဖို့ လိုပါတယ်။

    တိုင်းတည်းကတော့ အရှည်ရယ်၊ လုံးပတ်ရယ် နှစ်ခုတိုင်းရမှာပါ။ အင်္ကျီချုပ်တဲ့ ပေကြိုးနဲ့ တိုင်းရင် ပိုကောင်းပါတယ်။ လိင်တံထောင်မတ်နေချိန်မှာ တိုင်းပါ။ အတူနေတဲ့အခါလည်း ထောင်မတ်နေချိန်မှာ ကွန်ဒုံးစွပ်ပြီး အတူနေမှာဟုတ်။

    အရှည်ကို တိုင်းမယ်ဆိုရင် အရင်းကနေ ဆီးခုံရိုးကို ဖိပြီး အဖျားထိတိုင်းသွားပါ။ ပေကြိုးကို တင်းတင်းဆွဲပါ။ လုံးပတ်ကျတော့ အကျယ်ဆုံးနေရာကို တိုင်းရမှာပါ။ ပေကြိုးနဲ့ အကျယ်ဆုံးနေရာက လိင်တံကို တစ်ပတ်ပတ်၊ ပေကြိုး နှစ်စထိတဲ့နေရာက နံပါတ်ကို ယူရမှာပါ။

    ကွန်ဒုံးအရွယ်အစားတွေက မီလီမီတာ၊ စင်တီမီတာတွေနဲ့ လာတာများပါတယ်။ ကိုယ်က တိုင်းတည်းက ဒါတွေနဲ့ တိုင်းချင် တိုင်းသွားပါ။ လက်မနဲ့ တိုင်းထားမိရင် မီလီမီတာ၊ စင်တီမီတာ ပြန်ပြောင်းပါ။ (၁လက်မမှာ ၂.၅၄ စင်တီမီတာ ဒါမှမဟုတ် ၂၅.၄ မီလီမီတာ ရှိပါတယ်။)

    ဆိုဒ်သိပြီဆိုရင် ကိုယ်နဲ့ ကွန်ဒုံးရွေးလို့ရပါပြီ။ တချို့ကျတော့လည်း ကိုယ်နဲ့ အတိမဟုတ်ဘဲ နည်းနည်းလေး ကျပ်တာကို ရွေးကြပါတယ်။ စျေးကွက်ထဲမှာလည်း snug fitဆိုပြီး ရှိပါတယ်။ အင်္ကျီရွေးရင် Body fit ဝတ်သလိုပေါ့။ နည်းနည်းကျပ်တော့ ပိုပြီး ခံစားမှုကောင်းမလားဆိုပြီး ရွေးကြတာပါ။ နည်းနည်းကျပ်တာက ရပါတယ်။ အရေးကြီးတာ ချောင်လွန်း၊ ကျပ်လွန်း အစွန်း ၂ဖက်က လွတ်ဖို့ပါပဲ။

  • ဘာနဲ့ လုပ်တာလဲ။
  • ကွန်ဒုံးအများစုက latexနဲ့ လုပ်တာများပါတယ်။ ဒါပေမယ့် တချို့က latexနဲ့ ဓာတ်မတည့်တဲ့ ပြဿနာရှိနေပါတယ်။ ဒီလိုဆိုရင်တော့ တခြားအမျိုးအစားပြောင်းသုံးပါ။ Polyurethane ဆိုတာလည်း ရှိပါတယ်။ ဒါနဲ့ အစားထိုးပြီး သုံးကြည့်ပါ။

    Latex ပါတာ သုံးပြီး မတည့်ဘူးဆိုရင် နောက်တစ်ခါ ထပ်မသုံးဖို့ကိုပါ အကြံပေးပါရစေ။

    တချို့ကွန်ဒုံးတွေက Combo set တစ်ခါတည်း ချောဆီပါပါပြီးသားပါ။ ကွန်ဒုံးမှာ ချောဆီထည့်သုံးတာက အလွှာခြားတဲ့ ပြဿနာကို နည်းစေတယ်လို့ ဆိုပါတယ်။ ခံစားမှုကိုလည်း ပိုပြီးကောင်းစေပါတယ်တဲ့။ ကွန်ဒုံးမှာ ချောဆီမပါလို့ ကိုယ့်ဟာကိုယ် အပြင်က ဝယ်သုံးမယ်ဆိုရင် ရေ ဒါမှမဟုတ် ဆီလီကွန်အခြေခံထားတဲ့ ချောဆီကို သုံးနိုင်ပါတယ်။ (ရေကို အခြေခံထားကို ပိုပြီး သုံးစေချင်ပါတယ်)

    အဆီကို အခြေခံထားတာ ဒါမှမဟုတ် အိမ်မှာရှိတဲ့ အဆီတစ်မျိုးမျိုးကို သုံးလိုက်တာတော့ ရှောင်သင့်ပါတယ်။ အဆီတွေက ကွန်ဒုံးကို ပေါက်ပြဲတာ၊ ကျွတ်ထွက်တာတွေ ဖြစ်စေနိုင်လို့ပါ။

    • အထူ

    အမျိုးသားတွေက အလွှာခြားရင် ကမ္ဘာခြားသလိုပဲလို့ ပြောကြတဲ့အတွက် နောက်ပိုင်းမှာ အလွှာတွေကို ပါးနိုင်သမျှ ပါးအောင် ထုတ်လာကြပါတယ်။ အလွှာပါးတာကို ကြိုက်ရင် Ultra thin, Extra thinတို့ကို ရွေးဝယ်နိုင်ပါတယ်။

    ကွန်ဒုံးတွေကို ဘယ်သူမှ ပီကေလို မစားပေမယ့် ကွန်ဒုံးတွေကို အရသာမျိုးစုံထုတ်ထားပါတယ်။ အကြောင်းကတော့ ပါးစပ်နဲ့ ဆက်ဆံတဲ့အခါ ပိုပြီး အဆင်ပြေအောင်ပါ။ Latexအနံ့တွေ၊ သုက်နံ့တွေကိုလည်း အုပ်ထားသလို ဖြစ်စေပါတယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေကိုလည်း ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။

    ဒါပေမယ့် ဒီလို ကွန်ဒုံးတွေက ပါးစပ်နဲ့ ဆက်ဆံတာအတွက်ပဲကောင်းပါတယ်။ မိန်းမကိုယ်ထဲ ထည့်မယ်ဆို ရေရှည်မှာ မှိုစွဲတာဖြစ်နိုင်လို့ အတူနေခါနီးရင်တော့ အနံ့အရသာမပါတာ ပြောင်းသုံးသင့်ပါတယ်။

    • တခြားရွေးချယ်စရာများ

    ကွန်ဒုံးကို အမျိုးသားတွေ စိတ်ဝင်စားလာအောင်၊ ကွန်ဒုံးသုံးလိုက်လို့ စိတ်ကျေနပ်မှု နည်းသွားတယ်ဆိုတာ မဖြစ်ရအောင် အမျိုးမျိုးတီထွင်ပြီး ထုတ်လာကြပါတယ်။ ဥပမာ

    Dotted ကွန်ဒုံး  : ကွန်ဒုံးမှာ အဖုလေးတွေ ပါတဲ့အတွက် အတူနေတဲ့အခါ ပိုပြိး စိတ်ကျေနပ်မှု ရစေပါတယ်။

    -Climax control : သူကတော့ နည်းနည်းလေး ခံစားမှု လျော့အောင်လုပ်ထားတဲ့အတွက် မြန်မြန်မပြီးဘဲ ကြာကြာနေနိုင်စေပါတယ်။

    -High motion : သူကတော့ အဝင်အထွက်ချောမွေ့စေအောင်ရယ်၊ ပွတ်တိုက်မှု နည်းအောင်ရယ် ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။

    ကွန်ဒုံးဝယ်မယ်ဆို ဒါတွေ စစ်ပါ။

    ဒါကြောင့် ပြန်ချုံ့ပေးရရင်

    • ကွန်ဒုံးဝယ်မယ်ဆိုရင် အရင်ဆုံး ဆိုဒ်တိုင်းသွားပါ။ ကွန်ဒုံးအညွှန်းကို သေချာဖတ်ပါ။ ဆိုဒ်မှန်ပါစေ။
    • ကိုယ်နဲ့ တည့်တဲ့ အသားကို သုံးပါ။
    • ချောဆီ ကိုယ့်ဟာကိုယ်ထည့်မှာလား။ တစ်ခါတည်းပါတာ ဝယ်မှာလား။
    • ပါးစပ်နဲ့ ဆက်ဆံဖို့ စိတ်ကူးရှိတယ်ဆို လိုရမယ်ရ အရသာပါတာ တစ်ခုခု ဆောင်ထားပါ။

    ကျန်တာကတော့ ကိုယ့်အကြိုက်နဲ့ကိုယ် အလျင်းသင့်သလို ဝယ်ယူနိုင်ပါတယ်။ နောက်ပြီး အရေးကြီးတာက ပိုဝယ်ပါ။ ကွန်ဒုံးတစ်ခုကို တစ်ကြိမ်ပဲ ဆက်ဆံလို့ရပါတယ်။ နောက်တစ်ခါထပ်နေမယ်ဆို နောက်တစ်ခု အသစ်သုံးရမှာ ဖြစ်လို့ အပိုဝယ်ဖို့ အကြံပြုချင်ပါတယ်။

    ခုမှ စသုံးမှာဆိုရင်တော့ ခုနက အခြေခံအချက်တွေကို သေချာစစ်ဆေးပါ။ နောက်ပိုင်းကျမှ ကိုယ်နှစ်သက်သလို အဖုပါတာ၊ မပါတာ၊ သုက်ထိန်းတာ မထိန်းတာ စသဖြင့် လိုအပ်ချက်အလိုက် ဝယ်ယူသုံးစွဲနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement