backup og meta

လိင်အင်္ဂါပေါ် အနီစက်တွေ၊ အနီဖုတွေ ဖြစ်လာတာ ဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်အင်္ဂါပေါ် အနီစက်တွေ၊ အနီဖုတွေ ဖြစ်လာတာ ဘာကြောင့်လဲ

    လိင်အင်္ဂါပေါ် အနီစက်တွေ၊ အနီဖုတွေ ဖြစ်လာတာ ဘာကြောင့်လဲ …… အမျိုးသားတွေမှာ မကြာခဏ ဖြစ်တတ်တဲ့ ပြဿနာလို့ ဆိုနိုင်ပါတယ်။ တခြားရောဂါ ကြီးကြီးမားမား မရှိဘဲ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ ကိုယ်သုံးနေတဲ့ ဆပ်ပြာ၊ အလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာ၊ ပွန်းပဲ့ထိခိုက်မိတာကြောင့် ဖြစ်နိုင်ပြီး ပုံမှန်အားဖြင့် တစ်ရက် နှစ်ရက်လောက်နဲ့ ပျောက်ကင်းသွားပါတယ်။

    ဒီလိုမှမဟုတ်ဘဲ အနီစက်တွေ၊ အနီဖုတွေ ထနေတာ ရက်တွေ အရမ်းကြာနေပြီ၊ နေရာအနှံ့ကို ပျံ့လာတယ်ဆိုရင်တော့ တခြား ကူးစက်ခံရတဲ့ ရောဂါတစ်မျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းရင်းကြောင့်ဆိုရင်တော့ အနီစက်တွေသာမက တခြားသော လက္ခဏာအမျိုးမျိုးလည်း ပြနိုင်ပါတယ်။

    လိင်အင်္ဂါပေါ် အနီစက်တွေ၊ အနီဖုတွေ ဖြစ်လာတာ ဘာကြောင့်လဲ

    လိင်အင်္ဂါပေါ် အနီစက်တွေ၊ အနီဖုတွေ ဖြစ်လာတာ ဘာကြောင့်လဲ ဆိုတော့ ကူးစက်ခံထားရတဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး ယားယံတာ၊ ပျော့အိအိဖြစ်နေတာ၊ အနီကွက် အကြီးကြီးဖြစ်နေတာ၊ အဖုအပိမ့်တွေ အစုအပြုံပေါက်နေတာ၊ အဖုတွေထဲမှာ အရည်၊ ပြည်တွေ ပြည့်ဖောင်းနေတာ၊ အဖုက တဖြည်းဖြည်း ရောင်ပြီး ကြီးလာတာ၊ အချိုင့်ပုံစံ ဖြစ်နေတာ၊ အရေပြားအောက်မှာ မြုပ်နေတာ အစရှိသဖြင့် လက္ခဏာအမျိုးမျိုး ပြောင်းလဲသွားနိုင်ပါတယ်။

    ကူးစက်ခံထားရတဲ့ ရောဂါပေါ် မူတည်ပြီး ပေါက်တဲ့နေရာ၊ ဖြစ်လာတဲ့ လက္ခဏာတွေဟာလည်း မတူညီကြပါဘူး။

    ၁။ လိင်အင်္ဂါရေယုန် (Genital Herpes)

    ကပ္ပာယ်အိတ်၊ဆီးခုံမွေး အရေပြားပတ်လည်၊ ပေါင်၊ တင်ပါး၊ ပါးစပ်တွေပေါ်မှာ ဖြစ်တတ်ပါတယ်။ ရောဂါရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ ရေယုန်ဗိုင်းရပ်စ်ပိုးက ကိုယ်ခန္ဓာအတွင်း ဝင်ရောက်ခြင်းဖြင့် ကူးစက်ခံရပါတယ်။ အနီစက်၊ အနီဖုတွေအပြင် နာကျင်မှု၊ ယားယံမှုကြောင့် လူက သက်တောင့်သက်သာ မဖြစ်တာ၊ အရည်ကြည်ဖု ပေါက်သွားတဲ့အခါ သွေး သို့မဟုတ် ပြည်တွေ ယိုစိမ့်ထွက်တာ၊ အနာသက်သာသွားတဲ့အခါ အမာရွတ်၊ ဝဲနာပုံစံအဖြစ် ကျန်ခဲ့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    ၂။ ကာလသားရောဂါ (Syphilis)

    ထရီပိုနီမာ ပယ်လီဒမ် (Treponema Pallidum) ဘက်တီးရီးယားပိုး ကူးစက်ခံရမှုကြောင့် ဖြစ်တတ်တဲ့ ရောဂါဖြစ်ပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ ကူးစက်ပါတယ်။ ကူးစက်ခံရတဲ့အခါ အရင်ဆုံး လိင်တံနဲ့ ပတ်ပတ်လည်အရေပြားပေါ်မှာ စက်ဝိုင်းပုံစံ နီပြီး နာကျင်မှုမရှိတဲ့ အနာတွေ ဖြစ်လာမယ်။ ဒီအချိန်မှာ ကုသမှုမခံယူဘူးဆိုရင် တခြားနေရာတွေအထိပါ ပျံ့နှံ့သွားပြီး ကုသဖို့ ပိုမိုခက်ခဲနိုင်ပါတယ်။ ရောဂါသက်တမ်းကြာလာတာနဲ့အမျှ ကိုယ်ခန္ဓာအနှံ့ အနီကွက်တွေ ပျံ့လာမယ်၊ အပြင်းဖျားတာ၊ လည်ပင်းမှာ ရှိတဲ့ ပြန်ရေကြောအကျိတ် ရောင်လာတာ၊ ခေါင်းကိုက်တာ၊ ကိုယ်တစ်ခြမ်းသေတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

    ၃။ ဝဲခြောက်ယားနာ (Scabies)

    Mite လို့ ခေါ်တဲ့ ကပ်ပါးပိုးကောင်တစ်မျိုးဟာ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်ပြီး အသက်ရှင်သန်ပါတယ်။ အထဲထဲမှာမှ အရေပြားဆဲလ်တွေကို စားကာ ဥ ဥပြီး တဖြည်းဖြည်း ကြာလာတဲ့အခါ ဝဲယားနာတွေ ဖြစ်လာပါတယ်။ ကပ်ပါးပိုးရှိနေသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါ၊ အသားချင်းထိတွေ့မိတဲ့အခါ ကူးစက်ခံရနိုင်ပါတယ်။

    အသိသာဆုံး လက္ခဏာကတော့ ကပ်ပါးပိုးက အရေပြားထဲ ထိုးပေါက်နေချိန် ယားယံပြီး ကျိန်းစပ်နေတာပါပဲ။ ဒါ့အပြင် အရေပြားက ခြောက်ပြီး အကြေးခွံထနေတာ၊ အရည်ကြည်ဖုတွေ ပေါက်နေတာ၊ ကပ်ပါးပိုးထိုးဖောက်လာတဲ့ လမ်းတစ်လျှောက်မှာ အဖြူရောင်မျဉ်းကြောင်းလေး ထင်နေတာ အစရှိတဲ့ လက္ခဏာတွေကိုလည်း တွေ့ရပါတယ်။

    ၄။ အနီဖုဖြစ်စေတဲ့ ရောဂါပိုး (Molluscum Contagiosum)

    ပေါ့စ် (Pox) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ အရေပြားရောဂါ တစ်မျိုးဖြစ်ပါတယ်။ ရောဂါပိုးရှိသူနဲ့ မျက်နှာသုတ်ပဝါ၊ အဝတ်အစား၊ အိပ်ရာခင်း၊ တခြားအသုံးအဆောင်တွေ အတူသုံးစွဲရာမှ၊ အရေပြားချင်း ထိတွေ့ပြီး ကူးစက်ခံရပါတယ်။ လိင်တံနဲ့ ပတ်ပတ်လည် အရေပြားပေါ်မှာ နီရဲပြီး ယားယံစေတဲ့ အဖုအပိမ့်တွေကို အဓိကဖြစ်စေပါတယ်။ ဒီအဖုတွေကို ကုတ်လိုက်မိရာမှ ပွန်းပဲ့တာ၊ တခြားနေရာတွေကို ပျံ့နှံ့တာ၊ အနာရင်းတာတွေပါ ဖြစ်နိုင်ပါတယ်။

    ၅။ လိင်တံထိပ်ဖူးရောင် ရောဂါ (Balanitis)

    တစ်ကိုယ်ရေသန့်ရှင်းမှု နည်းတာ၊ ရောဂါပိုး ကူးစက်ဝင်ရောက်ခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်။ အနီစက် ထွက်တာ၊ ရောင်ရမ်းတာ၊ ယားတာအပြင် ဆီးသွားနေစဉ် နာကျင်ခြင်း၊ ထိပ်အရေပြားအောက်မှာ အနံ့ဆိုးဖြစ်စေတဲ့ ချွဲကျိကျိ အရည်တွေ ပိုထွက်လာတာ၊ ထိပ်အရေပြား နောက်လှန်ဆွဲမရတာပါ ဖြစ်နိုင်ပါတယ်။

    ၆။ အရေပြား ဓာတ်မတည့်မှု (Contact Dermatitis)

    ကိုယ့်အရေပြားနဲ့ ဓာတ်မတည့်တာ၊ အရမ်းပြင်းလွန်းတဲ့ ဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာမှုန့်၊ အတွင်းခံဘောင်းဘီ အစရှိတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့သုံးစွဲမိရာမှာ ဖြစ်တတ်ပါတယ်။ စစချင်းမှာ လိင်တံက ရောင်နေတာ၊ ယားယံနေတာ၊ အရေပြားခြောက်ပြီး အကြေးခွံထတာ၊ ပြည်ဖုတွေ ထွက်လာတာမျိုးတွေ ဖြစ်တတ်ပြီး ကုတ်မိရာမှ ပိုးဝင်သွားတဲ့အခါ မောပန်းလွယ်ပြီး အပြင်းဖျားတာပါ ဖြစ်နိုင်ပါတယ်။

    ၇။ အရေပြားမှိုစွဲခြင်း (Yeast Infection)

    ကန်ဒီဒါ (Candida) မှိုပိုးကူးစက်ရာမှ ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပြီး ရောဂါရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ ကူးစက်ပါတယ်။ လိင်တံနဲ့ ပတ်ပတ်လည်မှာ ယားယံတာ၊ အနီဖုတွေထတာ၊ အနံ့ဆိုးထွက်တာ၊ ထိပ်အရေပြား နောက်လှန်ဆွဲမရတာ၊ လိင်တံထိပ်ဖူးနဲ့ ထိပ်အရေပြားအောက်မှာ အဖြူရောင် အဖတ်တွေ ကပ်နေတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။

    ၈။ ပေါင်ခြံပွေး (Tinea Cruris)

    ပေါင်ခြံ၊ လိင်တံ၊ ကပ္ပယ်အိတ်၊ တင်ပါးပေါ်မှာ ဖြစ်တဲ့ မှိုအရေပြားရောဂါတစ်မျိုးပါ။ ချွေးအလွန်အကျွံထွက်ပြီး ကိုယ့်ရဲ့ လိင်အင်္ဂါတစ်ဝိုက်ကို သေချာဆေးကြောသန့်ရှင်းခြင်း မလုပ်တဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ စက်ဝိုင်းပုံစံ အနီကွက်တွေ ထနေတာ၊ မှိုစွဲတဲ့နေရာမှာ ခြောက်ပြီး အကြေးခွံထနေတာ၊ အဖတ်တွေ ကွာနေတာကို တွေ့ရပါတယ်။

    ၉။ လိင်အင်္ဂါ နှင်းခူ (Genital Eczema)

    စိတ်ဖိစီးမှု၊ ဆေးလိပ်သောက်ခြင်း၊ ဓာတ်မတည့်တဲ့ ပစ္စည်းတွေကို သုံးစွဲခြင်းကြောင့် ဖြစ်တတ်တဲ့ အရေပြားရောဂါဖြစ်ပါတယ်။ လိင်တံတဝိုက်မှာ နီပြီး ယားယံတဲ့ အဖုတွေ ပေါက်တာ၊ အရေပြား ခြောက်ပြီး ကြမ်းနေတာ၊ မကြာခဏ ယားယံနေတာ၊ ပြည်ဖုတွေ အစုအပြုံ ပေါက်နေနိုင်ပါတယ်။

    အနီစက်တွေသာမက တခြားသော လက္ခဏာတွေပါ ပြလာတာ၊ ဆီးသွားဖို့ အခက်အခဲဖြစ်တာ၊ ပြင်းထန်တဲ့ နာကျင်မှု၊ ယားယံမှုဝေဒနာ ခံစားရတာ၊ အပြင်းဖျားနေပြီဆိုရင် အကောင်းဆုံးကတော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ပါပဲ။ ဒါမှပဲ ကိုယ့်ရဲ့ ရောဂါအခြေအနေကို သေချာရှာဖွေသိရှိပြီး အမြန်ဆုံးကုသနိုင်မှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement