ဒီရောဂါရှိမှန်း စသိရတုန်းကဆို ဘယ်သူမှနဲ့တောင် မတွေ့ချင်တော့ပါဘူး။ ပါးစပ်ကနေ ထုတ်ပြောဖို့တောင် မရဲခဲ့တဲ့ ရောဂါပေါ့။ တရှောင်ရှောင်ဖြစ်နေလို့ ဆရာက မသင်္ကာတာနဲ့ ဆေးစစ်ကြည့်လိုက်တော့ သူတဲ့လား။ ကျွန်မသိတယ်။ ဒီနတ်ဆိုးက မကြာခင် ကျွန်မဆီကို ကံမကောင်းခြင်းတွေပဲ သယ်လာတော့မယ်ဆိုတာ။
ဒီရောဂါက ဘယ်လောက်များ ဖုံးဖိထားနိုင်မှာမို့လို့လဲ။ မကြာခင်ဘဲ ကျွန်မ ဒီထက်ပိုဆိုးလာပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်လာတော့မယ်လေ။ လုံးပါးပါးပြီး သေရုံအပြင် ဘာရှိမှာလဲ။ ဒီပတ်ဝန်းကျင်မှာလည်း မနေချင်တော့ဘူး။
ကျွန်မသိတယ်။ သူတို့ ကျွန်မကို ခွဲခြားဆက်ဆံတော့မယ်ဆိုတာကို။ ကျွန်မကို မကောင်းတဲ့ မိန်းမတစ်ယောက်လို မြင်ကြတော့မယ်ဆိုတာကို။
မိသားစုနဲ့ အမျိုးသားကိုလည်း မပြောချင်ဘူး။ ကျွန်မကြောင့် သူတို့အရှက်ရမှာကို မလိုချင်ဘူးလေ။ ဒါပေမယ့် သူတို့ကို မပြောထားဘူးဆိုရင် တစ်ချိန်ချိန်မှာ ကျွန်မဆီက ပိုးတွေ သူတို့ဆီရောက်သွားနိုင်တယ်။ အထူးသဖြင့် ကျွန်မ အမျိုးသားပေါ့။ ဒါကြောင့် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ရတယ်။
စစသိချင်းမှာတော့ ကျွန်မကို သနားတဲ့အကြည့်၊ စိတ်မသန့်သလို ကြည့်ကြပေမယ့် ကျွန်မကတော့ လုပ်ရမယ့် တာဝန်တစ်ခု ပေါ့ပါးသလိုပါပဲ။ အဲ့ဒီနေ့ကစပြီး ဘယ်သူနဲ့မှလည်း မတွေ့တော့ဘူး။ အခန်းထဲမှာပဲ အောင်းနေခဲ့တယ်။ ထမင်းတောင် သူတို့မရှိတဲ့အချိန်မှ ထွက်စားတယ်။ အမျိုးသားနဲ့လည်း အိပ်ရာခွဲနေလိုက်တယ်။ အရာအားလုံး သီးသန့်ပေါ့။
မေမေကတော့ ပြောပါတယ်။ နင် ဆေးမကုရင် သူ့အိမ်က ထွက်သွားတဲ့။ ဒီတိုင်း လုံးပါးပါးသွားမှာကိုတော့ သူမမြင်ချင်ဘူးတဲ့။ ဒီခေတ်မှာ ဒီလောက်တိုးတက်နေတာ နည်းလမ်းတစ်ခုခုတော့ ရှိမှာပါတဲ့။ အမျိုးသားကလည်း ဒီတိုင်းနေသွားလို့တော့ မရဘူး။ တစ်ခုခုတော့ လုပ်လို့ရဦးမှာပါ။ ဒီရောဂါဖြစ်တိုင်း မသေတော့တာ သူလည်း ကြားဖူးတယ်တဲ့။
ဒါနဲ့ပဲ ကျွန်မဆေးကုဖို့ လက်ခံလိုက်တယ်။ အမှန်အတိုင်းပြောရင် ကျွန်မသေရမှာကြောက်တယ်။ ဒီတိုင်းလည်း လုံးပါးပါးမယ့်အတူတူ ဆေးကုကြည့်ပြီး နေလို့ရသလောက် နေသွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။
ဆေးခန်းသွားတဲ့နေ့က ကျွန်မဘဝမှာ တစ်ခါမှ မတွေးဖူးတာတွေ တွေ့လိုက်ရတယ်။ ယောကျာ်းကြီးတွေရော၊ မိန်းမငယ်လေးတွေရော၊ ကလေးတွေတောင်ပါသေး။ သူတို့တွေ အားလုံး ဆေးလာထုတ်ကြတာတဲ့။
ဒီလိုပဲ လာလာထုတ်နေတာ ကြာနေပြီဆိုပဲ။ သူတို့ကို ကြည့်လိုက်တော့လည်း ပိုးရှိမှန်းတောင် မသိသာဘူး။ အပြင်မှာသာ တွေ့ရင် ပိုးရှိမှန်းတောင် သိမှာ မဟုတ်ဘူး။
ဒီတော့မှ ကျွန်မ စိတ်ထဲမှာ လင်းခနဲ ဖြစ်သွားတာ။ ငါတစ်ယောက်တည်း ဒီလို ဖြစ်နေတာမဟုတ်ဘူး။ သူများတွေလည်း ဒီရောဂါရှိတယ်။ သူတို့တောင် နေနိုင်သေးတာ၊ ငါဘာကြောင့် မနေနိုင်ရမှာလဲဆိုပြီးတော့ပေါ့။
စိတ်ထဲမှာ ဘာမှတွေးမနေတော့ပါဘူး။ သူတို့ပြောတဲ့ ARTဆိုတဲ့ ဆေးကို သောက်မယ်လို့ပဲ တွေးလိုက်တယ်။ ဆရာဝန်ကတော့ ပြောပါတယ်။ နေ့တိုင်းမပျက်မကွက်သောက်ရမှာနော်တဲ့။ ဒါမှ ဆေးအာနိသင် ကောင်းကောင်းရမှာတဲ့။ အိမ်ကလူတွေကိုလည်း ကျွန်မကို ကောင်းကောင်းစောင့်ရှောက်ဖို့ မှာလိုက်သေးရဲ့။
ကျွန်မ အဲ့ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လာတယ်။ အရင်လို အခန်းပဲ အောင်းမနေတော့ဘူး။ အစာလည်း ပုံမှန်စား၊ ဆေးလည်း ပုံမှန်သောက်တယ်။ ကိုယ့်ကိုယ်ကို လူမမာတစ်ယောက်လို သတ်မှတ်မနေတော့ဘူး။
ဆေးစသောက်တုန်းကတော့ အရင်က ကြားဖူးသလို ပျို့တာ၊ အန်တာ၊ မူးတာတွေ ပြင်းပြင်းထန်ထန် ခံရမယ်လို့ ထင်ပေမယ့် ဒီလောက်လည်း မဆိုးပါဘူး။ တစ်ပတ်လောက်နေတော့ တော်တော်ကျင့်သားရသွားပါပြီ။
မေမေကလည်း ဒီကြားထဲမှာ အာဟာရရှိတာတွေ ချက်ပြီး အချိန်တိုင်းကို စားခိုင်းနေတော့တာ။ အမျိုးသားကတော့ ကျွန်မကို နေ့တိုင်းဆေးသောက်ချိန်ရောက်ပြီဆိုတာနဲ့ အော်ခေါ်နေတုန်းပဲ။
ကျွန်မခု အမျိုးသားနဲ့ အတူတူပြန်နေ နေပါပြီ။ ဆရာမပြောထားလို့ ကွန်ဒုံးကိုတော့ သေချာ သုံးပါတယ်။ လိင်က တဆင့် ကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ချင်တာကြောင့်ရော၊ ကိုယ်ဝန်တားချင်တာရောကြောင့်ပဲ။
တစ်လပြည့်တော့ ကျွန်မအပြင်ထွက်လာပြီ။ အလုပ်လုပ်ချင်တာရော၊ လူတွေကြားထဲ ပြန်သွားဖို့ လိုပြီလို့ ထင်တာရောကြောင့်ပါ။ အကြောင်းသိတဲ့သူတွေကတော့ ကျွန်မလာရင် နှာခေါင်းရှုံ့ကြတယ်။ ကျွန်မထိုင်သွားပြီးရင် အရက်ပြန်နဲ့ ဖြန်းကြတယ်။
ရပ်ကွက်ထဲက ဆိုင်တွေကလည်း လူကျတဲ့အချိန်ဆို ကျွန်မကို မလာစေချင်ကြဘူး။ ကျွန်မလာရင် တခြားသူတွေ ထထပြန်သွားလို့လေ။ ပါးစပ်ကသာ ထုတ်မပြောတာ သိပ်တော့ မကြည်ကြပါဘူး။ ဒါကို သိသွားတော့ အမျိုးသားက နောက်ဆို ဘယ်သွားသွား သူလိုက်လာပါတယ်။
ကျွန်မသူငယ်ချင်းတွေကလည်း ကျွန်မကို ပစ်မထားကြပါဘူး။ အရင်လို စားအတူ၊ သွားအတူပါပဲ။ အရင်လိုပဲ ကျွန်မကို လက်ကလေးကိုင်လိုက် ပုခုံးလေးဖက်လိုက်နဲ့ စနောက်နေကြတုန်းပဲ။ နေကြည့်တော့လည်း ထင်သလောက် မဆိုးပါဘူး။ ကျွန်မ သိပ်ဖယ်ကြဉ်ခံရတာမျိုး မရှိပါဘူး။
၆လပြည့်လို့ ရက်ချိန်းပြန်ပြတော့ ဆေးထုတ်ရင်း ကျွန်မကို သွေးတစ်မျိုး စစ်ပေးကြတယ်။ Viral load ဆိုလားပဲ။ အဖြေရတော့ ဆရာမကို ကြည့်လိုက် စာရွက်ကို ကြည့်လိုက်နဲ့ ကျွန်မစိတ်မငြိမ်တော့ပါဘူး။ အဖြေမကောင်းမှာ စိုးတယ်လေ။
ဆရာမက ကျွန်မကို ပြုံးကြည့်ပြီး ‘သမီး သွေးအဖြေကောင်းတယ်နော်’တဲ့။ သမီးသွေးထဲမှာ ပိုးကောင်ရေတော်တော်နည်းသွားပြီ။ ရှာလို့မတွေ့တော့ဘူးတဲ့။’ ကျွန်မ ဒါတွေ နားမလည်ပါဘူး။ ပိုးက မရှိတော့ဘူးလား။ လုံးဝပျောက်သွားတာလားဆိုတော့ ဒီလိုလည်း မဟုတ်ဘူးတဲ့။
ပိုးကောင်ရေက တော်တော်ကြီး နည်းသွားတာ။ စက်က စစ်နိုင်တဲ့ ပမာဏအောက် နည်းသွားလို့ မတွေ့တော့တာတဲ့။ ဒီအဆင့်လောက်ဆိုရင် သက်တမ်းစေ့နေနိုင်တဲ့အပြင် အေအိုင်ဒီအက်စ် ဖြစ်ဖို့ဆိုတာလည်း တော်တော်ကြီး နည်းသွားပါပြီ။ သမီးအမျိုးသားဆီကို ကူးစက်ဖို့ဆိုတာလည်း မရှိသလောက်ပဲတဲ့။ ဆေးကိုတော့ ပုံမှန်ဆက်သောက်နေဖို့ လိုတယ်နော်တဲ့။
ကျွန်မ ဘာမှမကြားပါဘူး။ ကျွန်မသိတာ ပိုးကောင်ရေ မရှိသလောက် နည်းသွားပြီဆိုတာရယ်၊ သူများကို ကူးဖို့ နည်းသွားပြီဆိုတာရယ်ပါပဲ။ ကျွန်မကြောင့် ကျွန်မမိသားစု အကူးခံရမှာ သိပ်ကို ကြောက်နေခဲ့တာလေ။
ဆေးကတော့ ဆက်သောက်မှာပေါ့။ ဘာလို့ မသောက်နိုင်ရမှာလဲ။ HIVကို ဒီလောက်လွယ်လွယ်ကုလို့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူးလေ။
ခုဆို ဆေးသောက်တာ ၂နှစ်ရှိသွားပါပြီ။ သာမန်အိမ်ထောင်သည်တွေလိုပဲ ကျွန်မတို့ လင်မယား နေခဲ့ကြပါတယ်။ နှစ်ဦးသား ညှိနှိုင်းပြီး တားဆေးနဲ့ပဲ ကိုယ်ဝန်တားခဲ့ကြတာ။ ဆေးမှန်မှန်သောက်ခဲ့လို့ ဆေးစစ်တိုင်း ကျွန်မမှာ ပိုးကောင်ရေ ရှာမတွေ့လောက်အောင် နည်းနေတုန်းပဲ။ အမျိုးသားမှာလည်း ပိုးကူးစက်ခံရတာမျိုး မရှိပါဘူး။
ကလေးယူကြမယ်လို့ ဆုံးဖြတ်တုန်းက ကျွန်မတော်တော်လန့်နေတာပါ။ ကျွန်မသောက်နေတဲ့ ဆေးတွေက ကလေးကို ထိခိုက်မှာလား၊ ကလေးမှာ ပိုးပါလာမှာလား ချီတုံချတုံ ဖြစ်နေခဲ့ပါတယ်။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ယူခဲ့ကြလို့ ခုဆို ကိုယ်ဝန်က ၆လကျော်နေပါပြီ။
ဆေးမှန်မှန်သောက်တဲ့ အတွက် ကလေးဆီကို ပိုးပါလာဖို့ဆိုတာ အင်မတန်နည်းတာမို့လို့ ကျွန်မကလေးလေးကို ကျန်းကျန်းမာမာနဲ့ မွေးနိုင်မှာပါ။
အရင်လို ကျွန်မကိုယ်မှာ အရိပ်မည်းကြီး မရှိတော့ပါဘူး။ သာမန်လူလိုပဲ နေထိုင်သွားလာနေပါပြီ။ ဒီလို ဖြစ်ဖို့ ကျွန်မဘက်က ရင်းခဲ့ရတာ တစ်ခုပါပဲ။
ဟုတ်ပါတယ်။ ARTကို နေ့တိုင်း ပုံမှန် မပျက်မကွက်သောက်ခဲ့ခြင်းပဲ ဆိုပါတော့။
ART ဆေးပုံမှန်သောက်သုံးခြင်းဖြင့် ပိုးကောင်ရေ ထိန်းချုပ်လျှော့ချနိုင်ကြောင်းကို ပိုမိုလေ့လာရန် https://www.facebook.com/UequalsUMyanmar တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
[embed-health-tool-ovulation]