backup og meta

သားအိမ်ထဲမှာ ကြိုးပျောက် နေပြီဆိုရင်

သားအိမ်ထဲမှာ ကြိုးပျောက် နေပြီဆိုရင်

သားအိမ်ထဲ ပစ္စည်းထည့်တဲ့သူတွေ သိပါတယ်။ ဒီပစ္စည်းလေးရဲ့ နောက်မှာ အမြီးလိုမျိုး ကြိုး လေးပါတာကိုပေါ့။ ဒီအမြီးလေးက ဘာအတွက်လဲဆိုရင် သားအိမ်ထဲ ထည့်တဲ့ ပစ္စည်းလေး နေရာကျရဲ့လား။ အပြင်ကို ထွက်သွားပြီလားဆိုတာ သိဖို့အတွက်ပါ။ တစ်ခါတစ်လေ ဒီကြိုးလေးကို စမ်းမမိတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါသင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လေ့လာချက်တွေအရ သားအိမ်ထဲ ပစ္စည်းထည့်တဲ့သူတွေရဲ့ ၁၈ရာခိုင်နှုန်းက ကြိုးကို စမ်းမမိတတ်ပါဘူးတဲ့။ ဆိုလိုတာက သားအိမ်ထဲမှာ ကြိုးပျောက် နေတာပါ။

ကြိုးပျောက်ရတဲ့ ဒါမှမဟုတ် ကြိုးစမ်းမမိတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပေမယ့် အများစုကတော့ သိပ်စိုးရိမ်စရာ မလိုတဲ့ အချက်တွေပါ။ ဘာဖြစ်လို့ ကြိုးကို စမ်းမမိရတာလဲ။ ဘယ်လိုလက္ခဏာတွေက အရေးကြီးလဲ၊ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြရမလဲဆိုတာ ဆက်ကြည့်ရအောင်။

ဘာလို့ ကြိုး ကို စမ်းမမိတာလဲ။

သားအိမ်ထဲကို ပစ္စည်းထည့်တဲ့အခါမှာ ပစ္စည်းလေးရဲ့ အဆုံးမှာ ၂လက်မလောက် ကြိုးလေး တွဲလောင်းကျနေပါတယ်။ လက်လေးနဲ့ အသာလေးစမ်းရုံနဲ့တင် မိပါတယ်။ ငါးမျှားကြိုးကို စမ်းရတာနဲ့ တူပါတယ်။

ဒါပေမယ့် ဘာကြောင့်လည်း မသိ၊ အမျိုးသမီးအများစုက ကြိုးမစမ်းမိတတ်ကြဘူး။ သိပ်တော့ စိုးရိမ်စရာ မရှိပေမယ့် ပစ္စည်းထွက်ကျသွားတာ ဖြစ်နိုင်တာကြောင့် ဆရာဝန် သွားပြပါ။ ရှေ့ရက်တွေက အကာအကွယ်မပါဘဲ အတူနေမိရင် ချက်ချင်း အရေးပေါ်တားဆေးသုံးပါ။

သားအိမ်ထဲမှာ ကြိုးပျောက် ရတဲ့ အကြောင်းရင်းများ

  • ကြိုးက တိုပြီး မိန်းမကိုယ် အတွင်းထဲရောက်နေတာ

ကြိုးတိုတာ ဖြစ်နိုင်သလို၊ စမ်းမယ့်လူက လက်တိုနေတာလည်း ဖြစ်နိုင်ပါတယ်။

  • သားအိမ်ခေါင်းထဲမှာ ကြိုးခွေနေတာ

တစ်ခါတစ်လေကျရင် ကြိုးက သားအိမ်ခေါင်းထဲမှာ လိပ်ခွေနေတာမျိုးလည်း ရှိပါတယ်။ သားအိမ်ခေါင်းရဲ့ တစ်ရှူးတွေထဲမှာ ပျောက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရာသီလာလိုက်ရင် ကြိုးက အောက်ကို ပြန်ကျလာပြီး ပြန်စမ်းမိနိုင်ပါတယ်။

  • သားအိမ်ထဲကနေ ပစ္စည်းထွက်ကျခြင်း

ဖြစ်ခဲပေမယ့် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် စထည့်ထည့်ချင်း တစ်နှစ်အတွင်းမှာ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ အောက်ကို အပြီးထွက်ကျတာ မဟုတ်တဲ့အတွက် အိမ်သာသွားနေတုန်းဖြစ်ဖြစ်၊ အတွင်းခံထဲမှာ ဖြစ်ဖြစ် မတွေ့ရတတ်ပါဘူး။ မတော်တဆ အပြင်ကို ထွက်လာတာ တွေ့ရင်တောင် ကိုယ့်ဟာကိုယ် ပြန်မထည့်ပါနဲ့။ ဆရာဝန်နဲ့ ပြန်ပြပါ။

  • ပေါက်ထွက်ခြင်း

သားအိမ်ထဲ ထည့်တဲ့ ပစ္စည်းလေးက တစ်ခါတစ်လေ သားအိမ်ခေါင်းကို ဖြစ်ဖြစ်၊ သားအိမ်ကို ဖြစ်ဖြစ် ထိုးမိတတ်ပါတယ်။ လုံးဝပေါက်ထွက်သွားတာမျိုးကတော့ ရှားပါတယ်။  American College of Obstetricians and Gynecologistsရဲ့ အဆိုအရ လူ၁၀၀၀မှာ ဟော်မုန်းပါတဲ့ ပစ္စည်းကို သုံးတဲ့သူက ၁.၄ယောက်၊ ကော့ပါးပါတဲ့ ပစ္စည်းကို သုံးတဲ့သူက ၁.၁ယောက် လောက်ပဲ ပေါက်ထွက်တတ်ပါတယ်။ မကြာခင်ကမှ မီးဖွားထားတဲ့သူတွေ၊ နို့တိုက်နေတဲ့ သူတွေကတော့ ဒီအချိန်မှာ သားအိမ်က နူးညံ့နေတဲ့အတွက် ပေါက်ထွက်နိုင်ချေ ပိုများပါတယ်။

ဘာလက္ခဏာတွေကို သတိထားရမလဲ။

ကြိုးကို မစမ်းမိတာပဲ ဖြစ်ဖြစ်၊ သားအိမ်ခေါင်းထဲ ခွေနေတာဖြစ်ဖြစ် ကြိုးပျောက်ရုံကလွဲပြီး တခြားဘာလက္ခဏာမှ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာဝန်နဲ့တော့ သွားပြသင့်ပါတယ်။ ပစ္စည်းထွက်ကျသွားတာ ဖြစ်နိုင်တာကြောင့် ရှေ့ရက်တွေက အကာအကွယ်မပါဘဲ အတူနေမိရင် ချက်ချင်း အရေးပေါ်တားဆေးသုံးပါ။

တချို့သော လက္ခဏာတွေက ကြီးကြီးမားမား ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဥပမာ ပေါက်ထွက်သွားတာမျိုး၊ နေရာလွဲနေတာမျိုး၊ ပိုးဝင်တာမျိုးပေါ့။ ဒါကြောင့်

  • ပြင်းပြင်းထန်ထန် ဗိုက်အောင့်တာ ဒါမှမဟုတ် အကြာကြီး အောင့်တာ
  • ချမ်းတုန်ဖျားတာ
  • မိန်းမကိုယ်ကနေ သွေးတွေ၊ အရည်တွေ၊ အနံ့ဆိုးထွက်တာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။

ကြိုး စမ်းလို့ မမိရင် ဘယ်လို လုပ်ကြမလဲ။

အကောင်းဆုံးက ဆရာဝန်နဲ့ ပြရမှာပါ။ ကြိုးစမ်းမမိဘူးဆိုရင် အရင်ဆုံး မိန်းမကိုယ်ကို စမ်းသပ်ကြည့်ပြီး ကြိုးရှိမရှိ ရှာမှာပါ။ လိုအပ်ရင် colposcopeလို့ ခေါ်တဲ့ မှန်ပြောင်းလိုဟာမျိုးနဲ့ ချဲ့ကြည့်ပြီး ရှာရမှာပါ။

ဒါမှ မတွေ့သေးဘူးဆိုရင် ultrasound ရိုက်ပြီး ရှာမှာပါ။ Ultrasoundမှာမှ မတွေ့ဘူးဆိုရင် ဖြစ်နိုင်တာက မိန်းမကိုယ်ကနေ ထွက်ကျသွားတာ ဖြစ်ဖို့ များပါတယ်။ လိုအပ်ရင် ဓာတ်မှန်ရိုက်ပြီး သားအိမ်ကို ဖောက်သွားလား၊ ဗိုက်ထဲရောက်သွားလားဆိုပြီး စစ်ဆေးရမှာပါ။

စစ်ဆေးလိုက်လို့ ပစ္စည်းလေးက သားအိမ်ထဲမှာ ဒီတိုင်းလေးပဲ ရှိနေတယ်ဆိုရင် ဘာမှမလုပ်ဘဲ ဒီတိုင်းထားလိုက်လို့ ရပါတယ်။ နေရာလွဲသွားလို့ပဲ ဖြစ်ဖြစ်၊ ပြန်ထုတ်ချင်ရင်ပဲ ဖြစ်ဖြစ် ဆရာဝန်နဲ့ တိုင်ပင်ပြီး ထုတ်လို့ရပါတယ်။

ပစ္စည်းနေရာရွေ့သွားရင် ဘာလုပ်လို့ရလဲ။

သားအိမ်ကို ဖောက်ထွက်သွားရင်တော့ ဆေးရုံမှာ ခွဲစိတ်ပြီး ပြန်ထုတ်ရမှာပါ။

နေရာလွဲနေတယ်၊ အပြင်ကို နည်းနည်းထွက်နေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ထုတ်လိုက်လို့ ရပါတယ်။ သားအိမ်ခေါင်းကျယ်ဆေးကို သုံးပြီး ညှပ်ကလေးနဲ့ ဆွဲထုတ်ရုံပါပဲ။

များသောအားဖြင့်တော့ သားအိမ်ထဲထည့်တဲ့ ပစ္စည်းက ထုတ်ပြီးတာနဲ့ အသစ်တစ်ခု ချက်ချင်းပြန်ထည့်လို့ရပါတယ်။

သားအိမ်ထဲထည့်တဲ့ ပစ္စည်းရဲ့ ကြိုးက tamponရဲ့ ကြိုးလောက် မရှည်တဲ့ အတွက် စမ်းမိဖို့ ခက်ပါတယ်။ ဒါကြောင့် ကြိုးရဲ့ ထိပ်လေးကိုပဲ စမ်းမိတာပါ။ အနည်းဆုံး တစ်လတစ်ခါလောက် စမ်းသင့်ပါတယ်။ အကောင်းဆုံးက ရာသီလာပြီး နောက်နေ့ စမ်းတာ ပိုကောင်းပါတယ်။ စမ်းမမိလည်း စိတ်မပူပါနဲ့။ စိတ်အေးအေးထားပြီး ဆရာဝန်နဲ့ ပြသပါ။ နောက်ထပ် ဘာလုပ်ရမလဲဆိုတာ အကြံပေးပါလိမ့်မယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.verywellhealth.com/iud-strings-missing-906756

https://www.medicalnewstoday.com/articles/326706#seeing-a-doctor

https://www.healthline.com/health/birth-control/cant-feel-IUD-string#takeaway

ယခုပုံစံ

20/03/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းသောက်မယ်ဆို ဘာတွေသိထားဖို့လိုလဲ ။ ။

တားဆေးသောက်တာရပ်ရပ်ချင်း ကိုယ်ဝန်ရနိုင်ပါသလား ။ ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement