backup og meta

သားဆက်ခြားဖို့အတွက် စဉ်းစားစရာအဆင့်ဆင့်

သားဆက်ခြားဖို့အတွက် စဉ်းစားစရာအဆင့်ဆင့်

သားဆက်ခြားတဲ့ကိစ္စဟာ အိမ်ထောင်သည်တိုင်းအတွက် အင်မတန်မှကို အရေးကြီးတဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်။ မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ အကျိုးကျေးဇူးတွေအများကြီးပဲ ရှိတာမို့ ဒါကို စုံတွဲတော်တော်များများက အလေးထား လုပ်ဆောင်လာကြပါတယ်။ ပူပူနွေးနွေး မင်္ဂလာဆောင်ပြီးသွားရင် စုံတွဲတစ်တွဲအနေနဲ့ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ဘဝတစ်ခုကို ဖြတ်သန်းမယ်၊ မျှော်မှန်းထားတဲ့ အခြေအနေတစ်ခုရောက်အောင် သွားကြမယ် ဆိုတဲ့အခါ အဆင်သင့်မဖြစ်သေးဘဲ ကလေးမရသွားအောင် ကြိုတင်ပြင်ဆင်လာကြတယ်။

အဲဒီအခါ အမျိုးသမီးတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ကျွန်မနဲ့ အသင့်တော်ဆုံး သားဆက်ခြားနည်းက ဘာဖြစ်မလဲ ဆိုတာပါပဲ။ တစ်ခါမှကလည်း မသုံးဖူး၊ အရွယ်တွေက ငယ်သေးတော့ ဒီဆေးတွေ သုံးလို့ ဝလာပြီး မလှတော့မှာကလည်း စိုးသေးတယ်၊ ဒီကြားထဲမှာ တခြားအမျိုးသမီးကြီးတွေရဲ့ စကားကလည်း တစ်စွန်းတစ်စ ကြားထားလေတော့ ပိုပြီး ဝေခွဲရခက်နေတတ်ပါတယ်။

တကယ်တော့ ဘယ်နည်းလမ်းနဲ့ သင့်တော်တယ်ဆိုတာ ဘယ်သူကမှ ဆုံးဖြတ်ပေးလို့ မရပါဘူး။ အမျိုးသမီးတွေကိုယ်တိုင်ပဲ ဆုံးဖြတ်ရတာပါ။ ဒီလိုရွေးချယ်ဆုံးဖြတ်နိုင်ဖို့ကိုသာ ကျွန်တော်တို့ ဆရာဝန်တွေက ကူညီပေးရတာဖြစ်ပါတယ်။

ဒါကြောင့် အဲဒီလို မိသားစုစီမံကိန်းဆွဲတော့မယ်၊ သားဆက်ခြားဖို့အတွက် ပြင်ဆင်တော့မယ်ဆိုရင် စဉ်းစားသင့်တာတွေကို အဆင့်လိုက် ရေးသွားပါမယ်။

၁။ ဘယ်နှနှစ် ကိုယ်ဝန်တားထားချင်တာလဲ စစဉ်းစားပါ။

သားဆက်ခြားနည်းတွေမှာ ကာလတိုနည်းနဲ့ ကာလရှည်နည်းရယ်လို့ ရှိတယ်။ လပိုင်းလောက်၊ နှစ်အနည်းငယ်လောက်ပဲ တားထားမယ်ဆို ကွန်ဒုံး၊ ဆေးကတ်နဲ့ ထိုးဆေးတွေ သုံးလို့ရတယ်။ နှစ်ရှည်တားထားချင်တာဆို သားအိမ်ထဲထည့်တာ၊ လက်မောင်းထဲထည့်တာတွေ လုပ်လို့ရတယ်။ အရင်ကတော့ သားအိမ်ထဲထည့်တာက ကလေးတစ်ခါမှ မမွေးဖူးသေးရင် ထည့်လို့မရဘူး ပြောကြပေမယ့် ခုနောက်ပိုင်းမှာ ထည့်လို့ဖြစ်နိုင်တယ်လို့ ပြောလာကြတာမို့ သုံးမယ်ဆို အသုံးပြုနိုင်ပါတယ်။

၂။ ဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ အဆင်ပြေမပြေ စဉ်းစားပါ။

ကာလတိုနည်းထဲမှာလည်း ဟော်မုန်းပါတာနဲ့ မပါတာရှိသလို၊ ကာလရှည်နည်းတွေထဲမှာလည်း ရှိပါတယ်။ ဘာကွာမလဲဆိုတော့ ဟော်မုန်းပါတဲ့နည်းတွေသုံးရင် ဟော်မုန်းရဲ့ ဘေးထွက်ဆိုကျိုးတွေကို ခံစားရတာမျိုး ရှိနိုင်တယ်။ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ အသားအရည်ပြောင်းသွားတာ၊ ခေါင်းမူးတာ၊ ပျို့အန်တာတွေ ဖြစ်တတ်တယ်။ ဒီနေရာမှာ တစ်ခု သိစေချင်တာက ဒါတွေဖြစ်ကိုဖြစ်မယ်လို့တော့ မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး၊ တချို့ဖြစ်တယ်၊ တချို့မဖြစ်ဘူး။ နောက်ပြီး ဝလာတာဆိုတာကလည်း ဒီနည်းတွေကြောင့် ဝတာက နည်းနည်းပဲ၊ အဓိကက အသက်အရွယ်နဲ့ နေထိုင်မှုပုံစံကြောင့်သာ ဝလာတာဖြစ်တယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ အစားရှောင်မယ်၊ လေ့ကျင့်ခန်းများများ လုပ်မယ်ဆိုရင် ဝမလာအောင် ထိန်းထားလို့ရမယ်။ ကာလတိုနည်းဖြစ်တဲ့ ကွန်ဒုံးနဲ့ ကာလရှည်နည်းထဲက တစ်ခုဖြစ်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းတို့က ဟော်မုန်းမပါတာမို့ ဒီလိုဘေးထွက်ဆိုးကျိုးတွေ မခံစားချင်ဘူးဆိုရင် ရွေးချယ်လို့ရတယ်။

သားဆက်ခြားနည်းတစ်ခုကို ရွေးတော့မယ်ဆို အဓိက စဉ်းစားရမှာက ဒီနှစ်ခုပါပဲ။ ဘယ်နှနှစ်တားချင်တာလဲ၊ ဟော်မုန်းပါတာဆို အဆင်ပြေမလား။ ဒီလောက်ဆို တော်တော်လေးလည်း စဉ်းစားရလွယ်လာပြီ။ ပြီးတော့မှ အသေးစိတ် ထပ်စဉ်းစားရမှာတချို့ကို ဆက်ရေးပါမယ်။

၃။ ရာသီပုံမှန်ပေါ်မှ အဆင်ပြေတာလား

ကွန်ဒုံးနဲ့ သားအိမ်တွင်းထည့်ပစ္စည်းကတော့ ရာသီပုံမှန်ပေါ်တယ်။ နေ့စဉ်သောက်ဆေးကတ်ကလည်း နောက်ဆုံးတန်း အားဆေးလုံးတွေ သောက်နေပြီဆိုရင် သွေးဆင်းလာတတ်တယ်။ ၃လခံထိုးဆေးနဲ့ လက်မောင်းတွင်းထည့်ပစ္စည်းကတော့ ရာသီမပေါ်တာများတယ်။ အဲ့လိုမပေါ်လို့လည်း ဘာရောဂါမှတော့ မဖြစ်ဘူး။ သူ့ရဲ့ အာနိသင်ကြောင့် ဖြစ်တာပဲ။ ဒီအခါ တချို့အမျိုးသမီးတွေက အလုပ်ရှုပ်တောင် သက်သာသေးတယ် ဆိုပြီး သဘောကျပေမယ့် တချို့အမျိုးသမီးတွေကတော့ ရာသီမပေါ်ရင် မနေတတ်ဘူး၊ မိန်းမမဆန်သလို ခံစားရတယ်လို့ ထင်တတ်ကြတယ်။ ဒီလိုဆိုရင်တော့ ရာသီမပေါ်တတ်တဲ့နည်းတွေကို အသုံးပြုဖို့ အဆင်ပြေနိုင် မပြေနိုင် သေချာစဉ်းစားသင့်တယ်။

၄။ ကလေး ချက်ချင်းပြန်ရမှ အဆင်ပြေတာလား

သားဆက်ခြားနည်းတွေ အားလုံးထဲမှာ ၃ လခံထိုးဆေးမှာပဲရှိတဲ့ ထူးခြားချက်တစ်ခုက အာနိသင်ကျန်တတ်တာပါပဲ။ ဆိုလိုတာက ဆေးထိုးရပ်လိုက်ပေမယ့် ကလေးချက်ချင်း ပြန်မရတတ်ဘူး။ လုံးမဝမရနိုင်တော့တာ မဟုတ်ပေမယ့် လအနည်းငယ်စောင့်ရတတ်တယ်။ ပြီးတဲ့အခါ ကိုယ်ဝန်ပြန်ရလာလိမ့်မယ်။ ဒါပေမယ့်လည်း ကိုယ်ဝန်လိုချင်ရင် ချက်ချင်းရမှဖြစ်မယ် ဆိုတဲ့ စုံတွဲမျိုးတွေအတွက်တော့ ဒါကို သေချာစဉ်းစားရမယ်။ အထူးသဖြင့်၊ ကလေးရပြီးသားစုံတွဲဆို ပြဿနာမရှိပေမယ့် ကလေးတစ်ခါမှ မမွေးဖူးသေးရင်တော့ ပိုလို့ သတိထားရပါလိမ့်မယ်။

၅။ တစ်နေ့တစ်လုံး သောက်ဖို့ အဆင်ပြေနိုင်လား

ဒါက နေ့စဉ်သောက်ဆေးကတ်ကို ရွေးတော့မယ်ဆို ကိုယ့်ကိုယ်ကိုယ် မဖြစ်မနေ မေးသင့်တဲ့မေးခွန်းပါ။ နေ့စဉ်နေ့တိုင်း အချိန်မှန်ဆေးသောက်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ ဒါကြောင့်မို့ ကိုယ်ဟာ ဒီလိုသောက်နိုင်တဲ့ အခြေအနေရှိလား စဉ်းစားပါ။ နောက်ပြီး ဆေးသောက်ဖို့ မေ့ခဲ့ရင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း သိအောင် လုပ်ထားစေချင်ပါတယ်။ ဒီဆေးကတ် သောက်နေတဲ့ အမျိုးသမီးအများစုဟာ သောက်သာသောက်နေကြတယ်၊ မေ့ခဲ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာကို မှန်မှန်ကန်ကန် သိမနေကြပါဘူး။

၆။ အမျိုးသားရဲ့ ဆန္ဒ

သားဆက်ခြားတဲ့ကိစ္စဟာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဆိုပေမယ့် ကွန်ဒုံးလို နည်းလမ်းမျိုးကျ အမျိုးသားရဲ့ပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်။ သားအိမ်ထဲထည့်တာဆိုလည်း အမျိုးသားက သဘောမကျဘူး ဆိုတာတွေ ရှိတတ်တာမို့ သူနဲ့တိုင်ပင်ပြီးမှ ရွေးချယ်တာ ပိုအဆင်ပြေပါတယ်။ ဆေးခန်းသွားတဲ့အခါ ဆရာဝန်နဲ့ ဆွေးနွေးရင် သူ့ကိုပါ တစ်ပါတည်း ခေါ်သွားတာမျိုး လုပ်နိုင်ပါတယ်။

၇။ သောက်နေတဲ့ဆေးနဲ့ ဖြစ်နေတဲ့ရောဂါတွေ

ဥပမာ တီဘီဆေးသောက်နေတဲ့အချိန်ဆို ဟော်မုန်းပါတဲ့နည်းတွေ သုံးလို့မရဘူး။ သုံးရင် အာနိသင်ကျတတ်လို့ ကိုယ်ဝန်ရသွားတာမျိုး ဖြစ်တတ်တယ်။ နောက်ပြီး လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ၊ သားအိမ်အနေအထား အဆင်မပြေတာတွေ ရှိနိုင်ရင်လည်း ဆရာဝန်နဲ့ စစ်ဆေးပြီး စိတ်ချရမှ သားအိမ်ထဲထည့်တာမျိုး လုပ်သင့်တယ်။ ဒီလိုမျိုး ဘယ်ဆေးက မတည့်ဘူး၊ ဘယ်ရောဂါနဲ့ဆို အဆင်မပြေဘူးဆိုတာတွေကတော့ သာမန်လူတစ်ယောက်အနေနဲ့ မသိနိုင်တာမို့ ဆရာဝန်ကိုသာ သေချာပြောပြရမှာဖြစ်ပါတယ်။ ဒါမှ သူက အကောင်းဆုံးအကြံဉာဏ်တွေ ပေးနိုင်မှာပါ။

ခုပြောခဲ့တဲ့အချက်တွေကတော့ သားဆက်ခြားနည်းတစ်ခု သုံးတော့မယ်ဆိုရင် ကိုယ်နဲ့ဘယ်နည်းလမ်းနဲ့က သင့်တော်သလဲဆိုတာကို ရွေးချယ်နိုင်ဖို့အတွက် အဆင့်ဆင့်စဉ်းစားသင့်တာလေးတွေ ဖြစ်ပါတယ်။ ဒီအပေါ် အခြေခံ၊ ဆရာဝန်ဆရာမက ပြောပြတဲ့ အချက်တွေနဲ့ ပေါင်းစပ်ပြီး ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းကို ရွေးချယ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

10/02/2022

Dr. Thurein Hlaing Win မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သားဆက်ခြားခြင်းအကြောင်း သိကောင်းစရာများ

အရေးပေါ်သားဆက်ခြားနည်း



Dr. Thurein Hlaing Win မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement