backup og meta

ကွန်ဒုံးများ သက်တမ်းကုန်ဆုံးခြင်း

ကွန်ဒုံးများ သက်တမ်းကုန်ဆုံးခြင်း

ကွန်ဒုံးကို ဘာလို့ အသုံးပြုသင့်လဲ။

လိင်ဆက်ဆံတဲ့အချိန်တိုင်း ကွန်ဒုံးကို မှန်ကန်စွာ အသုံးပြုသင့်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်ရောဂါများနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို ကာကွယ်ပေးဖို့ အသုံးပြုရခြင်း ဖြစ်ပါတယ်။ တစ်ကြိမ် လိင်ဆက်ဆံရင် ကွန်ဒုံး တစ်ခုသာ အသုံးပြုရပြီး သုက်လွှတ်ပြီးတာနဲ့ ဂရုတစိုက် လွှတ်ပစ်ဖို့ လိုပါတယ်။ လိင်ဆက်ဆံနေစဉ် ပေါက်ပြဲသွားခဲ့ရင် အသစ်တစ်ခုကို အမြန်ဖြုတ်လဲဖို့ အရေးကြီးပါတယ်။ ကွန်ဒုံး ဝယ်တဲ့အခါ သက်တမ်းကုန်ဆုံးနေခြင်း ရှိမရှိကို သေချာစစ်ဆေးပါ။

သက်တမ်းကုန်ဆုံးတဲ့ ကွန်ဒုံးကို ဘာလို့ အသုံးမပြုသင့်တာလဲ။

ကွန်ဒုံးတစ်ခု သက်တမ်းကုန်ဆုံးသွားတဲ့အခါ ထည့်သွင်းထားတဲ့ ချောဆီတွေဟာလည်း ခမ်းခြောက်သွားပြီး ပါးသွားတတ်ပါတယ်။ ဒီအခါ လိင်ဆက်ဆံနေရင်း ပေါက်ပြဲသွားနိုင်ခြေ ပိုများပါတယ်။ အဲဒီအခါ ကိုယ်ဝန်၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း မရှိတော့ပါဘူး။

ကွန်ဒုံးရဲ့ သက်တမ်းကုန်ဆုံးခြင်းအကြောင်း

များသောအားဖြင့် ကွန်ဒုံးတွေသည် စတင်ထုတ်လုပ်ပြီးတဲ့အချိန်မှ စတင်၍ ၃ နှစ်မှ ၅ နှစ်အတွင်း သက်တမ်းကုန်ဆုံးသွားနိုင်ပါတယ်။ သက်တမ်းကုန်ဆုံးရက်ကို ကွန်ဒုံးဘူးခွံ၊ အထဲမှ ပါကင်ထုတ်တွေမှာ ထည့်သွင်းပေးထားပါတယ်။ သက်တမ်းကုန်ဆုံးရက် (Expiry Date) မပါဝင်တဲ့ ကွန်ဒုံးအမျိုးအစားကို လုံးဝ မဝယ်သင့်ပါ။ တချို့သော အရာတွေက ကွန်ဒုံးရဲ့ သက်တမ်းကုန်လွန်ခြင်းကို မြန်ဆန်စေနိုင်ပါတယ်။

၁။ ဘောင်းဘီ၊ ပိုက်ဆံအိတ်၊ လွယ်အိတ် အိတ်ကပ်တွေမှာ အချိန်ကြာမြင့်စွာ သိမ်းဆည်းထားတဲ့အခါ အထဲက အောင်းနေတဲ့အပူချိန်ကြောင့် ကွန်ဒုံးရဲ့ သက်တမ်းကုန်ဆုံးမှုကို လျင်မြန်စေနိုင်ပါတယ်။ ဒါကြောင့် သွားလေရာ ဆောင်ယူသွားသင့်တယ်ဆိုပေမယ့် အသစ်စက်စက်ကို ဝယ်ပြီးမှ ချက်ချင်း အသုံးပြုတာက အကောင်းဆုံး ဖြစ်မှာပါ။ ဝယ်ပြီးသိပ်မကြာသေးတဲ့ ကွန်ဒုံးတွေဆိုရင်တော့ သိပ်ပြဿနာမရှိပါဘူး။

၂။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်း လုံးဝမရှိစေရပါဘူး။ နေရောင်ခြည်ရဲ့ အပူရှိန်ဟာ ပြင်းထန်လွန်းတာကြောင့် ကွန်ဒုံးရဲ့ သက်တမ်းကို အကုန်မြန်စေနိုင်တယ်ဆိုတာ သတိထားပေးပါ။ ဘယ်မှာ သိမ်းထားမလဲဆိုရင် ကိုယ့်အိပ်ခန်းရဲ့ အံဆွဲထဲမှာ၊ မီးအိမ်၊ မီးချောင်းနဲ့ ဝေးတဲ့ ခုံပေါ်မှာ ထားသင့်ပါတယ်။

၃။ ခုနောက်ပိုင်းမှာတော့ ကွန်ဒုံးတွေကို Latex ရာဘာသားနဲ့ ထုတ်လုပ်မှုပိုများလာပါတယ်။ အကြောင်းရင်းကတော့ ရာဘာသား ဖြစ်တဲ့အတွက် သက်တမ်းပိုကြာသလို အလွယ်တကူ ပေါက်ပြဲနိုင်ခြင်း မရှိတာပါ။ အရင်တုန်းက ကွန်ဒုံးအများစုဟာ တိရစ္ဆာန် အရေခွံကနေ ထုတ်လုပ်တာဖြစ်တဲ့အတွက် ထိရောက်မှုလည်း နည်းသလို သက်တမ်းကုန်ဆုံးဖို့လည်း လျင်မြန်နိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာ ကွန်ဒုံးကို အသုံးမပြုသင့်ဘူးလဲ။

လိင်ဆက်ဆံခြင်း မပြုခင်မှာ ကွန်ဒုံးကို ဖောက်ပြီး သေချာကြည့်သင့်ပါတယ်။

• ကွန်ဒုံးထုတ်ဟာ ပြဲနေခြင်း၊ ချောဆီများ ယိုစိမ့်ထွက်နေခြင်း

• ကွန်ဒုံးမှာ အပေါက်ငယ်လေးများ ပေါက်နေခြင်း၊ ပြဲနေခြင်း

• ကွန်ဒုံးသည် ကပ်စေးစေးဖြစ်နေခြင်း

• အနံ့အသက် မကောင်းခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတယ်ဆိုရင် အသုံးမပြုသင့်တော့ပါဘူး။

ကွန်ဒုံးကို ဖောက်တဲ့အခါ ကပ်ကြေးနဲ့ သေချာဂရုစိုက်ပြီး ဖောက်သင့်ပါတယ်။ ပါးစပ်နဲ့ ဆွဲပြီး ကိုက်ဖောက်ခြင်းဟာ အခန့်မသင့်ရဲ့ အထဲမှာ ရှိတဲ့ ကွန်ဒုံးကို ပြဲသွားစေနိုင်တာကြောင့် နည်းနည်းတော့ သတိထားဖို့ လိုပါမယ်။ ကွန်ဒုံးကို ဝယ်ပြီး မသုံးဖြစ်တာ ၆ လအထက် ရှိနေပြီဆိုရင်တော့ အသုံးမပြုခင်မှာ သေချာ ဖောက်ပြီး စစ်ကြည့်ဖို့ လိုပါတယ်။

သက်တမ်းလွန် ကွန်ဒုံးအသုံးပြုခြင်းဟာ ကွန်ဒုံးမသုံးတာထက် စိတ်ချရရဲ့လား။

နှစ်ခုလုံးကတော့ စိတ်ချရတဲ့ အခြေအနေမှာ မရှိပါဘူး။ ဒါပေမယ့်လည်း ဘယ်လိုမှ မတတ်သာတဲ့ အခြေအနေမျိုးမှာ သက်တမ်းလွန်နေတဲ့ ကွန်ဒုံးကို အသုံးပြုပြီး လိင်ဆက်ဆံခြင်းဟာ ကွန်ဒုံးလုံးဝ မသုံးတာထက်တော့ ရာခိုင်နှုန်းအနည်းငယ် ပိုပြီး ကာကွယ်ပေးနိုင်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/healthy-sex/do-condoms-expire#tips-for-storage (May 31, 2020)

ယခုပုံစံ

15/06/2022

Ye Myo Myat မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ

မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ



Ye Myo Myat မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement