backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

တစ်ကိုယ်ရေသန့်ရှင်းရေးက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

တစ်ကိုယ်ရေသန့်ရှင်းရေးက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ

တစ်ကိုယ်ရေသန့်ရှင်းရေး ကို ဂရုစိုက်တာက ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တယ်ဆိုတာ သိပါရဲ့လား။ လူတစ်ယောက် ကျန်းမာပျော်ရွှင်ဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးက တော်တော်လေး အရေးပါတဲ့ အရာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးက ကျန်းမာရေး အတွက်တင် မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်မှုအပေါ်မှာပါ သက်ရောက်မှု ရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို မဖြစ်မနေ ဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်မှုက ဖျားနာမှုကင်းစေသလိုရောဂါပိုးတွေ ကူးစက်ခံရတာနဲ့ ခန္ဓာကိုယ်အနံ့ဆိုးတွေကနေပါ ကာကွယ်ရောက်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုက

တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အနေအထိုင် အစားအသောက်ကစလို့ အဝတ်အစားတွေအထိ သေသေချာချာဂရုစိုက်ပေးပါမှ ခန္ဓာကိုယ်ကို ကျန်းမာစေမှာပါ။ ရောဂါကူးစက်နိုင်ခြေကိုလည်း လျှော့ချနိုင်မှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်မှုက အဖိုးမများတဲ့ ကျန်းမာရေးစောင်ေ့ရှာက်မှုပေါ့။ တစ်ကိုယ်ရေသန့်ရှင်းမှုက လူမှုဆက်ဆံရေးမှာလည်း လူဝင်ဆန့်စေနိုင်တဲ့အချက်တစ်ခုပါ။ ခန္ဓာကိုယ်က အနံ့ဆိုးတွေထွက်နေမယ်၊ ခံတွင်းနံ့ဆိုးတွေဖြစ်နေမယ်၊ အရေပြားမှာ မှိုစွဲတာနဲ့ အခြားသော အနာတွေဖြစ်နေမယ်၊ လက်သည်း၊ ခြေသည်းတွေက ညစ်ပေနေမယ်ဆိုရင် လူအထင်သေးခံရနိုင်သလို ပတ်ဝန်းကျင်က လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင်ရောဂါပိုးတွေကို လက်ခံထားရာဖြစ်နေတော့ အလွယ်တကူဆိုသလို မကျန်းမမာဖြစ်နိုင်တာပေါ့။ ဒါကြောင့် ကျန်းမာရေးပျော်ရွှင်တဲ့နေ့ရက်တွေပိုင်ဆိုင်ပြီး လူချစ်လူခင်ပေါများချင်တယ်ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာဂရုစိုက်ပေးပါ။

တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းရင်ဖြစ်လာနိုင်တဲ့ရောဂါတွေက

တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတဲ့အခါ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေကူးစက်ခံရမှုကြောင့်

  • တီဘီအဆုတ်ရောင်ရောဂါ
  • ဝမ်းလျှောခြင်း
  • ကာလဝမ်းရောဂါ
  • ဖျားနာမှုဝေဒနာ
  • တုပ်ကွေး
  • အသည်းရောင်အသားဝါရောဂါ
  • ရေယုန်ပေါက်ခြင်း
  • ပိုလီယိုရောဂါ
  • ဝက်သက်
  • ရေကျောက်
  • ကြွက်နို့
  • ခြေသည်းမှိုစွဲခြင်း
  • အူရောင်ငန်းဖျားရောဂါ
  • အစာအဆိပ်သင့်ခြင်း
  • နှာစေးခြင်း
  • သန်ထခြင်း
  • ဆင်ခြေထောက်ရောဂါ
  • မေးခိုင်ပိုးဝင်ခြင်း နဲ့
  • အရေပြားရောဂါခံစားရတာတွေဖြစ်နိုင်ပါတယ်။
  • တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ရင် လိုက်နာရမယ့်အချက်တွေက

    တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တဲ့အခါ ဒီအချက်လေးတွေကို ဂရုစိုက်ပါ။

    လက်ကိုမှန်မှန်ဆေးကြောပေးပါ – အစားမစားခင်၊ အစားစားပြီးချိန်၊ အိမ်သာကဆင်းတဲ့အခါ၊ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ထိတွေ့မိတဲ့အခါ မျိုးမှာ လက်ကိုသေချာဆေးကြောပေးပါ။

    ရေပုံမှန်ချိုးပါ – တစ်နေ့ကို နှစ်ကြိမ် မချိုးဖြစ်ရင်တောင်မှ တစ်နေ့တစ်ကြိမ်တော့ ပုံမှန်ရေချိုးပေးပါ။ ရေချိုးတာက ရောဂါပိုးတွေကို ကာကွယ်ရာရောက်သလို စိတ်ကို ကြည်လင်လန်းဆန်းစေနိုင်ပါတယ်။

    သွားနဲ့ခံတွင်းကို သန့်ရှင်းပေးပါ – တစ်နေ့နှစ်ကြိမ်ပုံမှန်သွားတိုက်ပေးပါ။ သွားနဲ့ခံတွင်း ကျန်းမာရေးကလည်း တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေဂရုစိုက်ပေးသင့်တဲ့ အချက်တစ်ခုပါ။

    ခေါင်းမှန်မှန်လျှော်ပါ – တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်ခေါင်းလျှော်ပါ။ ဦးရေပြားမှာဖြစ်တတ်တဲ့ဗောက်ထတဲ့ပြဿနာ နဲ့ အခြားသော ပြဿနာတွေကို ကာကွယ်နိုင်မှာပါ။

    တစ်ပတ်တစ်ခါ ခြေသည်းလက်သည်းညှပ်ပါ -ခြေသည်းလက်သည်းရှည်တွေကရောဂါပိုးတွေ ခိုအောင်းဖို့ကောင်းတဲ့နေရာတွေဖြစ်နေနိုင်တာကြောင့် လက်သည်းခြေသည်းတွေကို ရှည်လာတာနဲ့ညှပ်လိုက်ပါ။ အနည်းဆုံး တစ်ပတ်တစ်ကြိမ်တော့ မဖြစ်မနေခြေသည်းလက်သည်းတွေကို သန့်ရှင်းရေးလုပ်ပေးပါ။

    အဝတ်အစားတွေကို သန့်ရှင်းသပ်ရပ်စွာဝတ်ဆင်ပါ – အဝတ်တွေကို သန့်သန့်ရှင်းရှင်းမဝတ်တဲ့အခါ အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သေချာသန့်စင်အောင် လျှော်ထားတဲ့အဝတ်တွေကိုပဲ သပ်သပ်ရပ်ရပ်ဝတ်ဆင်ပေးပါ။

    တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးပါ – အရမ်းပျင်းတယ်ဆိုရင်တောင်မှာ မနက်တစ်ကြိမ် ညအိပ်ရာဝင်ခါနီးတစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ပေးပါ။

    ခြေထောက်တွေကို သန့်ရှင်းအောင်ထားပေးပါ -ခြေထောက်မှာ သဲဝဲစားတာ၊ မှိုစွဲတာလိုမျိုး၊ခြေသည်းလက်သည်းမှိုပိုးဝင်တာလိုမျိုးရောဂါတွေကနေကာကွယ်ဖို့ခြေထောက်တွေကိုသေချာသန့်စင်အောင်ဆေးကြောပြီးခြောက်သွေ့အောင်ထားပေးပါ။

    ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီးထိရောက်တယ်ဆိုမှာတော့ ကိုယ်ကျန်းမာ စိတ်ချမ်းသာနဲ့ရောဂါဘယ ကင်းစင်တဲ့နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ တစ်ကိုယ်ရေ သန့်ရှင်းရေးကိုသေချာဂရုစိုက်ပေးပါနော်………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement