backup og meta

ဓာတ်မတည့်ခြင်းအကြောင်း သိကောင်းစရာများ


Dr. Thant Zin မှ ရေးသားသည်။ · 31/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဓာတ်မတည့်ခြင်းအကြောင်း သိကောင်းစရာများ

    ၁။ ဓာတ်မတည့်မှုဆိုတာ ဘာလဲ

    ဓာတ်မတည့်မှုများဟာ ကိုယ်ခံအားစနစ်ကနေ ဘေးမဖြစ်တတ်တဲ့ ပစ္စည်းတွေကို ဟန့်တားရာကနေ ဖြစ်ပေါ်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။

    ဓာတ်မတည့်မှု အမျိုးအစားများ

    – ဆိုးရွားပြင်းထန်တဲ့ ဓာတ်မတည့်ခြင်း။ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့အထိ ပြင်းထန်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အပိုင်း အများအပြားကို ထိခိုက်နိုင်ပြီး လျင်မြန်စွာ ဖြစ်ပေါ်တတ်ပါတယ်။

    – ရင်ကျပ်ပန်းနာ။ အဆုတ်ရဲ့ အသက်ရှူလမ်းကြောင်း ရောင်ရမ်းတဲ့အခါမှာ ဖြစ်ပေါ်ပြီး အသက်ရှူမြန်ခြင်း၊ အသက်ရှူ ကြပ်ခြင်း၊ ချောင်းဆိုးခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ရင်ကျပ်ပန်းနာဖြစ်သူများမှာ ဓာတ်မတည့် ပစ္စည်းကြောင့် ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။

    – နှင်းခူဖြစ်ခြင်း။ မကူးစက်နိုင်တဲ့ အရေပြားပေါ် ဖြစ်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ အရေပြားဟာ ခြောက်သွေ့ယားယံပြီး ကုတ်လိုက်တဲ့အခါ အရည်တွေထွက်လာတတ်ပါတယ်။

    – ပတ်ဝန်းကျင်ဓာတ်မတည့်ခြင်း။ ကိုယ်ခံအားစနစ်ဟာ အန္တရာယ်မရှိတဲ့ ပန်းဝတ်မှုန်၊ တိရစ္ဆာန်အမွေး စတာတွေနဲ့ ထိတွေ့တဲ့အခါ ပုံမှန်မဟုတ်ဘဲ တုံ့ပြန်တဲ့အခါ ဖြစ်ပေါ်ပါတယ်။ နှာခေါင်းမှာ ဆိုရင် နှာစေးခြင်းနဲ့ hay fever ဖြစ်နိုင်ပါတယ်။ အဆုတ်နဲ့ပတ်သက်ရင် ပန်းနာဖြစ်နိုင်ပါတယ်။

    – အစာမတည့်ခြင်း။ အန္တရာယ်မရှိတဲ့ အစာတွေကို ရှိတယ်လို့ ကိုယ်ခံအားစနစ်က မှတ်ယူပြီး တုံ့ပြန်တဲ့ အခြေအနေဖြစ်ပါတယ်။ အမေရိကမှာ အစာမတည့်ခြင်း အဖြစ်များတဲ့ အစာတွေကတော့ နွားနို့၊ ဥများ၊ မြေပဲ၊ အခွံမာသီး၊ ပဲပိစပ်၊ ဂျုံ၊ ငါးနဲ့ ကနုကမာတို့ ဖြစ်ကြပါတယ်။

    ဘာကြောင့် စိတ်ပူသင့်သလဲ

    ဓာတ်မတည့်ခြင်းအများစုဟာ ပျောက်ကင်းအောင် မကုသနိုင်ပါဘူး။ ဒါ့အပြင် ခံစားရပုံမှာ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တချို့မှာ သာမန် နေထိုင်မကောင်းခြင်းသာ ဖြစ်ပေမယ့် တချို့မှာ ဆိုးရွားပြင်းထန်တတ်ပြီး အသက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ဓာတ်မတည့်မှုတွေအကြောင်းကို သေချာသိထားဖို့ လိုပါလိမ့်မယ်။

    ဓာတ်မတည့်ခြင်း အကြောင်းအရင်းတွေက ဘာတွေလဲ

    ဓာတ်မတည့်ခြင်းဟာ အဖြစ်များပါတယ်။ မျိုးရိုးဗီဇရော ပတ်ဝန်းကျင်ပါ အရေးပါပါတယ်။ မိဘနှစ်ဦးစလုံးမှာ ဓာတ်မတည့်ခြင်းရှိရင် ကလေးမှာလည်း ဖြစ်နိုင်ပါတယ်။

    ပုံမှန်အားဖြင့် ကိုယ်ခံအားစနစ်ဟာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် စတဲ့ပိုးမွှားတွေကို ကာကွယ်ပေးပါတယ်။ ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာဝတ္တုတွေကိုလည်း တုံ့ပြန်ပါတယ်။ များသောအားဖြင့် သူတို့ဟာ အန္တရာယ်မပေးပါဘူး။ လူအများစုအတွက် ပြသနာမရှိပါဘူး။ ဓာတ်မတည့်မှု ဖြစ်တတ်သူမှာတော့ ကိုယ်ခံအားစနစ်ဟာ အလွန်အမင်း တုံ့ပြန်ပါတယ်။ ဓာတ်မတည့်ပစ္စည်းကို လက်ခံရရှိရင် တုံ့ပြန်မှု ဖြစ်စေပါတယ်။ ဟစ်စ်တမင်းလို ဓာတုပစ္စည်းတွေ ထုတ်လွှတ်ပါတယ်။ ဒီဓာတုပစ္စည်းတွေဟာ ဓာတ်မတည့်ခြင်း လက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။

    အတွေ့များရတဲ့ ဓာတ်မတည့်ပစ္စည်းတွေကတော့

    – ဆေးဝါးများ

    – အမှုန်အမွှားများ

    – အစားအစာများ

    – အင်းဆက်ပိုးမွှားများ၏ အဆိပ်

    – မှို

    – အိမ်မွေးတိရစ္ဆာန်နှင့် အခြားတိရစ္ဆာန်များ၏ အမွေးများ

    – ပန်းဝတ်မှုန် စတာတွေပဲ ဖြစ်ပါတယ်။

    လူတချို့ဟာ အပူအအေး၊ နေရောင်ခြည်နဲ့ တခြားပတ်ဝန်းကျင် အခြေအနေတွေကို ဓာတ်မတည့်သလို တွေ့ရတတ်ပါတယ်။ တစ်ခါတရံ အရေပြားကို ပွတ်ဆွဲတဲ့အခါလည်း ဓာတ်မတည့်လက္ခဏာတွေ ပေါ်တတ်ပါတယ်။

    ဓာတ်မတည့်တဲ့အခါ နှာစေးခြင်း၊ နှင်းခူ၊ ပန်းနာ စတဲ့ ကျန်းမာရေးပြသနာတွေ တွေ့ရတတ်ပါတယ်။

    ဘယ်သူတွေမှာ ဖြစ်နိုင်ခြေများသလဲ

    အောင်ပါအခြေအနေတွေဟာ ဓာတ်မတည့်ခြင်းကို ပိုပြီးအဖြစ်လွယ်စေပါတယ်။

    – ဓာတ်မတည့်ခြင်းနဲ့ ရင်ကျပ်ပန်းနာတွင် မိသားစုရာဇဝင်ရှိခြင်း။ မိသားစုဝင်ထဲမှာ ဓာတ်မတည့်ခြင်းနဲ့ ပန်းနာဖြစ်သူရှိရင် မိမိမှာလည်း ဖြစ်နိုင်ခြေများပါတယ်။

    – ကလေး။ ကလေးများဟာ လူကြီးများထက် ဓာတ်မတည့်ခြင်း ပိုပြီးဖြစ်လွယ်ပါတယ်။ များသောအားဖြင့် အသက်ကြီးသွားရင် ဓာတ်မတည့်ခြင်း ပျောက်သွားတတ်ပါတယ်။

    – ဓာတ်မတည့်ခြင်း အဖြစ်များစေသော အခြေအနေ။ ဒီလိုအခြေအနေတွေမှာရှိရင် ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေများပါတယ်။

    လက္ခဏာတွေက ဘာတွေလဲ

    ဓာတ်မတည့်ပစ္စည်းနဲ့ ထိတွေ့တဲ့အပိုင်းမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဥပမာ

    – ဓာတ်မတည့်ပစ္စည်းကို ရှူရှိုက်မိရင် နှာပိတ်ခြင်း၊ နှာခေါင်းနဲ့ လည်ချောင်း ယားယံခြင်း၊ ချွဲသလိပ်ထခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

    – မျက်စိနဲ့ ထိမိရင် ယားယံခြင်း၊ မျက်ရည်ကျခြင်း၊ နီရဲရောင်ရမ်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

    – ဓာတ်မတည့်ပစ္စည်းကို စားမိရင် ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းသွားခြင်း စတာတွေအပြင် အသက်အန္တရာယ် ဖြစ်လောက်တဲ့ တုံ့ပြန်ပုံတွေ ဖြစ်တတ်ပါတယ်။

    – အရေပြားနဲ့ထိမိရင် အနီကွက်များဖြစ်ခြင်း၊ အင်ပျဉ်ထခြင်း၊ အဖုအပိန့်များ၊ အရေပြားကွာခြင်းများ ဖြစ်တတ်ပါတယ်။

    – ဆေးမတည့်ခြင်းမှာတော့ တစ်ကိုယ်လုံးမှာ လက္ခဏာပြတတ်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ

    ဓာတ်မတည့်ခြင်းဖြစ်တယ်လို့ ထင်ရင် ဆရာဝန် ပြသင့်ပါတယ်။ အထူးသဖြင့် ဓာတ်မတည့်ခြင်းဖြစ်စေတဲ့ အကြောင်းအရာတွေ သတိထားမိတဲ့အခါ ဖြစ်ပါတယ်။ ဆေးတစ်မျိုးမျိုးသောက်ပြီး လက္ခဏာတွေပြတတ်ရင် ညွှန်းပေးခဲ့တဲ့ဆရာဝန်ကို ပြန်လည်ပြသပါ။

    ဘယ်လိုရောဂါရှာဖွေမလဲ

    ဓာတ်မတည့်ခြင်း စစ်ဆေးခြင်းဟာ လက္ခဏာတွေဟာ ဓာတ်မတည့်ခြင်းကြောင့်လား၊ တခြား ပြသနာကြောင့်လား ဆိုတာ ရှာဖွေဖို့ ပြုလုပ်ပါတယ်။

    အရေပြားစစ်ဆေးခြင်းဟာ အသုံးအများဆုံး စစ်ဆေးမှု ဖြစ်ပါတယ်။ ၃နည်းရှိပါတယ်။ အရေပြားခြစ် စစ်ဆေးနည်း၊ ဆေးပြားကပ် စစ်ဆေးနည်း၊ အရေပြားအောက် ဆေးထိုး စစ်ဆေးနည်းတို့ ဖြစ်ပါတယ်။

    သွေးစစ်ဆေးနည်းတွေမှာ

    – ဓာတ်မတည့်ခြင်းနဲ့ဆက်စပ်အရာတွေကို စစ်ဆေးတဲ့ IgE စစ်ဆေးနည်း

    – သွေးဖြူဥအမျိုးအစားတွေကို သိနိုင်တဲ့ အလုံးစုံ သွေးစစ်ဆေးနည်းတွေ ပါဝင်ပါတယ်။

    ရောဂါအတည်ပြဖို့ တခြားဘယ်လို စစ်ဆေးနည်းတွေ ရှိသလဲ

    ဆရာဝန်ဟာ သင်နဲ့ မတည့်တဲ့အရာတွေကို သိရှိပြီး ရှောင်ကြဉ်ခိုင်းနိုင်ပါတယ်။ ဒါမှမဟုတ် မတည့်ဘူးထင်ရတဲ့ အရာတွေကို ထိတွေ့စေပြီး ပိုဆိုးသလား စစ်ဆေးပါတယ်။ ဒါကို ဖယ်ထုတ်စစ်ဆေးခြင်းလို့ ခေါ်ပါတယ်။ အစာ၊ ဆေး စတာတွေအတွက် သုံးပါတယ်။ အပူ၊ အအေး စတာတွေနဲ့ တခြား လှုံ့ဆော်မှုတွေပေးပြီး ကိုယ်ခန္ဓါရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ပါတယ်။

    တစ်ခါတရံမှာ ဓာတ်မတည့်ဘူးလို့ ယူဆရတဲ့အရာကို အောက်မျက်ခမ်းမှာထည့်ပြီး စမ်းသပ်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေပဲ လုပ်နိုင်ပါတယ်။

    ကုသမှုတွေက ဘာတွေလဲ

    ရောဂါလက္ခဏာတွေကို လျှော့ချဖို့ အကောင်းဆုံးနည်းကတော့ ဓာတ်မတည့်စေတဲ့ အရာကို ရှောင်ကြဉ်ဖို့ပါပဲ။ အထူးသဖြင့် ဆေးမတည့်ခြင်းအတွက် အရေးကြီးပါတယ်။

    ဆေးဝါးကုသမှုများ

    ဓာတ်မတည့်ခြင်းကို ကုသဖို့ ဆေးဝါးတွေ အများကြီး ရှိပါတယ်။ ဆိုးရွားမှုအခြေအနေ၊ အသက်အရွယ်၊ ကျန်းမာရေး စတာတွေအပေါ် မူတည်ပြီး ဆရာဝန်ဟာ ဆေးပေးပါလိမ့်မယ်။ အသုံးများတဲ့ဆေးဝါးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    ဟစ်စတမင်းဆန့်ကျင်ဆေးများ

    သူတို့ဟာ ဆရာဝန်အညွှန်းမလိုဘဲ ဝယ်သောက်နိုင်တဲ့ ဆေးတွေ ဖြစ်ပါတယ်။ အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။

    – ဆေးတောင့်၊ ဆေးပြားများ

    – မျက်စဉ်း

    – ထိုးဆေးများ

    – အရည်

    – နှာခေါင်းဖြန်းဆေး

    ကော်တီကိုစတီးရွိုက်

    အရောင်ကျဆေးဆွေဖြစ်ပြီး အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။

    – အရေပြားလိမ်းဆေးများ

    – မျက်စဉ်း

    – နှာခေါင်းဖြန်းဆေး

    – ရှူဆေး စတာတွေ ဖြစ်ပါတယ်။

    ဆိုးရွားတဲ့ဓာတ်မတည့်လက္ခဏာ ရှိသူများအတွက် ကော်တီကိုစတီးရွိုက် ဆေးပြား၊ ထိုးဆေးများ စတာတွေကို တခဏထိုးပေးပါတယ်။

    နှာပိတ်ပျောက်ဆေး

    နှာပိတ်တဲ့အခါ သုံးပါတယ်။ ဒါပေမယ့် နှာပိတ်တဲ့အခါ သုံးတဲ့ ဖြန်းဆေးတွေကို ရက်ပေါင်းများစွာသုံးရင် အာနိသင် တန်ပြန်မှုဖြစ်ပြီး နှာပိတ်တာ ပိုဆိုးသွားနိုင်ပါတယ်။ သောက်ဆေးကတော့ ဒီပြသနာမရှိပါဘူး။ သွေးတိုး၊ နှလုံးရောဂါ၊ ဆီးကျိတ်ကြီးသူများဟာ သတိပြုသုံးစွဲသင့်ပါတယ်။

    အခြားဆေးများ

    Leukotriene ဆန့်ကျင်ဆေးများဟာ ဓာတ်မတည့်ခြင်းကို တားဖြစ်စေပါတယ်။ ပန်းနာရင်ကျပ်၊ ဓာတ်မတည့်ဖြစ်သူများကို ဒီဆေးညွှန်းတတ်ပါတယ်။

    ဓာတ်မတည့်မှုထည့်သွင်းခြင်း

    သင့်အနေနဲ့ ဓာတ်မတည့်ပစ္စည်းကို မရှောင်နိုင်ဘဲ ကုသရခက်တဲ့အခါ ဒီနည်းကို သုံးပါတယ်။ ဒီနည်းလမ်းဟာ သင့်ကိုယ်ခန္ဓာကနေ ဓာတ်မတည့်ပစ္စည်းကို အလွန်အကျွံမတုံ့ပြန်ဖို့ ထိန်းသိမ်းပေးပါတယ်။ ဓာတ်မတည့်ပစ္စည်းကို ပုံမှန် ထည့်သွင်းပေးရပါတယ်။ တဖြည်းဖြည်းနဲ့ ထိုးထည့်တဲ့ ပမာဏကို မြှင့်တင်လာရပါတယ်။ ဒီနည်းဟာ လူတိုင်းအတွက်တော့ အလုပ်မဖြစ်ပါဘူး။ ဆရာဝန်ဆီကိုလည်း မကြာခဏ သွားရပါတယ်။

    လျှာအောက်အစက်ချခြင်း

    ဆေးထိုးအပ်သုံးစရာမလိုဘဲ ကုသနိုင်ပါတယ်။ ဓာတ်မတည့်ပစ္စည်းကို လျှာအောက်မှာပဲ အစက်ချပေးပြီး ခံနိုင်ရည်ကို မြှင့်တင်သွားခြင်း ဖြစ်ပါတယ်။

    ဆိုးရွားပြင်းထန်တဲ့ ဓာတ်မတည့်ခြင်းတွေမှာ အပီဖရင်းလို့ခေါ်တဲ့ ဆေးနဲ့ကုသဖို့ လိုပါတယ်။ အသက်ကယ်ဆေးလို့လည်း ဆိုနိုင်ပါတယ်။ ဒီဆေးသုံးပြီးရင် ဆေးရုံတန်းသွားပါ။

    နောက်ဆက်တွဲပြသနာတွေက ဘာတွေလဲ

    – ဆိုးရွားပြင်းထန်သော ဓာတ်မတည့်ခြင်း (အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်)

    – အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသနာများနှင့် ဓာတ်မတည့်မှုကြောင့် သက်သောင့်သက်သာမရှိခြင်း

    – အိပ်ငိုက်ခြင်းနှင့် ဆေးဝါးများ၏ အခြား ဘေးထွက်ဆိုးကျိုးများ

    ဒီရောဂါကို ဘယ်လို ကိုင်တွယ်ရမလဲ

    အသက် ၄လမှ၆လအရွယ် ကလေးတွေအတွက် မိခင်နို့တိုက်ခြင်းဟာ ဓာတ်မတည့်ခြင်းကို ကာကွယ်လျှော့ချနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်နဲ့ မိခင်နို့တိုက်နေချိန် စားသောက်မှုပုံစံ ပြောင်းလဲခြင်းဟာ ဓာတ်မတည့်ခြင်းကို ကာကွယ်ရာ မရောက်ပါဘူး။ ကလေးအများစုအတွက် စားသောက်မှုပုံစံ ပြောင်းလဲခြင်းနဲ့ အထူးထုတ်လုပ်ထားတဲ့ ပုံစံများ သုံးခြင်းဟာ ဓာတ်မတည့်ခြင်းကို မကာကွယ်နိုင်ပါဘူး။ မိဘ၊ မောင်နှမများနဲ့ တခြားမိသားစုဝင်များမှာ နှင်းခူနဲ့ ဓာတ်မတည့်ခြင်းတွေရှိရင် ကလေးကို ဘယ်လိုကျွေးရမလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

    တနှစ်သားအရွယ်အတွင်း ဓာတ်မတည့်ပစ္စည်းများ (ဖုန်မှုန့်၊ ကြောင်မွေး) ထိတွေ့ခြင်းဟာ နောက်ပိုင်းမှာ ဓာတ်မတည့်ခြင်းတွေကို ကာကွယ်နိုင်တယ်လို့ အထောက်အထားတချို့ ရှိပါတယ်။ ဒီအယူအဆဟာ ယာခင်းတွေမှာ ကြီးပြင်းလာတဲ့ ကလေးငယ်တွေဟာ သန့်ရှင်းလွန်းတဲ့ဝန်းကျင်က ကလေးတွေထက် ဓာတ်မတည့်ခြင်းဖြစ်တာနည်းတဲ့ လေ့လာချက်ကနေ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့် ကြီးပြင်းလာချိန်မှာတော့ အကျိုးမရှိပါဘူး။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 31/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement