brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အဆုတ်မှာ ဖြစ်တဲ့ Granuloma အကျိတ် ဆိုတာ

အဆုတ်ကို ဓာတ်မှန်ရိုက်လိုက်လို့ granuloma အကျိတ် ရှိတယ်လို့ ပြောတဲ့အခါ ကင်ဆာကျိတ်များလားဆိုပြီး လန့်သွားတတ်ပါတယ်။ အကျိတ်လို့ ပြောလိုက်တာကိုး။ အကျိတ်လို့ ဆိုတိုင်း အခါခပ်သိမ်း ကင်ဆာကျိတ်တော့ မဟုတ်ပါဘူး။ ဒါဆိုရင် အဆုတ်မှာ ဖြစ်တဲ့ granuloma အကျိတ် ဆိုတာ ဘယ်လိုအကျိတ်အမျိုးအစားလဲဆိုတာ ရှင်းပြပေးပါ့မယ်။

အဆုတ်မှာ ဖြစ်တဲ့ Granuloma အကျိတ် ဆိုတာ

အဆုတ်မှာ ဖြစ်တဲ့ Granuloma အကျိတ် ဆိုတာ

ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ ပိုးဝင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်တဲ့အခါ ခုခံအားဆဲလ်တွေက ဝိုင်းပြီး ငုံလိုက်ပါတယ်။ ဒီတော့ အကျိတ်လို လုံးလုံးလေး ဖြစ်သွားတာပေါ့။ စစချင်းမှာတော့ အကျိတ်က ခပ်ပျော့ပျော့ပါပဲ။ နောက်ပိုင်းကျရင်တော့ ကယ်ဆီယမ်တွေ ဝင်ပြီး တဖြည်းဖြည်း မာသွားပါတယ်။ ဒါကြောင့် ရင်ဘတ်ဓာတ်မှန်ရိုက်တဲ့အခါ အဖြူလုံးလေး တွေ့ရတာပါ။

အရေပြား၊ ပြန်ရည်ကျိတ်နဲ့ အဆုတ်မှာ ဖြစ်လေ့ရှိပါတယ်။ အဆုတ်မှာတော့ အတွေ့ရများပါတယ်။

ရုတ်တရက် အကျိတ်တွေ့လိုက်တဲ့အခါ လန့်သွားနိုင်ပေမယ့် ကင်ဆာမဟုတ်တဲ့အတွက် စိုးရိမ်စရာ မရှိပါဘူး။

Granuloma အကျိတ် ရဲ့ လက္ခဏာများ

Granuloma သက်သက်ကတော့ လက္ခဏာပြခဲပါတယ်။ ပိုးဝင်တာ၊ ရောင်ရမ်းတာကြောင့် ဖြစ်လာတာမို့လို့ ဒီရောဂါတွေရဲ့ လက္ခဏာတော့ ရှိနိုင်ပါတယ်။ တစ်ခါတလေတော့

များသောအားဖြင့် ဘာလက္ခဏာမှ မပြလို့ သတိမထားမိတတ်ကြပါဘူး။

Granuloma အကျိတ်ဖြစ်စေတဲ့ အကြောင်းရင်းများ

အကြမ်းအားဖြင့်တော့ ပိုးဝင်အုပ်စုနဲ့ ရောင်ရမ်းနာ အုပ်စုဆိုပြီး ခွဲလို့ရပါတယ်။

ပိုးဝင်အုပ်စု

Histoplasmosis

မှိုပိုးကူးစက်ပြီး Granuloma အကျိတ် ဖြစ်လာတာပါ။ အဖြစ်များတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ငှက်ချေးတွေမှာပါတဲ့ မှိုပိုးတွေကို ရှူရှိုက်မိရာက ပိုးဝင်ကူးစက်ခံရတာပါ။

တီဘီ

ဘက်တီးရီးယား အုပ်စုထဲမှာတော့ ဒီအမျိုးအစားကြောင့် ဖြစ်တာ အများဆုံးပါပဲ။ တီဘီပိုးဝင်လာပေမယ့် ခုခံအားကောင်းနေတဲ့အခါ ခုခံအားဆဲလ်တွေက ဝိုင်းရံပြီး ဆက်မပွားနိုင်အောင် ကာရံလိုက်တဲ့အတွက် အကျိတ်ဖြစ်လာတာပါ။

ရောင်ရမ်းနာအုပ်စု

Granulomatosis with polyaginitis (GPA)

GPAဆိုတာ နှာခေါင်း၊ လည်ပင်း၊ အဆုတ်နဲ့ ကျောက်ကပ်မှာ ရှိတဲ့ သွေးကြောတွေ ရောင်ရမ်းတဲ့ ရှားပါးရောဂါတစ်မျိုးပါ။ ဘာကြောင့် ဖြစ်လဲဆိုတာ အတိအကျ မသိကြပါဘူး။ ပိုးဝင်တာကို ခုခံအားက အလွန်အကျွံတုံ့ပြန်လို့ သွေးကြောတွေ ရောင်ရမ်းတယ်လို့ ယူဆကြပါတယ်။

သွေးလေးဖက်နာ

သွေးလေးဖက်နာဆိုတာကလည်း ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါပါပဲ။ အဆစ်တွေ အဓိက ထိတယ်ဆိုပေမယ့် အဆုတ်မှာ Granuloma အကျိတ်ဖြစ်တာကလည်း သူ့ရဲ့ လက္ခဏာ တစ်ခုပါပဲ။ များသောအားဖြင့်တော့ အန္တရာယ် မရှိပါဘူး။ ရှားရှားပါးပါး အကျိတ်လေးတွေ အဆုတ်ထဲမှာ ပေါက်ထွက်တာမျိုးတော့ ရှိတတ်ပါတယ်။

Sarcoidosis

ဒါကလည်း ရောင်ရမ်းနာ တစ်မျိုးဖြစ်ပြီး အဆုတ်နဲ့ ပြန်ရည်ကျိတ်တွေကို အဓိက ထိခိုက်တတ်ပါတယ်။ ခုခံအားတုံ့ပြန်မှု ပုံမှန်မဟုတ်တာလို့ ပြောကြပေမယ့် ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုတာတော့ မသိကြသေးပါဘူး။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးတွေကြောင့်လို့လည်း ယူဆကြပါတယ်။ အန္တရာယ်မရှိတာများပေမယ့် တချို့တွေမှာ အဆုတ်စွမ်းဆောင်ရည်ကို ကျစေပါတယ်။

Granuloma အကျိတ်ကို ဘယ်လိုစစ်ဆေးသိရှိနိုင်မလဲ။

အရွယ်အစားလည်း သေးပြီး လက္ခဏာလည်း မပြတဲ့အတွက် သတိမထားမိကြတာ များပါတယ်။ ဆေးစစ်ရင်းနဲ့ မတော်တဆတွေ့ကြတာမျိုးလောက်ပဲ ရှိပါတယ်။ ဥပမာ နေမကောင်းလို့ ရင်ဘတ်ဓာတ်မှန်တွေ၊ ကွန်ပျူတာဓာတ်မှန်တွေ ရိုက်ရာက အဆုတ်မှာ အစက်အပြောက်အနေနဲ့ စပြီး သတိထားမိတာမျိုးပါ။ ကယ်ဆီယမ်ဝင်ပြီးသား အကျိတ်တွေကတော့ ပိုပြီး ထင်ထင်ရှားရှား မြင်ရပါတယ်။

အကျိတ်က ကင်ဆာကျိတ်လား၊ ရိုးရိုး Granuloma အကျိတ်လားဆိုတာ ဆရာဝန်က ခွဲခြားပေးပါလိမ့်မယ်။ ဒီလို ခွဲခြားနိုင်ဖို့ လိုအပ်ရင် တခြားဆေးစစ်ချက်တွေ ဆက်စစ်ဆေးရပါမယ်။

ကင်ဆာလို့ယူဆရင် သေချာအောင် လေပြွန်ထဲ ထည့်လို့ရတဲ့ မှန်ပြောင်းကို သုံးပြီး အသားစယူ စစ်ဆေးပါလိမ့်မယ်။

Granuloma အကျိတ်ကို ဘယ်လို ကုသနိုင်သလဲ။

Granuloma အကျိတ်က လက္ခဏာလည်း မပြဘူး။ လူကိုလည်း ဒုက္ခမပေးဘူးဆိုရင် မကုဘဲ ထားလို့ရပါတယ်။

ဒါပေမယ့် Granuloma အကျိတ်ရဲ့ နောက်ကွယ်မှာ ရောဂါတစ်ခုခုရှိနိုင်တဲ့အတွက် ဒါကိုတော့ ကုသရပါမယ်။ ဥပမာ ပိုးဝင်တာကြောင့် လိုအပ်တဲ့ ပိုးသတ်ဆေးတွေ ပေးမယ်။ ရောင်ရမ်းနာကြောင့်ဆိုရင် စတီးရွိုက်တို့၊ တခြားဆေးဝါးတွေနဲ့ ကုသတာမျိုး လုပ်ပေးရပါမယ်။

Takeaways

Granuloma အကျိတ်က သာမန်အားဖြင့် ဘာမှမဖြစ်လို့ စိုးရိမ်စရာ မရှိပါဘူး။ ကင်ဆာကျိတ်လည်း မဟုတ်ပါဘူး။ နောက်ခံအကြောင်းရင်းကို သေချာကုသနိုင်ရင်တော့ Granuloma အကျိတ်တွေ ပွားမလာအောင် တားနိုင်ပါတယ်။ ဒါပေမယ့် အသက်ရှူလမ်းကြောင်း လက္ခဏာတွေ ခံစားနေရရင် ဆရာဝန်နဲ့ ပြဖြစ်အောင် ပြပါ။ Granuloma အကျိတ်က အန္တရာယ်မပေးသည့်တိုင်အောင် သူ့ကို ဖြစ်စေတဲ့ အကြောင်းကို ရှာဖွေကုသရမှာကြောင့် ဖြစ်ပါတယ်။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Aye Thi Mon · 15/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။