backup og meta

မိုးရာသီနဲ့ ရင်ကျပ်ဝေဒနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 28/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးရာသီနဲ့ ရင်ကျပ်ဝေဒနာ

    ရာသီဥတုလေး ပြောင်းလဲလာပြီဆိုရင် ရင်ကျပ်ဝေဒနာ ရှိတဲ့သူတွေအတွက်တော့ အခက်ကြုံရတတ်ပါတယ်။ အသက်ရှူရခက်တာ၊ ဓာတ်မတည့်တာတွေကြောင့် ရင်ကျပ်ဝေဒနာ ပိုပိုဆိုးသွားတတ်တယ်လေ။

    ခုရာသီလို စိုထိုင်းဆမြင့်မားပြီး မကြာခဏမိုးတွေရွာနေတတ်တဲ့ မိုးရွာသီမျိုးမှာဆိုရင် ရင်ကျပ်ဝေဒနာရှင်တွေ ပိုပြီး အခက်တွေ့ရနိုင်ပါတယ်။

    ရင်ကျပ်ရောဂါဆိုတာ ဘာလဲ

    ရင်ကျပ်ဝေဒနာ  ဖြစ်ပေါ်တယ်ဆိုတာက လေကိုရှူသွင်းလိုက်ချိန်မှာ အဆုတ်ကို သွားတဲ့ အသက်ရှူလမ်းကြောင်းထဲမှာ ချွဲသလိပ်တွေတွေ ပြည့်ပြီး ကျဉ်းမြောင်းသွားတာမျိုးကို ဆိုလိုတာပါ။

    ရင်ကျပ်ဝေဒနာရှင်အများစုဟာ ငယ်ရွယ်စဉ်ကတည်းက ရောဂါစတင်ဖြစ်ပေါ်လေ့ရှိပါတယ်။ များသောအားဖြင့် ဓာတ်မတည့်တာ၊ မျိုးရိုးလိုက်တာတွေနဲ့ သက်ဆိုင်တတ်ပါတယ်။

    ဓာတ်မတည့်တတ်သူတွေဆိုရင် ပုံမှန်မဟုတ်တဲ့ အနံ့ထူးထူးဆန်းဆန်းတွေ၊ အမွှေးနံ့၊ အနံ့ဆိုး၊ ဆေးလိပ်ငွေ့၊ အမွှေးတိုင်အနံ့၊ ခြင်ဆေးခွေ ခြင်ဖြန်းဆေးတွေက ထွက်ရှိတဲ့ အငွေ့တွေ အနံ့တွေ၊ စက်ရုံအလုပ်ရုံတွေက ထွက်ရှိတဲ့ မီးခိုးငွေ့နဲ့ အနံ့တွေ၊ လေထုထဲက အမှုန်အမွှားတွေ၊ ပန်းဝတ်မှုန်တွေနဲ့ တိရစ္ဆာန်အမွေးအမျှင်တွေကို ထိတွေ့ရှူရှိူက်မိတဲ့အခါမျိုးတွေမှာ ရင်ကျပ်ခြင်းဝေဒနာ ပိုမိုဆိုးရွားသွားတတ်ပါတယ်။

    တစ်ခုရှိတာက လူတစ်ယောက်နဲ့ တစ်ယောက် ဓာတ်မတည့်ပုံခြင်းမတူနိုင်တာမို့ ကိုယ်က ဘယ်လိုအရာတွေနဲ့ မသင့်လျော်တာလဲဆိုတာကို သိနားလည်ထားဖို့ အထူးလိုအပ်မှာဖြစ်ပါတယ်။ ကိုယ်နဲ့ မတည့်တဲ့အရာတွေကို သတိထားရှောင်ကြဉ်ရပါမယ်။

    ထူးခြားချက်ကတော့ တချို့တွေက အစားအသောက်တစ်မျိုးမျိုးနဲ့ ဓာတ်မတည့်ဘဲ အဲ့ဒီအစားအစာ စားသောက်မိရင် ရင်ကျပ်သူတွေလည်း ရှိပါတယ်။ ဒီလိုလူမျိုးတွေအနေနဲ့ ကိုယ်နဲ့ မအပ်စပ်တဲ့ အစားအစာတွေကို သိထားဖို့ လိုအပ်ပါတယ်။

    မိုးရာသီနဲ့ ရင်ကျပ်ဝေဒနာ

    ရာသီဥတုအခြေအနေဟာ ရင်ကျပ်ဝေဒနာသည်တွေကို အခက်တွေ့စေနိုင်ပါတယ်။ တချို့သော လူတွေ စွဲကပ်နေတဲ့ ရင်ကျပ်ဝေဒနာ က ပုံမှန်အချိန်တွေထက် ဥတုရာသီကိုလိုက်ပြီး ပိုမိုဆိုးရွားတာမျိုးတွေဖြစ်တတ်ပါတယ်။ ဥပမာ မိုးတွင်း၊ ဆောင်းတွင်းလို ကာလမျိုးတွေမှာပေါ့။

    မိုးရာသီရဲ့ အောက်ပါအခြေအနေတွေမှာ ရင်ကျပ်ဝေဒနာသည်တွေအနေနဲ့ ပုံမှန်အခြေအနေအထက် ပိုမိုပြီး အခက်ကြုံရတတ်ပါတယ်။

    ၁။ စိုထိုင်းဆများချိန်

    စိုထိုင်းဆများချိန်မှာ အသက်ရှူရ ခက်ခဲနိုင်ပါတယ်။ လေထုထဲက အမှုန်အမွှားတွေနဲ့ မှိုတွေကြောင့်ပါ။ မိုးရာသီရဲ့ စိုစွတ်တဲ့ လေထုဟာ မှိုတွေ ပိုမိုပေါက်ပွားအောင် တွန်းအားပေးနိုင်ပြီး စိုထိုင်းဆမြင့်မားပြီး ညစ်ညမ်းတဲ့လေထုဟာ ရင်ကျပ်ဝေဒနာရှင်တွေအတွက်တော့ တကယ့်ပြဿနာတစ်ရပ်ပဲ။ ဒီလိုအခြေအနေမျိုးမှာ ဓာတ်မတည့်မှုတွေ ပိုမိုဖြစ်ပေါ်နိုင်ပြီး အသက်ရှူရခက်ခဲတာတွေ ပိုဖြစ်နိုင်ပါတယ်။

    ရာသီဥတုပြောင်းလဲမှုက ရင်ကျပ်ဝေဒနာကို သက်ရောက်တတ်ပါတယ်။ နောက်ပြီး အေးမြပြီး ခြောက်သွေ့တဲ့ လေက ရင်ကျပ်ဝေဒနာသည်တွေကို အခက်တွေ့စေနိုင်တယ်ဆိုပေမယ့် မိုးရာသီရဲ့ စိုထိုင်းစမြင့်မားမှုကလည်း ဒီရောဂါသည်တွေကို အသက်ရှူရပိုမိုခက်ခဲအောင် ဒုက္ခပေးလေ့ရှိပါတယ်။

    မြေမျက်နှာသွင်ပြင်၊ စိုထိုင်းဆ၊ ရာသီဥတု၊ အပူချိန်နဲ့ နေရောင်တို့ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ Ground-level Ozone ဟာ ရင်ကျပ်ဝေဒနာရှင်တွေကို အကြီးအကျယ်ဒုက္ခပေးနိုင်ပြီး သတိထားဖို့ လိုအပ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

    ၂။ မိုးကြိုးပစ်ချိန်

    မိုးကြိုးမုန်တိုင်းတွေကလည်း ရင်ကျပ်ဝေဒနာ ကို ဆိုးရွားစေနိုင်ပါသေးတယ်။ မိုးနဲ့ မိုးကြိုး၊ လျှပ်စီးတွေဟာ လေထုထဲမှာ သေးငယ်တဲ့ အမှုန်အမွှားလေးတွေကို ဖြစ်ပေါ်စေပြီး ဒီအရာတွေဟာ လေနဲ့အတူ နေရာတိုင်းကို ရွေ့လျားရောက်ရှိသွားတတ်ပါတယ်။

    ဒါကြောင့် မိုးကြိုးမုန်တိုင်းဖြစ်နေချိန်တွေမှာ ရင်ကျပ်ဝေဒနာရှင်တွေအနေနဲ့ အသက်ရှူရ အခက်ကြုံနိုင်သလို ရောဂါလည်း ပိုမိုဆိုးရွားလေ့ရှိပါတယ်။ ဒါကိုတော့ “Thunderstorm Asthma” လို့ ခေါ်ကြပါတယ်။

    ၃။ မိုးရွာချိန်

    မိုးရာသီဖြစ်တာမို့ မိုးရွာတာကိုတေော့ ရှာင်လွှဲလို့မရပါဘူး။ မိုးရွာချိန်တွေကလည်း ရင်ကျပ်ဝေဒနာရှင်တွေအတွက် သက်ရောက်မှု တချို့ရှိပါတယ်။ ရောဂါလက္ခဏာတွေ ပိုဖြစ်လာစေသလို မှိုနဲ့ ဖုန်မှုန့်တွေကြောင့် အသက်ရှူရခက်တာတွေ ပိုဖြစ်လာနိုင်ပါတယ်။

    မိုးရာသီမှာ ရင်ကျပ်ဝေဒနာကို လျှော့ချဖို့ဆိုရင်

    ခုဆို မိုးရာသီကာလကို ရောက်လာပါပြီ။ ရာသီအလိုက်ဖြစ်တတ်တဲ့ ရင်ကျပ်ဝေဒနာရှင်တွေရော၊ ပုံမှန်ရင်ကျပ်ဝေဒနာရှင်တွေပါ ဂရုပြုဖို့ လိုအပ်တဲ့ ရာသီဥတုကာလတစ်ခုဖြစ်ပါတယ်။

    ဒီလိုကာလမှာ တခြားဝေဒနာတွေနည်းတူ ရင်ကျပ်ဝေဒနာကိုလည်း ပိုမိုမဆိုးရွားလာစေဖို့ ဂရုစိုက်ပြီး နေထိုင်သွားလာဖို့ လိုအပ်ပါတယ်။

    အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ရင်ကျပ်ဝေဒနာ လက္ခဏာတွေ မပြသလာအောင်လည်း တားဆီးနိုင်ပါတယ်။

    • အပြင်ခဏ ခဏထွက်တာကို ရှောင်ကြဉ်ပါ၊
    • ရာသီဥတုအခြေအနေနဲ့ လေထုအခြေအနေကို အမြဲမပြတ် အကဲခတ်နေပါ၊
    • အေးမြတဲ့အချိန်တွေ အပြင်ကိုထွက်ရဖို့ အကြောင်းဖန်လာရင် မျက်နှာနဲ့ နှာခေါင်းကို စနစ်တကျကာကွယ်ထားပါ၊
    • အိမ်ထဲမှာ နေထိုင်တဲ့အခါမှာ ပြတင်းပေါက်တွေကို တတ်နိုင်သမျှ ပိတ်ထားပါ
    • အပြင်သွားစရာရှိရင် မနက်စောစောနဲ့ ညနေပိုင်းတွေမှာသာ သွားလာပါ၊
    • မြက်ရိတ်တာ၊ သစ်ရွက်ခြောက်ရှင်းလင်းတာတွေ မလုပ်ပါနဲ့၊
    • မှီဝဲနေကြ ဆေးဝါးတွေကို လက်လှမ်းမှီရာမှာထားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 28/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement