home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နာတာရှည် လေပြွန်ကျဉ်းရောဂါရဲ့ နောက်ဆက်တွဲ ရောဂါများ

နာတာရှည် လေပြွန်ကျဉ်းရောဂါရဲ့ နောက်ဆက်တွဲ ရောဂါများ

နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)မှာ နာတာရှည် လေပြွန်ရောင်တာနဲ့ အဆုတ်လေအိတ်တွေ ပျက်စီးတာ နှစ်မျိုးရှိပါတယ်။ တချို့လူတွေမှာ တစ်ယောက်တည်းမှာပဲ နှစ်မျိုးတွဲနေတာ ဖြစ်တတ်ပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါမှာ အဆုတ်လေအိတ်နဲ့ လေပြွန်တွေ ပျက်စီးကုန်တာ ဖြစ်လို့ ပြန်ကောင်းဖို့ မလွယ်ပါဘူး။

ဒါဆို နာတာရှည် လေပြွန်ကျဉ်းရောဂါကို ဘာကြောင့် ကုနေရသလဲဆို လက်ရှိအခြေအနေထက် ပိုမဆိုးဖို့ရယ်၊ ခံစားရတဲ့ ဝေဒနာတွေ သက်သာအောင်ရယ်၊ သက်သောင့်သက်သာ လှုပ်ရှားသွားလာနိုင်အောင်ရယ်၊ နောက်ဆက်တွဲရောဂါတွေကို တတ်နိုင်သမျှ ကာကွယ်ဖို့ရယ်ပါ။ နာတာရှည် အဆုတ်ရောင်ရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေက ရောဂါကြီးတွေဖြစ်တာကြောင့် တတ်နိုင်သမျှ မဖြစ်အောင် ကာကွယ်ထားတာက ပိုကောင်းပါတယ်။

နာတာရှည် လေပြွန်ကျဉ်းရောဂါရဲ့ နောက်ဆက်တွဲ ရောဂါများ

နဂိုတည်းက ပျက်စီးနေတဲ့ အဆုတ်ဖြစ်တာကြောင့် ပိုးဝင်ဖို့ လွယ်ကူပါတယ်။ ပိုးဝင်တဲ့အခါမှာလည်း သူများတွေထက် လက္ခဏာပိုဆိုးတတ်ပါတယ်။ ဥပမာ ဖျားတာ၊ မောတာမျိုး။ ဒါကြောင့် တတ်နိုင်သမျှ မဖြစ်အောင် ကာကွယ်ထားတာ ကောင်းပါတယ်။ ထိုးဖို့လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးထားပါ။ တုပ်ကွေးရာသီဆို လူစုလူဝေးရှောင်ပါ။

တကယ်တော့ အဆုတ်ထဲကို မဟုတ်ပါဘူး။ အဆုတ်နဲ့ အဆုတ်အမြှေးပါးကြားထဲကို လေဝင်တာပါ။ ပုံမှန်ဆို အရည်နည်းနည်းကလွဲပြီး ဘာမှ မရှိရတဲ့ နေရာမှာပေါ့။ လေအိတ်တွေ ပျက်စီးတဲ့ ရောဂါဖြစ်တဲ့အတွက် လေအိတ်ထဲက လေတွေဟာ အဆုတ်အမြှေးပါးကြားထဲကို ရောက်ပြီး အပြင်ကနေ အဆုတ်ကို ပြန်ဖိပါတယ်။ ဒါကြောင့် အဆုတ်ပြားတာ (collapse lung)၊ မောတာ ခံစားရနိုင်ပါတယ်။

  • သွေးထဲမှာ အောက်ဆီဂျင်ကျတာ

နာတာရှည် လေပြွန်ကျဉ်းရောဂါသည် လူနာဟာ အမြဲလိုလို မောနေတတ်တာကို သတိထားမိမှာပါ။ အသက်ကို ကောင်းကောင်း မရှူနိုင်တဲ့အတွက် သွေးထဲကို အောက်ဆီဂျင် ကောင်းကောင်း မရောက်သလို ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလည်း အပြင်ကို ကောင်းကောင်းမစွန့်ထုတ်နိုင်ပါဘူး။ ဒါကြောင့် အောက်ဆီဂျင် ရှူရပါတယ်။ တချို့ဆို အိမ်မှာ အောက်ဆီဂျင်အိုး ထားပြီး ရှူရပါတယ်။ လိုအပ်ချက်ပေါ်မူတည်ပြီး နာရီပိုင်း ဒါမှမဟုတ် တစ်နေကုန် အောက်ဆီဂျင်နဲ့ နေနေရပါတယ်။

  • နှလုံးပျက်စီးတာ

သွေးထဲမှာ အောက်ဆီဂျင် မလုံလောက်တဲ့တွက် သွေးကြောတွေက ပိုကျုံ့လာပါတယ်။ ဒါကြောင့် အဆုတ်သွေးကြောမကြီးမှာ ဖိအားများလာပြီး သွေးတိုးလာပါတယ် (Pulmonary hypertension)။ ဒီကနေမှ နှလုံးသွေးကြောမကြီးပါ သွေးတိုးလာတာကြောင့် နှလုံးက အားပိုသုံးပြီး ညှစ်ရပါတယ်။ ဒါကြောင့် ကြာလာတဲ့အခါ နှလုံး ပျက်စီးလာပါတယ်။ လူနာက နှလုံးစည်းချက်မမှန်တာ၊ ဖောတာ၊ အသည်းကြီးတာတွေ ခံစားလားရပါတယ်။

နာတာရှည် လေပြွန်ကျဉ်း ဝေဒနာရှိတဲ့သူတွေက ဆေးလိပ်ကို အကြာကြီးသောက်ခဲ့တဲ့သူတွေ ဖြစ်တဲ့အပြင် ရောဂါကြောင့် မောတဲ့အတွက် လေ့ကျင့်ခန်းလည်း မလုပ်နိုင်သလို အပြင်တောင် မထွက်နိုင်ပါဘူး။ ဒါကြောင့် ဗီတာမင် ဒီချို့တဲ့ပြီး အရိုးတွေ သန်စွမ်းမှု မရှိတော့ပါဘူး။ ကုသမှုအနေနဲ့ စတီးရွိုက်တွေ သောက်ရတဲ့အတွက် အရိုးပွတာလည်း ဖြစ်လာပါတယ်။ ဒီအချက်တွေ စုဆုံလာတဲ့အခါကျတော့ COPD လူနာတွေဟာ သူများတွေထက် အရိုးပါးပြီး ကျိုးလွယ်ပါတယ်။

အရိုးတင် မကပါဘူး။ လှုပ်လှုပ်ရှားရှား မရှိတဲ့အတွက် ကြွက်သားဆုံးရှုံးမှုတွေ ဖြစ်ပြီး ကြွက်သားတွေ သိမ်လာပါတယ်။

  • အိပ်ရေး ပြဿနာ

COPDလူနာတွေက အမြဲလိုလို မောနေတဲ့အတွက် ညဆို ကောင်းကောင်း အိပ်မပျော်ပါဘူး။ မနက်ဆို ငိုက်နေတတ်ပါတယ်။ တစ်ခါ တစ်ခါ အိပ်နေရင်းနဲ့ စက္ကန့်ပိုင်းလောက် အသက်ရှူရပ်သွားတဲ့ ပြဿနာ (အိပ်ဟောက်ရှူရပ်)ကြုံရတတ်ပါတယ်။ ဒီလို အသက်ရှူရပ်သွားတဲ့အချိန်မှာ သွေးတွင်းအောက်ဆီဂျင်ကျသွားတဲ့အတွက် မောတာ ပိုဆိုးလာတတ်ပါတယ်။

COPDလူနာတွေကို ကြည့်လိုက်ရင် နှစ်ရှည်လများ ဆေးလိပ်သောက်သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဆေးလိပ်ကို နှစ်ရှည်သောက်တာတစ်ချက်နဲ့တင် အဆုတ်ကင်ဆာ ဖြစ်ဖို့ လုံလောက်နေပါပြီ။ နာတာရှည် အဆုတ်ရောင်တဲ့သူတွေမှာ အဆုတ်ကလည်း ပျက်စီးနေတာဖြစ်တဲ့အတွက် ပျက်စီးနေတဲ့ ဆဲလ်တွေကနေ ကင်ဆာပြောင်းနိုင်ပါတယ်။

COPDလူနာ ၁၀ယောက်မှာ ၁ယောက်က ကုသမှုအစောပိုင်းမှာ စိတ်ကျဝေဒနာခံစားရပါတယ်တဲ့။ ကုသမှုနဲ့ အချိတ်အဆက် မမိသေးတဲ့အပြင် အမြဲလိုလိုအောက်ဆီဂျင်ရှူနေရတဲ့အခါ ကိုယ့်ဘဝကိုကိုယ်စိတ်ပျက်လာတာမျိုး ဖြစ်လာပါတယ်။ သူများတွေလို လှုပ်လှုပ်ရှားရှား မသွားရဘဲ အိပ်ရာထဲမှာပဲ လှဲနေရတဲ့သူတွေဆို ပိုဆိုးပါတယ်။ နောက်ပိုင်း ကုသမှုခံယူပြီး သက်သာလာတဲ့အခါကျမှ နေရသာ စိတ်ချမ်းသာလာတာပါ။ ဒီ့မတိုင်ခင်မှာတော့ လိုအပ်ရင် စိတ်ရောဂါအထူးကုဆရာဝန်နဲ့ နှစ်သိမ့်ဆွေးနွေးသင့်ပါတယ်။

COPDဟာ ရောဂါချည်း သက်သက်နဲ့တင် ခံစားရတာ မသက်သာသလို နောက်ဆက်တွဲရောဂါတွေကလည်း ကြီးကြီးမားမားတွေ ဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း COPDကို အပြီးမပျောက်နိုင်ပေမယ့် ရက်ချိန်းမှန်မှန်သွားပြီး ကုသနေရတာပါ။ နောက်ဆက်တွဲတွေ ဝင်လာမှာ စိုးလို့ပါ။ ကုသမှု မှန်မှန်ခံယူမယ်ဆိုရင်တော့ နောက်ဆက်တွဲရောဂါတွေ ဖြစ်နိုင်ခြေ နည်းသွားနိုင်တာကြောင့် တတ်ကျွမ်းနားလည်သူနဲ့ ပုံမှန်ပြသဖို့ အကြံပေးလိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 12 နာရီ အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။