backup og meta

ကိုယ်ဝန်လွယ်ထားရချိန် ထိခိုက်ဒဏ်ရာတွေနဲ့နာကျင်မှုဝေဒနာ သက်သာစေဖို့


Yun Sandi Nan Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်လွယ်ထားရချိန် ထိခိုက်ဒဏ်ရာတွေနဲ့နာကျင်မှုဝေဒနာ သက်သာစေဖို့

    ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်ဟာ မိခင်လောင်းတွေအတွက် စိတ်အလှုပ်ရှားရဆုံးဖြစ်သလို ဘာပဲလုပ်လုပ် သတိကြီးကြီးထားရတဲ့အချိန်လည်းဖြစ်ပါတယ်။ မိခင်နဲ့ကလေးက တစ်တွဲတည်းဖြစ်နေချိန်မှာ လုံးဝအထိခိုက်မခံနိုင်ဘူးလေ။ နှစ်ယောက်လုံးရဲ့ကျန်းမာရေးကို သိပ်ကိုဂရုစိုက်ရတဲ့အပြင် မတော်တဆထိခိုက်မှုအန္တရာယ်ဆိုတာ မထင်မှတ်ဘဲ ဖြစ်လာတတ်တာကြောင့် သွားသတိ၊ စားသတိ အမြဲရှိသင့်ပါတယ်။

    ကိုယ်ဝန်ဆောင်ရတဲ့အခါ ဗိုက်ထဲက ကလေး ကြီးထွားဖွံ့ဖြိုးလာဖို့နဲ့ ကောင်းမွန်စွာမွေးဖွားနိုင်ဖို့ ခန္ဓာကိုယ်က အားအင်တွေ စုပ်ယူ၊ အလိုအလျောက်စတင်ပြင်ဆင်နေပါပြီ။ လရင့်လာတာနဲ့အမျှ ကလေးမွေးဖို့အတွက် ခန္ဓာကိုယ်ကပြင်ဆင်နေတာကြောင့် အဆစ်အမြစ်တွေက စတင်လျော့ရဲလာပါတယ်။ အိပ်ချင်တာ၊ မအီမသာဖြစ်တာ၊ စိတ်နဲ့လူမကပ်တာတွေလည်း ခံစားရနိုင်တယ်။ ဒါနဲ့ပဲ ချော်လဲတာ၊ ချော်ကျတာတွေ ဖြစ်လွယ်ပြီး ထိခိုက်ဒဏ်ရာလည်း ရလွယ်ပါတယ်။

    ဒီလိုဂရုစိုက်နေတဲ့ကြားက ကိုယ်ဝန်ဆောင်မေမေတို့ရဲ့အဖြစ်များတတ်ကြတဲ့ ထိခိုက်ဒဏ်ရာနဲ့ နာကျင်မှုတွေအကြောင်းလေး ပြောပြရဦးမယ်။

    မေမေဗိုက်တို့ ခံစားရတတ်တဲ့ ထိခိုက်ဒဏ်ရာနဲ့ နာကျင်မှုဝေဒနာတွေ

    • အရေပြားပေါက်ပြဲဒဏ်ရာနဲ့ ပြတ်ရှဒဏ်ရာ – ဘယ်လောက်ပဲသတိထားတယ်၊ နားနေတယ် ဆိုဆို မတော်တဆ ထိခိုက်မှုဆိုတာ မကင်းနိုင်ကြတာမို့ရှောင်လွှဲရမလွယ်ပါဘူး။ အသေးစားထိခိုက်ဒဏ်ရာဆိုရင် တော်တန်ရုံဂရုစိုက်လိုက်ရင် ရနိုင်ပေမယ့် အရိုးကျိုးအက်တာ၊ ဒဏ်ရာနက်တာ၊ ထိခိုက်မှုပြင်းတာတွေဆိုဆေးရုံ၊ ဆေးခန်းအမြန်ပြသင့်ပါတယ်။
    • အရေပြားအသေးစားထိခိုက်မှုတွေကို အနာသေချာသန့်စင်ပြီး အနာပိုးသတ်ဆေးထည့်ပါ။ ပလာစတာ၊ ပတ်တီးနဲ့ အနာကိုဖုံးအုပ်ပါ။ အနာကိုပိုးမဝင်အောင် ဂရုစိုက်ပါ။ အနာပိုးဝင်ရင် ကိုယ်ဝန်ဆောင်အနေနဲ့ ပဋိဇီဝဆေးတွေသောက်လို့ မသင့်တော်တာကြောင့် တခြားသူတွေထက် ပိုဂရုစိုက်သင့်ပါတယ်။
    • ခြေထောက်ရောင်ခြင်းနဲ့ အရည်ကြည်ဖု– ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်တဲ့အခါ ခြေထောက်ရောင်တာတွေ၊ ခြေထောက်မှာ အရည်ကြည်ဖုလေးတွေ ဖြစ်လာတတ်ပါတယ်။ လွယ်ထားရတဲ့ ကိုယ်ဝန်ကကြီးလာလေ ခန္ဓာကိုယ်အောက်ပိုင်းမှာ ဖိအားများလာလို့ဖြစ်လာတာပါ။ နောက်တစ်ချက်က ဟော်မုန်းအပြောင်းအလဲကြောင့် ခန္ဓာကိုယ်အောက်ပိုင်းမှာ အရည်ဓာတ်တွေ စုလာတာဖြစ်နိုင်ပါတယ်။ နာကျင်မှုရှိနိုင်ပေမယ့် ကလေးမွေးဖွားပြီးတဲ့အခါပျောက်ကင်းသွားတတ်ပါတယ်။ ဒီလိုဖြစ်နေချိန်အတွင်း ရေများများသောက်ပါ၊ အငန်များတာတွေရှောင်ပါ၊ ခြေထောက်ချိတ်မထိုင်ပါနဲ့၊ ခြေထောက်ကိုမြှင့်ထားပါ၊ ဘယ်ဘက်ကိုစောင်းအိပ်ပါ၊ ခြေထောက်ရောင်တာ သက်သာစေမယ့် ကိုယ်ဝန်ဆောင်သီးသန့် ကျုံ့ဆန့်ခြေအိတ်တွေ၊ စတော်ကင်တွေဝတ်ပါ။
    • အနာသက်သာဆေး –ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ထည့်စဉ်းစားရမယ့်အချက်တွေက အများကြီးရှိပါတယ်။ ဥပမာ လူသုံးများတဲ့ အကိုက်အခဲပျောက်ဆေးတွေက မိခင်လောင်းအတွက် မသောက်သုံးသင့်တာကြောင့် အစားထိုးနည်းလမ်းစဉ်းစားရပါတယ်။ ဆေးကို ပမာဏလျှော့ပြီးပေးတာ၊ အာနိသင်အပျော့စားတွေသုံးတာမျိုးကို ဆရာဝန်တွေက ညွှန်ကြားပေးပါလိမ့်မယ်။
    • ခါးနာခြင်း –ကိုယ်ဝန်ဆောင်ကာလမှာ ခါးနာတာလည်းဖြစ်တတ်တာမို့ မပေါ့ဆပါနဲ့။ စဖြစ်ဖြစ်ချင်းမှာတော့ သိပ်မပင်ပန်းတဲ့ ကိုယ်လက်လှုပ်ရှားမှု(လမ်းလျှောက်တာလိုမျိုး)တွေလုပ်ပေးတာ၊ အပူအအေးတလှည့်စီကပ်နည်း( တစ်နေ့ကို ၁၅ မိနစ်လောက်ရေခဲကပ်ပြီး နှစ်ရက်သုံးရက်ကြာတဲ့အခါရေနွေးအိတ် သို့မဟုတ် ရေနွေးဘူးလေး အသာအယာကပ်ပေးပါ။ အပူရော အအေးပါ ဗိုက်ကို မကပ်မိဖို့တော့သတိထားပါ)။ ခါးဆစ်ရိုးကို ဒဏ်မပိစေဖို့ နေပုံထိုင်ပုံသတိထားပါ (ဘေးစောင်းအိပ်တဲ့အခါ ခွခေါင်းအုံးလေး ခွထားပါ၊ ခုံမှာထိုင်တဲ့အခါ ခါးကိုထောက်ကူနိုင်ဖို့ ကျောဘက်မှာ အဝတ်ဖြစ်ဖြစ်၊ခေါင်းအုံးအသေးဖြစ်ဖြစ် ခုထားပါ၊ ခါးကိုမတ်မတ်ထိုင်ပါ၊ လိုအပ်ရင် ကျန်းမာရေးခါးပတ် ပတ်ထားပါ)။

    ဘယ်လိုနာကျင်မှုပဲဖြစ်ဖြစ်ဆေးဝါးတွေကို ကိုယ့်သဘောနဲ့ ကိုယ်မသောက်သုံးသင့်ပါဘူး။ ဝေဒနာသက်သာဖို့၊ အနာပျောက်ဖို့ အကိုက်အခဲပျောက်ဆေးတွေ၊ ပဋိဇီဝဆေးတွေကို ရမ်းသောက်မိရင်ဆေးရဲ့သက်ရောက်မှုက ဖွံ့ဖြိုးဆဲသန္ဓေသားကို ဆိုးကျိုးပေးနိုင်ပြီး မိခင်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement