backup og meta

အသက် ၄၀ နောက်ပိုင်း ကိုယ်ဝန်ရနိုင်အောင် ဘာတွေလုပ်ဆောင်သင့်သလဲ

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


16/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက် ၄၀ နောက်ပိုင်း ကိုယ်ဝန်ရနိုင်အောင် ဘာတွေလုပ်ဆောင်သင့်သလဲ

    အသက် ၄၀ နောက်ပိုင်း ကိုယ်ဝန်ရနိုင်အောင် ဘာတွေလုပ်ဆောင်သင့်သလဲ …………

    တကယ်လို့ သင့်အနေနဲ့ ကိုယ်ဝန်ဆောင်ဖို့ စိတ်ကူးရှိတယ်ဆိုရင် ကလေးရော ရနိုင်ပါ့မလား၊ ရအောင်ရော လုပ်လို့ရနိုင်ပါ့မလားလို့ စိတ်ပူနေမယ်ထင်ပါတယ်။ သင့်ရဲ့ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေတဲ့ ကျန်းမာရေးပြဿနာတချို့လို အကြောင်းရင်းတွေကိုတော့ သင့်အနေနဲ့ ပြောင်းလဲလို့မရနိုင်ပါဘူး။

    ဒါပေမယ့် ဒါဟာ အဆုံးသတ်တော့ မဟုတ်သေးပါဘူး။ သင့်ရဲ့ နေ့စဉ်နေထိုင်မှုက မျိုးပွားနိုင်စွမ်းအပေါ် သက်ရောက်မှုရှိပါတယ်။ အသက် ၄၀ နောက်ပိုင်း ကိုယ်ဝန်ရနိုင်အောင် ဘာတွေလုပ်ဆောင်သင့်သလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    အသက် ၄၀ နောက်ပိုင်း ကိုယ်ဝန်ရနိုင်အောင် ဘာတွေလုပ်ဆောင်သင့်သလဲ

    အသက် ၄၀ နောက်ပိုင်း ကိုယ်ဝန်ရနိုင်အောင် ဘာတွေလုပ်ဆောင်သင့်သလဲ ဆိုတာကို မပြောခင် အမျိုးသမီးတွေရဲ့ မျိုးပွားနိုင်စွမ်းအကြောင်းကနေ စပြောချင်ပါတယ်။

    အမျိုးသမီးမျိုးပွားနိုင်စွမ်း ဆိုတာဘာလဲ

    အမျိုးသမီးတစ်ယောက် မျိုးပွားနိုင်စွမ်းဆိုတာ ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်နိုင်စွမ်းကို ဆိုလိုတာဖြစ်ပါတယ်။

    တကယ်လို့ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကို မကြာခဏ ပြုလုပ်ပါလျက်နဲ့ တစ်နှစ်တိတိ ကြာတဲ့အထိ ကိုယ်ဝန်မရသေးဘူး၊ အသက် ၄၀ နောက်ပိုင်းဆိုရင်တော့ ၆လကြာတဲ့အထိ မရသေးဘူးဆိုရင် သင်ရော သင့်အဖော်ရော ကိုယ်ဝန်ဆောင်နိုင်စွမ်းအပေါ် သတိရှိသင့်ပါတယ်။

    အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားနိုင်စွမ်းကို ဘာတွေက ပြဿနာပေးတာလဲ

    များပြားလှတဲ့ကျန်းမာရေးပြဿနာတွေက အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားနိုင်စွမ်းကို ပြဿနာပေးပါတယ်။

    • မမျိုးဥကြွေခြင်းကို အနှောင့်အယှက်ပေးသော အခြေအနေများ
    • သားအိမ်အပေါ် အနှောင့်အယှက်ပေးသော အခြေအနေများ
    • မျိုးပွားအင်္ဂါရောင်ရမ်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်လာတဲ့ သားဥပြွန်ပိတ်နေခြင်း
    • သားအိမ်နံရံအတွင်းသားများ နေရာမှား ပေါက်ဖွားခြင်း

    အသက်အရွယ်အရလည်း မျိုးပွားနိုင်စွမ်းအပေါ် လွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် အချိန်ကြာကြာ ကိုယ်ဝန်တားထားတာနဲ့အမျှ သင့်ရဲ့ မျိုးပွားနိုင်စွမ်းကလည်း လျော့ကျလာမှာ ဖြစ်ပါတယ်။

    အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မမျိုးဥဟာ ငယ်ရွယ်သူတွေရဲ့ မမျိုးဥထက်စာရင် ပိုပြီး သန္ဓေအောင်ဖို့ခက်ပါတယ်။ နောက်ပြီး သန္ဓေအောင်သွားရင်တောင်မှ ပုံမှန်အတိုင်း ဖွံ့ဖြိုးဖို့ ခက်တတ်ပါတယ်။

    သင့်ရဲ့မျိုးပွားနိုင်စွမ်းတက်အောင် ဘာတွေ လုပ်ဆောင်သင့်သလဲ

    အခုပြောပြမယ့် ကျန်းမာစွာနေထိုင်နည်းတွေကတော့ သင့်ရဲ့မျိုးပွားနိုင်စွမ်းတက်ဖို့မှာ အထောက်အကူပေးပါလိမ့်မယ်။

    • ကိုယ်အလေးချိန်ထိန်းပါ ပိန်လွန်းခြင်း၊ ဝလွန်းခြင်းက ခန္ဓာကိုယ်ထဲက ဟော်မုန်းထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိပြီး မမျိုးဥကြွေခြင်းကို တားဆီးနိုင်ပါတယ်။ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းအားဖြင့် မမျိုးဥကြွေပြီး ကိုယ်ဝန်ရနိုင်ချေကို မြင့်တက်စေနိုင်ပါတယ်။
    • လိင်ကတဆင့် ကူးစက်တဲ့ ရောဂါများကို ကာကွယ်ပါ – ဆီးပူညောင်းကျလိုမျိုး လိင်ကတဆင့် ကူးစက်တဲ့ ရောဂါများဟာ အမျိုးသားများအတွက်ရော အမျိုးသမီးများအတွက်ပါ မြုံသွားစေနိုင်တဲ့ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ ဒီလိုကူးစက်မခံရဖို့ဆိုရင် အန္တရာယ်ကင်းတဲ့ ဆက်ဆံမှုမျိုးတွေ လုပ်ပါ။ လိင်ဆက်ဆံဖက် အရေအတွက်ကို လျှော့ပါ။ ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးပါ။ ဒါမှမဟုတ် ရောဂါပိုးမရှိတဲ့ အိမ်ထောင်ဖက်နဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးပါ။
    • ကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသောက်ပါ – ကိုယ်ဝန်ရနိုင်ခြေကို များစေတဲ့ အစားအသောက်တွေရယ်လို့ တိတိကျကျ သုတေသနလုပ်ထားတာ မရှိသေးပေမယ့် ကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသောက်ခြင်းက အထောက်အကူပြုတာတော့ အမှန်ပါပဲ။ နေ့စဉ် ဖောလစ်အက်ဆစ် ပါဝင်တဲ့ အားဆေးတွေ သောက်သုံးခြင်းအပါအဝင် အာဟာရပြည့်ဝအောင် စားသောက်ခြင်းက ကိုယ်ဝန်ရဖို့အတွက် လုပ်ဆောင်သင့်တဲ့ အရေးကြိးကိစ္စ ဖြစ်သလို၊ သင်ရော သင့်ကလေးကိုပါ ကိုယ်ဝန်ဆောင်စဉ်အတွင်း အကျိုးပြုပါလိမ့်မယ်။
  • ကျန်းမာရေးပုံမှန်စစ်ဆေးပါ – ဆရာဝန်၊ ဆရာမဆီ ပုံမှန်သွားစစ်ဆေးခြင်းဖြင့် ကိုယ့်ရဲ့ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေတဲ့ အခြေအနေများကို ကြိုတင်သိရှိနိုင်ပြီး ကုသနိုင်မှာလည်း ဖြစ်ပါတယ်။
    • စိတ်ဖိစီးမှုတွေကို လျှော့ချပါ – တချို့သောသုတေသနများကတော့ စိတ်ဖိစီးမှုဟာ ကိုယ်ဝန်ရနိုင်ချေကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ မျိုးအောင်နိုင်စွမ်းအပေါ် စိတ်ဖိစီးမှုရဲ့ သက်ရောက်မှုတွေအကြောင်း ဒီထက်ပိုပြီး လေ့လာဖို့ လိုသေးတာမှန်ပေမယ့် တကယ်လို့ သင်ဟာ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေတယ်ဆိုရင် စိတ်ဖိစီးမှုလျှော့ချဖို့တော့ လိုပါလိမ့်မယ်။
    • ဆေးလိပ်မသောက်ပါနဲ့ – ဆေးလိပ်က သင့်ရဲ့သားဥအိမ်တွေကို ရင့်စေပြီး မမျိုးဥတွေကို အချိန်မတိုင်မီ ထွက်လာစေတယ်။ ဒါကြောင့် သင်ဟာ ဆေးလိပ်သောက်တတ်သူတစ်ယောက် ဆိုရင် သင့်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးလိပ်ဖြတ်ဖို့ ကြိုးစားသင့်ပါတယ်။
    • အရက်လျှော့သောက်ပါ – အရက်အလွန်အကျွံသောက်ခြင်းက မမျိုးဥကြွေခြင်းကို ကမောက်ကမ ဖြစ်စေပါတယ်။ တချို့သော သုတေသနတွေ့ရှိချက်တွေကတော့ အရက်အနည်းငယ်ပဲ သောက်ရင်တောင် ကိုယ်ဝန်ရနိုင်ခြေကို လျော့စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကိုယ်ဝန်လိုချင်တယ်ဆိုရင်တော့ အရက်ကို လုံးဝရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။
    • ကဖင်းဓာတ်ကို လျှော့ချပါ – တွေ့ရှိချက်တွေကတော့ ရောထွေးနေပေမယ့် ကဖင်းဓာတ်များလွန်းခြင်းက အီစရိုဂျင်ဟော်မုန်းကို များစေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့မျိုးပွားနိုင်စွမ်းကို ကာကွယ်ချင်ရင် သင့်ရဲ့ နေ့စဉ်စားသောက်မှုမှာ ကဖင်းဓာတ်ကို တစ်နေ့ ၂၀၀ မီလီဂရမ်ထက် မများဖို့ သတိထားပါ။ အဲဒါက ကော်ဖီ ၂၄၀ မီလီလီတာကို ၂ခွက်သောက်တာနဲ့ ညီမျှပါတယ်။
    • အလေ့အကျင့် အပြင်းအထန်လုပ်ခြင်းကို သတိထားပါ – လေ့ကျင့်ခန်းလုပ်တာဟာ ကျန်းမာတဲ့ ဘဝနေထိုင်မှုအတွက် အရေးကြီးပေမယ့် ပြင်းပြင်းထန်ထန် ပြုလုပ်ခြင်းကတော့ မျိုးအောင်နိုင်စွမ်းကို အနှောင့်အယှက်ပေးပါတယ်။ မမျိုးဥကြွေတာကို ပိတ်ပင်တယ်၊ ပရိုဂျက်စထရုန်းဟော်မုန်းထွက်တာကို နည်းစေတယ်။ ဒါကြောင့် ကိုယ့်မှာ ဖြစ်သင့်တဲ့ ကိုယ်အလေးချိန်လည်း ရှိတယ်၊ မကြာမီကလေးယူဖို့လည်း စိတ်ကူးနေတယ်ဆိုရင် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို တစ်ပတ်ကို ၇နာရီထက် ပိုမလုပ်ဖို့ သတိထားစေချင်ပါတယ်။ တကယ်လို့ ကိုယ်က အဝလွန်နေသူတစ်ယောက်ဆိုရင်တော့ ဘယ်လောက်ထိ လေ့ကျင့်ခန်းလုပ်လို့ရနိုင်မလဲ သင့်ဆရာဝန်နဲ့ တိုင်ပင်ကြည့်ဖို့ လိုပါမယ်။
    • အဆိပ်အတောက်များနဲ့ မထိတွေ့မိအောင် ရှောင်ကြဉ်ပါ – ညစ်ညမ်းစွန့်ပစ်ပစ္စည်းတွေ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိခြင်းက သင့်ရဲ့မျိုးအောင်နိုင်စွမ်းကို ကျစေပါတယ်။ စိုက်ပျိုးရေးလုပ်သားတွေ၊ ဆံပင်အလှပြင်သူတွေ၊ ဒီလိုလူမျိုးတွေဟာ ရာသီသွေးကမောက်ကမ ဖြစ်နိုင်ချေ ပိုများပါတယ်။ အဲဒီလို မျိုးအောင်နိုင်စွမ်းလျော့ကျနိုင်တဲ့ တခြားအလုပ်အကိုင်တွေကတော့ နိုက်ထရပ်စ်အောက်ဆိုက်ဒ်နဲ့ ထိတွေ့နေရတဲ့ သွားဆေးခန်းအကူတွေ၊ အော်ဂဲနစ်ပစ္စည်းတွေနဲ့ ထိတွေရနေရသူတွေ၊ စက်ရုံအလုပ်သမားတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုထိတွေ့မှုတွေများ ရှိနေတယ်ဆိုရင် သင့်ရဲ့ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    တကယ်လို့ သင့်အနေနဲ့ ကိုယ်ဝန်လည်းဆောင်ချင်တယ်၊ ကိုယ့်ရဲ့ နေထိုင်မှုပုံစံက ကိုယ့်ရဲ့ မျိုးအောင်နိုင်စွမ်းကို အနှောင့်အယှက်ပေးနေတယ်ထင်ရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ သူက သင့်ရဲ့မျိုးအောင်နိုင်စွမ်းတက်လာအောင်၊ ကိုယ်ဝန်ဆောင်နိုင်စွမ်း မြင့်လာအောင် ကူညီအကြံပေးနိုင်ပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    16/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement