backup og meta

သားသားလေးလား မီးမီးလေးလား ဘယ်လိုသိနိုင်မလဲ

သားသားလေးလား မီးမီးလေးလား ဘယ်လိုသိနိုင်မလဲ

ကိုယ်ဝန်ဆောင်နေချိန်မှာ သားသားလေးလား မီးမီးလေးလား ခန့်မှန်းနေရတာက အတော်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ အရပ်ထဲက မိရိုးဖလာနည်းလမ်းတွေနဲ့ ခန့်မှန်းနေကြတဲ့ လူပြောသူပြောတွေအပြင် ကလေးဟာ ဘာလေးဖြစ်မလဲဆိုတာ ရှာဖွေနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီခေတ်မှာဆိုရင်တော့ အယ်ထွာဆောင်းရိုက်ပြီး ဘာလေးလဲဆိုတာကို အလွယ်တကူသိနိုင်နေပါပြီ။ ကဲ …. သားသားလေးလား မီးမီးလေးလား ဘယ်လိုသိနိုင်မလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။

ဒီဆောင်းပါးလေးမှာတော့ ဟိုးအရင်တုန်းက သားသားလေးလား မီးမီးလေးလား ဆိုတာကို ဘယ်လိုခန့်မှန်းကြလဲ။ ဒီခေတ်မှာရော ဘယ်လိုတွေ သိနိုင်လဲဆိုတာ ပြောပြပေးသွားမှာပါ။

သားသားလေးလား မီးမီးလေးလား ဆိုတာကို အရင်က ဒီလိုခန့်မှန်းကြတာပါ။

ဒီနည်းလမ်းတွေကတော့ လုံးဝကို လူပြောသူပြောများတဲ့ ဒဏ္ဍာရီတွေပါပဲ။ ဘာပဲဖြစ်ဖြစ် ပျော်စရာတော့ ကောင်းပါတယ်လေ။

ကိုယ်ဝန်ဆောင်ရဲ့ ဗိုက်ပုံစံ

လူကြီးတွေ ပြောတာတော့ ဗိုက်ကလေးက ဘောလုံးလို လုံးနေမယ်ဆိုရင်၊ အောက်စိုက်နေမယ်ဆိုရင် ယောက်ျားလေးမွေးပါမယ်တဲ့။ တကယ်လို့ ဗိုက်က ကားကားလေးဖြစ်နေမယ်ဆိုရင် မိန်းကလေး မွေးနိုင်ပါတယ်တဲ့။ သိပ္ပံပညာအရတော့ ကလေးရဲ့ လိင်က ဗိုက်ပုံသဏ္ဍာန်နဲ့ ဘာမှ သက်ဆိုင်မှု မရှိပါဘူး။ တကယ်တော့ ဗိုက်ရဲ့ ပုံသဏ္ဍာန်ဟာ ကိုယ်ခန္ဓာအချိုးအစား၊ ကိုယ်အလေးချိန်၊ ကြွက်သားတွေနဲ့ ကလေးရဲ့ တည်ရှိနေပုံတွေပေါ်ကို မူတည်ပါတယ်။

ချင်ခြင်းတပ်တဲ့ပုံစံ

တချို့တွေက ပြောကြပါတယ်။ အမေက အချိုတွေပဲ စားချင်နေရင် ယောက်ျားလေး မွေးမယ်။ အချဉ်တွေ စားချင်နေရင် မိန်းကလေးမွေးမယ် စသဖြင့်ပေါ့။ ဒါတွေက ယုံတမ်းစကားသက်သက်ပါ။ အမေ ချင်ခြင်းတပ်တာက ကလေးကြောင့်ဆိုတာထက် ဟော်မုန်းအပြောင်းအလဲနဲ့ပဲ ပိုဆိုင်ပါတယ်။

ကလေးရဲ့ နှလုံးခုန်သံ

ကလေးရဲ့ နှလုံးခုန်သံက ၁၄၀ထက်များနေရင်  မိန်းကလေးမွေးမယ်လို့ ပြောကြပါတယ်။ ခုထက်ထိတော့ ကလေးရဲ့ နှလုံးခုန်သံနဲ့ လိင်နဲ့ ဆက်စပ်နေတယ်ဆိုတာကို အတိအကျ မပြောနိုင်ပါဘူး။ ကလေးရဲ့ နှလုံးခုန်သံက ယောက်ျားလေး မိန်းကလေး ဖြစ်ခြင်းထက် ကလေးရဲ့ ကျန်းမာရေးနဲ့သာ ဆိုင်ပါတယ်။

မိန်းကလေးကိုယ်ဝန်ဆို ဗိုက်ကြီးနာ စွဲတာ ပိုခံစားရတယ်။

ရှေးလူကြီးတွေက ကိုယ်ဝန်ဆောင်ချိန် ပျို့အန်တာ၊ အစားအသောက် ပျက်တာတွေကို ဗိုက်ကြီးနာစွဲတယ်လို့ ပြောကြပါတယ်။ သူတို့ အတွေ့အကြုံအရ ဒီလိုမျိုး ခံစားရတဲ့ ကိုယ်ဝန်ဆောင်တွေက သမီးလေးမွေးတာ ပိုများတယ်တဲ့။ သိပ္ပံပညာအရလည်း ကိုယ်ဝန်ရှိချိန်မှာ သူများထက် ပိုပြီး ပျို့အန်တဲ့ အမျိုးသမီးတွေက သမီးလေးမွေးတတ်တယ်လို့ တချို့လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။ သူတို့အဆိုအရတော့ ကိုယ်ဝန်ဆောင်တွေကို ပျို့အန်စေတဲ့ hCGဟော်မုန်းက သမီးကိုယ်ဝန်ဆောင်တွေမှာ ပိုများလို့ပါတဲ့။ ဒါကလည်း အတိအကျတော့ မဟုတ်ပါဘူး။ ထပ်ပြီး လေ့လာစရာတွေ ရှိပါသေးတယ်။

ကလေးရဲ့ လိင်ကို မှန်ကန်စွာဖော်ထုတ်ပေးနိုင်မယ့် ဆေးပညာဆိုင်ရာ စမ်းသပ်မှုများ

Ultrasound အယ်ထွာဆောင်း

ကိုယ်ဝန်ပတ် ၂၀ ဝန်းကျင်လောက်ဆိုရင် ကလေးမှာ ကိုယ်လက်အင်္ဂါ စုံ မစုံ စစ်ဖို့ anomaly scan ဆိုပြီး အယ်ထွာဆောင်း ရိုက်ရပါတယ်။ အဲ့ဒီကနေ သားသားလေးလား မီးမီးလေးလား သိနိုင်ပါတယ်။ ၁၀၀% မှန်မယ်လို့ အာမမခံနိုင်ပေမယ့် တော်တော်များများတော့ မှန်ပါတယ်။ ကလေးနေတဲ့ပုံစံပေါ် မူတည်ပြီး လိင်အင်္ဂါကို မှန်းတာ လွဲနိုင်ခြေလည်း ရှိသေးတာကိုး။

Non-invasive prenatal testing (NIPT)

ဒီမှာတော့ စစ်လေ့စစ်ထမရှိပါဘူး။ သွေးစစ်ပြီး ကလေးမှာ ချို့ယွင်းချက်ပါ မပါကို စစ်တာဖြစ်ပါတယ်။ ကိုယ်ဝန် ၁၀ပတ်လောက်ဆို စစ်လို့ရပါပြီ။ ဒီကနေ ဘာလေးလဲဆိုတာပါ စစ်လို့ရပါတယ်။ ဈေးကြီးတဲ့အတွက် ဘာလေးလဲဆိုတာ သိချင်ရုံသက်သက်တော့ ဒါနဲ့ စစ်လေ့မရှိပါဘူး။ အယ်ထွာဆောင်းပဲ ရိုက်လိုက်ကြပါတယ်။

Amniocentesis

ဒါကတော့ ရေမြွာရည်ကို စစ်ဆေးတာပါ။ ရေမြွာရည်ကို စစ်ပြီး ကလေးမှာ ဒေါင်းရောဂါလိုမျိုး မျိုးဗီဇရောဂါ ပါမပါ စစ်တာပါ။ ကိုယ်ဝန် ၁၅ပတ်ဆို စစ်လို့ ရပါပြီ။ သူက ကလေးရဲ့ မျိုးဗီဇ (ခရိုမိုဇုမ်း)ကို စစ်ဆေးတာပါ။ ဘာလေးလဲဆိုတာကို တိုက်ရိုက်စစ်ဆေးတာ မဟုတ်ပါဘူး။ တချို့ မျိုးဗီဇရောဂါတွေက ယျောက်လေး ဒါမှမဟုတ်  မိန်းကလေးမှာပဲ ဖြစ်တာကြောင့် သွယ်ဝိုက်တဲ့ နည်းနဲ့ ဘာလေးလဲဆိုတာ သိနိုင်ပါတယ်။ ဥပမာ Turner’s syndromeဆိုရင် သမီးတွေမှာပဲ ဖြစ်တာပါ။

Chorionic villus sampling (CVS)

အပေါ်မှာ ပြောခဲ့တဲ့ ရေမြွာရည်စစ်သလိုမျိုးပါပဲ။ ကလေးမှာ မျိုးဗီဇချို့ယွင်းချက် ပါ မပါ စစ်တာပါ။ ကိုယ်ဝန်ပတ် ၁၁ပတ်နဲ့ ၁၄ပတ်ကြားမှာ စစ်လို့ရပါတယ်။ သူကတော့ အချင်းအစလေးကို ယူပြီးစစ်ဆေးတာဖြစ်ပါတယ်။ ကလေးမှာ ဖြစ်တဲ့ မျိုးဗီဇရောဂါကို ကြည့်ပြီး ဘာလေးလဲဆိုတာကို သိနိုင်ပါတယ်။

Amniocentesis ရော Chorionic villus sampling (CVS) ရောက ကလေးပျက်နိုင်ခြေရှိတဲ့အတွက် သားသားလေးလား မီးမီးလေးလား ဆိုတာ သိချင်ရုံသက်သက်နဲ့တော့ မစစ်ပါဘူး။

ဒီတော့ ခြုံပြောရရင် ကလေးက ဘာလေးလဲဆိုတာကို အန္တရာယ်ကင်းကင်း သိနိုင်ဖို့ အယ်ထွာဆောင်းပဲ ရိုက်ကြပါတယ်။

ကလေးက ဘာလေးလဲဆိုတာကို သိဖို့ မိရိုးဖလာခန့်မှန်းနည်းတွေနဲ့ ခန့်မှန်းတာဖြစ်ဖြစ်၊ အယ်ထွာဆောင်းအဖြေကို စောင့်ကြည့်တာပဲဖြစ်ဖြစ် အင်မတန် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ခုနောက်ပိုင်းဆို gender revealဆိုပြီး ပွဲလေးတွေတောင် လုပ်လာကြပါပြီ။ ဘာလေးမွေးမလဲဆိုတာက ၅၀/၅၀ပါ။ ဒါပေမယ့် ဒါကို ခန့်မှန်းနေရတာကိုက ပျော်စရာကောင်းနေတာပါ။

ရေးသားသူ− Wuthun Myat Chal

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How can I tell if I’m having a boy or a girl?, Sep 2012

http://www.babycentre.co.uk/x559360/how-can-i-tell-if-im-having-a-boy-or-a-girl#ixzz4RE45RNLP

Boy or girl – what are the signs during pregnancy?
http://www.madeformums.com/pregnancy/boy-or-girl–what-are-the-signs-during-pregnancy/36195.html

19 ways to tell (and guess!) if you’re having a boy or girl, Oct 29, 2013
http://www.today.com/parents/19-ways-tell-guess-if-you-re-having-boy-or-t75931

American College of Obstetricians and Gynecologists. Ultrasound exams. https://www.acog.org/womens-health/faqs/ultrasound-exams Dec 29, 2022

American College of Obstetricians and Gynecologists. Prenatal genetic diagnostic tests. https://www.acog.org/womens-health/faqs/prenatal-genetic-diagnostic-tests Dec 29, 2022

ယခုပုံစံ

10/01/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သားလေးလား သမီးလေးလား ရနိုင်ခြေအပေါ် မျိုးရိုးဗီဇက ဘယ်လိုသက်ရောက်သလဲ

သင့်ရင်သွေးလေး သားသားလား၊ မီးမီးလား ဘယ်တော့ခွဲခြားနိုင်ပြီလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 10/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement