ကလေးလေးတစ်ယောက် ဘယ်လိုပုံစံလေးဆိုတာကို မသိခင် ဗိုက်ထဲမှာ ဘေဘီလေးရှိနေပြီဆိုကတည်းက ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာစေချင်တဲ့ ဆန္ဒမေမေတိုင်းမှာ ရှိပါတယ်။ ဗိုက်ထဲက ဘေဘီလေး အကောင်းဆုံးမှ ဖွံ့ဖြိုးရဲ့လား။ အသက်အရွယ်အလိုက် ရှိသင့်တဲ့ အလေးချိန်၊ အရွယ်အစား ရှိရဲ့လားဆိုတာကိုလည်း အမြဲမပြတ် စိတ်ပူနေမိမယ် ထင်ပါတယ်။
ကိုးလလွယ် ဆယ်လဖွားရတဲ့ ကိုယ်ဝန်ဆောင်ကာလ ပြီးလို့ မျက်နှာမြင်ရချိန်မှာ ကျန်းကျန်းမာမာ ဖြစ်စေချင်တဲ့ မေမေ့စိတ်ကူးလေးကို အကောင်အထည် ဖော်နိုင်စေဖို့အတွက် ဗိုက်ထဲက ဘေဘီလေး ကျန်းမာဖွံ့ဖြိုးစေဖို့ မေမေတို့ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံ တွေက ဘာတွေ ဂရုစိုက်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။
ဗိုက်ထဲက ဘေဘီလေး ကိုယ်အလေးချိန် တက်စေဖို့
ဘေဘီလေး တစ်ယောက် ကျန်းကျန်းမာမာနဲ့ လူ့လောကထဲ ရောက်လာဖို့ဆိုရင် ဗိုက်ထဲမှာကတည်းက အာဟာရပြည့်ပြည့်ဝဝ ရရှိဖို့နဲ့ လအလိုက် ရှိသင့်တဲ့ ဖွံ့ဖြိုးမှုလေးတွေ ရရှိဖို့ လိုပါမယ်။
ဗိုက်ထဲက ဘေဘီလေး အပတ်စဉ် အလိုက် ဘယ်လို ဖွံ့ဖြိုးတာလဲ
| ကိုယ်ဝန်ဆောင်ကာလ အပတ်ရေ | ဘေဘီလေးရဲ့ ကိုယ်အလေးချိန် [ကီလိုဂရမ်] |
| ၈ | – |
| ၉ | – |
| ၁၀ | – |
| ၁၁ | – |
| ၁၂ | – |
| ၁၃ | – |
| ၁၄ | – |
| ၁၅ | – |
| ၁၆ | – |
| ၁၇ | – |
| ၁၈ | – |
| ၁၉ | – |
| ၂၀ | – |
| ၂၁ | – |
| ၂၂ | – |
| ၂၃ | – |
| ၂၄ | – |
| ၂၅ | ၀.၆၈ |
| ၂၆ | ၀.၇၇ |
| ၂၇ | ၀.၈၆ |
| ၂၈ | ၀.၉၉ |
| ၂၉ | ၁.၁၃ |
| ၃၀ | ၁.၃၁ |
| ၃၁ | ၁.၄၉ |
| ၃၂ | ၁.၇၂ |
| ၃၃ | ၁.၉ |
| ၃၄ | ၂.၁၃ |
| ၃၅ | ၂.၄ |
| ၃၆ | ၂.၆၃ |
| ၃၇ | ၂.၈၅ |
| ၃၈ | ၃.၀၈ |
| ၃၉ | ၃.၃၁ |
| ၄၀ | ၃.၄၄ |
| ၄၁ | ၃. ၅၅ |
| ၄၂ | ၃.၆၆ |
ဗိုက်ထဲက ဘေဘီလေး ကိုယ်အလေးချိန် တက်စေဖို့

ကိုယ်ဝန်ဆောင်ကာလမှာ အစားအသောက်က အရေးအကြီးဆုံးပါ။ နေ့စဉ် စားသုံးမှုမှာ လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ကောက်နှံတွေ၊ အသား၊ ကြက်သားတွေကို ထည့်သွင်းပြီး မျှတအောင် စားသုံးပေးတာက ဗိုက်ထဲက ဘေဘီလေးရဲ့ ကိုယ်အလေးချိန်ကို တက်စေမှာပါ။ ဒီတော့ ဗိုက်ထဲက ဘေဘီလေး ကိုယ်ဝန်အပတ်ရေ အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့ လိုပါမယ်။
- ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရမျှတအောင် စားပါ။
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ စုံစုံလင်လင် ရရှိဖို့ အစားရှောင်လွန်းတာ၊ တစ်မျိုးတည်းကို တရားလွန်စားလွန်းတာကို ဆင်ခြင်ရပါမယ်။ အဲ့ဒီအစား အသီးအရွက်၊ အသီးအနှံ၊ ကောက်နှံ၊ အသားငါး စတာတွေကို နေ့စဉ်ပါဝင်အောင် စားပေးပါ။ သင့်တင့်တဲ့ ပမာဏစားပေးပါ။
- အခွံမာသီးတွေ၊ သစ်သီးခြောက်တွေ စားပေးပါ
နေ့စဉ် စားသုံးမှုမှာ အခွံမာသီးတွေ သစ်သီးခြောက်တွေဖြစ်ကြတဲ့ အယ်လ်မွန်စေ့၊ ဇီးသီးခြောက်၊ သဖန်းသီးခြောက်၊ သစ်ကြားသီးတွေကို ထည့်သွင်းစားသုံးပေးတာက ကိုယ်ဝန်ဆောင် မေမေကို ကျန်းမာစေသလို ဗိုက်ထဲက ဘေဘီလေးကိုလည်း အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။
- ကိုယ်ဝန်ဆောင် ဗီတာမင်တွေ သောက်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ OG နဲ့ တိုင်ပင်ပြီး အသင့်တော်ဆုံးဖြစ်မယ့် ကိုယ်ဝန်ဆောင် အားဆေး တစ်မျိုးမျိုးကို သောက်ဖို့ လိုပါမယ်။ ဒီလို သောက်ပေးတာက ကလေးလေးကို ကိုယ်အလေးချိန်တက်စေဖို့နဲ့ လအလိုက် ရှိသင့်တဲ့ ဖွံ့ဖြိုးမှုတွေ ရရှိစေဖို့ အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။
- ရေများများ သောက်ပါ
ကိုယ်ဝန်ဆောင်ကာလမှာ ရေဓာတ်ပြည့်ဝဖို့က အတော်လေး အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ခမ်းခြောက်မယ်ဆိုရင် ပြင်းထန်တဲ့ ကျန်းမာရေးနောက်ဆက်တွဲပြဿနာတွေ ခံစားရနိုင်ပါတယ်။ ရေဓာတ် ပြည့်ဝစေဖို့ ဆိုတဲ့နေရာမှာ ရေပဲ သောက်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေ၊ နို့၊ ရေတို့လိုမျိုး ကဖင်းဓာတ် နဲ့ သကြားဓာတ် ကင်းပြီး ရေဓာတ်ဖြည့်ပေးနိုင်မယ့် သောက်စရာတွေကို သောက်ပေးပါ။
- ပြည့်ပြည့်ဝဝ အနားယူပါ
ကိုယ်ဝန်ဆောင်မေမေအတွက် ပြည့်ပြည့်ဝဝ အနားယူဖို့က အတော်လေး အရေးပါပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မလိုအပ်ဘဲ ဖိအားများတာ၊ အိပ်ရေးပျက်တာ၊ အနားမရတာတွေက သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုအပေါ်မှာ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် တစ်နေ့ကို အနည်းဆုံး အိပ်ချိန် ၈ နာရီ ပြည့်အောင် ဂရုစိုက်ပါ။ သက်သောင့်သက်သာနေပေးပါ။
- အကောင်းမြင်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့လည်း သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ စိတ်ဖိစီးတာ၊ စိုးရိမ်စိတ် များတတာတွေက ဗိုက်ထဲက ဘေဘီလေး ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ များတာက အလွန်အကျွံစားတာ၊ အစား မစားဘဲနေတာ၊ မတည့်တာတွေစားတာတွေကို လုပ်မိစေပြီး ဗိုက်ထဲက ဘေဘီလေးကို ထိခိုက်စေနိုင်ပါတယ်။
- ကျန်းမာရေး စောင့်ရှောက်မှု ခံယူပါ
ကလေးက ရှိသင့်တဲ့ ကိုယ်အလေးချိန် မရှိဘူး။ ဗိုက်ထဲမှာ ထွားမလာဘူးဆိုရင် ဖြည့်စွက် အာဟာရတွေ နဲ့ စားသောက်မှုပုံစံတွေ ဘယ်လို ပြောင်းလဲရမလဲဆိုတာကို သေချာသိရှိနိုင်ဖို့အတွက် လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူဖို့ လိုပါမယ်။
အခုပြောပြခဲ့တဲ့ အချက်တွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ထဲက ဘေဘီလေး ကျန်းမာဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေကို မလုပ်ဆောင်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ အကြံပြုချင်ပါတယ်။
[embed-health-tool-due-date]


















