backup og meta

ကိုယ်ဝန်ဆောင်ချိန် ဒွိဟဖြစ်ရသော ကိစ္စရပ်အချို့

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


15/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန် ဒွိဟဖြစ်ရသော ကိစ္စရပ်အချို့

    ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးများအတွက်တော့ စိတ်လှုပ်ရှားစရာအခြေအနေဖြစ်ပါတယ်။ ဖိတ်ဖိစီးမှုတွေ၊ ကြောက်ရွံ့မှုတွေ ပေါ်လာတတ်ပါတယ်။ ကိစ္စရပ် တစ်ခုခုပြုမယ်ကြံတိုင်း ကိုယ်ဝန်အတွက် အဆင်ပြေပါ့မလား စဉ်းစားလာတတ်ကြပါတယ်။

    အောက်ဖော်ပြပါ အကြောင်းအရာများကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေနဲ့ စဉ်းစားဆုံးဖြတ်ရာမှာ တွေဝေစေတတ်တဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။

    ကိုယ်ဝန်ရှိကြောင်း ဘယ်အချိန်မှာ အသိပေးသင့်သလဲ

    စစ်တမ်းများအရ ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့ဟာ မိမိမှာကိုယ်ဝန်ရှိကြောင်း သိလိုက်ရပေမယ့် မသေချာမှာစိုးတာကြောင့် မိမိခင်ပွန်းကိုဖြစ်စေ၊ ရင်းနှီးကျွမ်းဝင်သူများကိုဖြစ်စေ မပြောသေးဘဲ ချီတုံချတုံ ဖြစ်နေတတ်ပါတယ်။ ကိုယ်ဝန်ရှိတယ်ပြောပြီးမှ ပျက်ကျသွားတာမျိုး ကြုံရမှာလည်း စိုးကြပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းအများစုဟာ ၁၂ပတ်တာကာလအတွင်းမှာ ဖြစ်တတ်ပါတယ်။ စိုးရိမ်စိတ်များနေရင် အဆိုပါကာလလွန်မှ ပြောနိုင်ပါတယ်။ ဒီကိစ္စကို လျှို့ဝှက်ချက်အနေနဲ့ ထိန်းထားဖို့တော့ ခက်ပါတယ်။ ကိုယ်ဝန် ၈ ပတ်မြောက်မှာ အာထရာဆောင်းရိုက်ကြည့်ပြီး ကလေးရဲ့နှလုံးခုန်ခြင်းကို တွေ့ရရင်တော့ ပျက်ကျနိုင်ခြေ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီအခြေအနေမျိုးမှာ ယုံကြည်ချက်ရှိရှိ ဖွင့်ပြောနိုင်ပါတယ်။

    ဘာအစားအစာတွေ ရှောင်သင့်လဲ

    နေ့စဉ် ကာဘိုဟိုက်ဒရိတ်၊ ပရိုတိန်း၊ အဆီဓာတ် စတာတွေကို မျှတအောင် စားသုံးသင့်ပါတယ်။ အစားအစာတွေကို သန့်ရှင်းစွာ ချက်ပြုတ်စားသုံးရပါမယ်။ အစိမ်းစားတာ၊ မကျက်တကျက်စားသုံးတာမျိုးတွေ ရှောင်ကြဉ်ရပါမယ်။ အသားစိမ်းပါတဲ့ ဆူရှီ၊ သေချာစွာ မချက်ပြုတ်ထားတဲ့ အမဲသား၊ ဝက်သား၊ ကြက်သား၊ ပိုးမသတ်ထားတဲ့ နွားနို့နဲ့ ဒိန်ခဲ၊ မကျက်တကျက်ပြုတ်ထားတဲ့ ကြက်ဥ၊ သေချာစွာ ဆေးကြောထားခြင်းမရှိတဲ့ အသိးအနှံ ဟင်းသီးဟင်းရွက် စတာတွေကို ရှောင်ကြဉ်ရပါမယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ကော်ဖီသောက်သင့်သလား

    ဒီနေရာမှာ အမျိုးမျိုးကွဲပြားကြပါတယ်။ သောက်လို့ရပေမယ့် ရှောင်နိုင်ရင်ပိုကောင်းပါတယ်။ ကဖိန်းဟာ အာရုံကြောလှုံ့ဆော်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ သွေးပေါင်ချိန်ကို တက်စေနိုင်ပြီး နှလုံးခုန်နှုန်းလည်း မြန်ဆန်စေပါတယ်။ ဒါ့အပြင် ကဖိန်းဟာ ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကဖိန်းဟာ အချင်းမှတဆင့် ကလေးဆီရောက်သွားနိုင်ပါတယ်။ ဒါကြောင့် မသောက်ရင်တော့ အကောင်းဆုံးပါပဲ။ သောက်သုံးမယ်ဆိုရင်လည်း တစ်နေ့တာမှာ ၁၀၀ မှ ၂၀၀ မီလီလီဂရမ်ထိ သောက်သုံးနိုင်တယ်လို့ သိရပါတယ်။ ဒါဟာ ကော်ဖီခွက်ငယ်တစ်ခွက်စာ ပမာဏနဲ့ ညီပါတယ်။

    အရက်သောက်နိုင်သလား

    ကိုယ်ဝန်ဆောင်ချိန်မှာ အရက်ကို လုံး၀ မသောက်သင့်ပါဘူး။ အထူးသဖြင့် ပထမသုံးလပတ်အတွင်း ဖြစ်ပါတယ်။ ကိုယ်ဝန်နဲ့ သန္ဓေသားအပေါ် ထိခိုက်မှု ရှိနိုင်ပါတယ်။ ဆေးပညာအရ Fetal Alcohol Syndrome လို့ခေါ်တဲ့ ရောဂါလက္ခဏာစု ဖြစ်နိုင်ပြီး ကလေးရဲ့ ဦးနှောက်ပိုင်းဆိုင်ရာနဲ့ ကြီးထွားမှုပိုင်းဆိုင်ရာမှာ ဆိုးဆိုးရွားရွား ထိခိုက်နိုင်ပါတယ်။

    အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်သလား

    ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်မယ်၊ ကိုယ်လက်ကိုက်ခဲမယ်ဆိုရင်တောင် အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးသင့်ရဲ့လားလို့ စဉ်းစားလာတတ်ကြပါတယ်။ ဒီနေရာမှာ ရိုးရိုးပါရာစီတမောလို အကိုက်အခဲပျောက်ဆေးတွေကို တစ်ခါသောက်ရင် တပြားစာ (၅၀၀ မီလီဂရမ်) သောက်သုံးနိုင်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး ၃-၄ ကြိမ်ထိ သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ဘယ်ဆေးဝါးမဆို ဘေးကင်းစိတ်ချစွာ သုံးစွဲနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပြသတာ အကောင်းဆုံးပါပဲ။

    ရေနွေးစိမ်ရင်၊ ချွေးထုတ်ခန်းဝင်ရင် ဘေးကင်းသလား

    ကိုယ်ဝန်ဆောင်ကာလအတွင်း ရေနွေးစိမ်ခြင်း၊ ချွေးထုတ်ခန်းဝင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် ပထမသုံးလတာ ကာလအတွင်း ဖြစ်ပါတယ်။ အပူချိန်များရင် ကလေးမှာ အာရုံကြောမကြီး ချို့ယွင်းတဲ့ပြဿနာ ရှိနိုင်ပါတယ်။ ကိုယ်လက်ကိုက်ခဲနေချိန်မှာတော့ အတန်အသင့်လောက်ပဲနွေးတဲ့ ရေနွေးနဲ့ ရေချိုးခြင်း၊ ရေစိမ်ခြင်း ပြုနိုင်ပါတယ်။

    အိမ်မွေးတိရစ္ဆာန်တွေ ကိုင်တွယ်လို့ရလား

    ကိုယ်ဝန်ဆောင်ချိန်မှာ တိရစ္ဆာန်များကို ကိုင်တွယ်ခြင်း၊ သူတို့ရဲ့နေရာထိုင်ခင်းများကို ကိုယ်တိုင် သန့်ရှင်းရေးလုပ်ခြင်းများ မပြုသင့်ပါဘူး။ ရောဂါပိုးဝင်ရောက်နိုင်ခြေ ရှိပါတယ်။ မလွှဲသာလို့ ခွေးကြောင်များကို ကိုင်မိရင်ဖြစ်စေ၊ မြေကြီးများကို ကိုင်တွယ်မိရင်ဖြစ်စေ လက်ကိုဆပ်ပြာနဲ့ သေချာစွာ ဆေးကြောသင့်ပါတယ်။

    ကိုယ်ဝန်ဆောင်အားဆေးတွေကို ဘယ်အချိန်မှာ စသောက်သင့်သလဲ

    ကိုယ်ဝန်ဆောင်အားဆေးဆိုတာ ကိုယ်ဝန်ဆောင်လိုတဲ့၊ ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးများနဲ့ ရရှိလာမယ့်ကလေးအတွက် အကျိုးပြုစေမယ့် ဗီတာမင်တွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ကိုယ်ဝန်ဆောင်အားဆေးများဟာ ကိုယ်ဝန်ရဖို့ ကြိုးစားနေချိန်ကတည်းက သောက်နိုင်ပါတယ်။ တရားဝင်ထုတ်လုပ်ဖြန့်ချိတဲ့ ဆေးဝါးဟုတ်မဟုတ်ကိုတော့ နားလည်တတ်ကျွမ်းသူတွေဆီမှာ မေးမြန်းသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    15/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement