CT Scan ဆိုတာ computed axial tomography scan လို့ခေါ်တဲ့ ပုံရိပ်ဖော်စစ်ဆေးမှု နည်းလမ်းတစ်ရပ်ပါ။ CT scan က ခန္ဓာကိုယ်အတွင်းပိုင်းက အင်္ဂါအစိတ်အပိုင်းတွေကို X-ray ပုံရိပ်အနေနဲ့ ဖမ်းယူပေါင်းစပ်ပြီး ကွန်ပျူတာ ဖန်သားပြင်ကနေတဆင့် ကြည့်ရှုလို့ရအောင်ပုံရိပ်ဖော်ပေးတဲ့ စနစ်တစ်ခုပါ။
CT Scan ကို ဦးနှောက်မှာ သွေးခဲတာ၊ ဦးခေါင်းခွံထိခိုက်မိတာ၊ အကျိတ်နဲ့ ပိုးဝင်ကူးစက်တာတွေကို စစ်ဆေးဖို့ အသုံးပြုနိုင်သလို ကျောရိုးနဲ့ ကျောရိုးတစ်လျှောက်မှာရှိတဲ့ အရိုးအချပ်ပြားတွေမှာ ထိခိုက်မိတဲ့ ဒဏ်ရာတွေကို စစ်ဆေးဖို့လည်း အသုံးပြုနိုင်ပါတယ်။
ရင်ခေါင်းပိုင်းက နှလုံးနဲ့ အဆုတ်တွေကိုလည်း CT scan ရိုက်ပြီး စစ်ဆေးလို့ရပါတယ်။ ဝမ်းဗိုက်ပိုင်းထဲမှာ ဖြစ်တတ်တဲ့ အကျိတ်၊ ရောဂါပိုးဝင်တာ၊ အူအတက်ရောင်တာ၊ ကိုယ်တွင်းအင်္ဂါတွေမှာ ပြည်တည်တာမျိုးတွေကို လည်း CT scan ရိုက်ပြီးစစ်ဆေးကြည့်လို့ရပါတယ်။
CT scan မှာပါတဲ့ radiations level က ပုံမှန် X-rays မှာပါတဲ့ radiations level ထက် နည်းနည်းလေးပိုများပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ တကယ်လိုအပ်တဲ့အခါမျိုးမှာသာ CT scan ကို ရိုက်ကြည့်သင့်ပါတယ်။ CT scan မှာပါတဲ့ radiation က ဖွံဖြိုးကြီးထွားနေတဲ့ သန္ဓေသားကို ထိခိုက်စေနိုင်တာကြောင့်ပါ။
CT scan ရိုက်တဲ့အခါ အဖြစ်အများဆုံးပြဿနာတစ်ခုက CT scan ရိုက်ခါနီးမှာ အသုံးပြုတဲ့ဆေးက ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်မှုဖြစ်ပြီး အရေပြား ယားယံတာ၊ အင်ပျဉ်တွေထွက်တာ၊ မအီမသာဖြစ်တာ၊ အသက်ရှူမြန်လာတာမျိုးတွေပါ။
ဒီလိုဓာတ်မတည့်မှုက အရမ်းပြင်းထန်မယ်ဆိုရင်တော့ အသက်အန္တရာယ်ရှိတာမျိုးအထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိတဲ့ မိခင်တွေအနေနဲ့ ရောဂါတစ်ခုခုကို CT scan နဲ့ စစ်ဆေးရှာဖွေတာမျိုး မလုပ်ခင်မှာ မိမိဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်သင့်ပါတယ်။
Ultrasound scan က သားအိမ်ကနေ အသံလှိုင်းတွေကို ပေးပို့ပြီး ပုံရိပ်ဖော်ပေးတာပါ။ ဒီပုံရိပ်ကနေတစ်ဆင့် ကလေးရဲ့ အနေအထား နဲ့ လှုပ်ရှားမှုတွေကိုဖော်ပြပေးပါတယ်။ ကိုယ်ဝန်ဆောင်တိုင်းက သူတို့ရဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ Ultrasound scan ကိုတစ်ကြိမ်လောက်တော့ရိုက်ဖူးကြမှာပါ။ မိမိရင်သွေးလေးရဲ့ ပထမဆုံးပိုရိပ်ကို စိတ်လှုပ်ရှားစွာနဲ့ကြည့်ခွင့်ရတဲ့အခိုက်အတန့်ပါ။
ကိုယ်ဝန်ဆောင်တွေအတွက် အသင့်တော်ဆုံး ပုံရိပ်ဖော်စနစ်ပါ။ သန္ဓေသားကို ထိခိုက်မှုမရှိစေဘဲ ကလေးက အမြွာလွယ်ထားရတာလား၊ တစ်ယောက်တည်းလွယ်ထားရတာလား ဆိုတာကို သိစေနိုင်သလို ကလေးက ပုံမှန်အတိုင်း ဖွံ့ဖြိုးနေရဲ့လားဆိုတာကိုလည်း သိရှိစေနိုင်ပါတယ်။
လနုချိန်မှာရိုက်တဲ့ Ultrasound scan မှာတော့ ရင်သွေးလေးက သားသားလေးလား၊ မီးမီးလေးလားဆိုတာကို မသိရနိုင်သေးပါဘူး။ ကလးရဲ့ နှလုံးခုန်နှုန်း၊ ကိုယ်လက်အင်္ဂါတွေ၊ ဦးခေါင်းနဲ့ ဝမ်းဗိုက်ပိုင်း ကောင်းစွာဖွံ့ဖြိုးရဲ့လားဆိုတာကိုပဲ သိရဦးမှာပါ။
Ultrasound scan ကို လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကတည်းက ကိုယ်ဝန်ဆောင်တွေအတွက် အသုံးပြုခဲ့တာဖြစ်ပြီး မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင် မိခင်ရော ကလေးကိုပါ ဘေးကင်းစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အသင့်တော်ဆုံး ပုံရိပ်ဖော်ရောဂါ ရှာဖွေတဲ့စနစ်ကိုပြောပြပါဆိုရင် Ultrasound scan လို့ပဲပြောချင်ပါတယ်။
လေ့လာမှုတွေအရ Ultrasound scan က ကလေးရဲ့ကိုယ်အလေးချိန်၊ ကလေးမှာ ကင်ဆာဖြစ်တာ၊ အမြင်အာရုံပြဿနာနဲ့ အကြားအာရုံထိခိုက်တာမျိုးတွေနဲ့ ပတ်သက်နေတာမျိုးမရှိဘူးလို့သိရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။