backup og meta

ဇီကာဗိုင်းရပ်စ်နဲ့ ကိုယ်ဝန်ဆောင်ကာလ : အမျိုးသမီးတိုင်း သိထားသင့်သမျှ

၂၁ ရာစုမှာ ဇီကာဗိုင်းရပ်စ်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဒုက္ခအကြီးအကျယ်ပေးနိုင်တဲ့ ကပ်ရောဂါအသွင် ကူးစက်ရောဂါတမျိုး ဖြစ်လာနေပါပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ဆိုပါတယ်။ ဇီကာဗိုင်းရပ်စ်ဆိုတဲ့ နာမည်ကို ရင်းရင်းနှီးနှီးကြားဖူးနေပေမယ့် သူ့ရဲ့ အကျိုးဆက်တွေကို တိတိပပ မသိရှိသေးဖူးဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ရှုကြည့်ခြင်းအားဖြင့် ဇီကာဗိုင်းရပ်စ်နဲ့ ကိုယ်ဝန်ဆောင်တွေအကြားမှာ ဘယ်လိုမျိုး ဆက်စပ်မှုတွေ ရှိနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားပါလိမ့်မယ်။

ဇီကာဗိုင်းရပ်စ် ဆိုတာဘာလဲ။ ဘာလို့ အန္တရာယ်ကြီးတာလဲ။

ဇီကာဗိုင်းရပ်စ်ဆိုတာဟာ ခြင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး အေးဒီးစ်လို့ခေါ်တဲ့ ခြင်ကျားက ရောဂါပိုးကို သယ်ဆောင်ပါတယ် (အဝါဖျားနဲ့ သွေးလွန်တုပ်ကွေး ရောဂါပိုးတွေကို သယ်ဆောင်တဲ့ ခြင်မျိုးစိတ်ပါပဲ)။၁၉၄၇ ခုနှစ်မှာ ယူဂန်ဒါနိုင်ငံ ဇီကာတောအုပ်ထဲမှာရှိတဲ့ မျောက်တွေက ဒီဗိုင်းရပ်စ်ကို သယ်ဆောင်ထားတယ်ဆိုတာ ဦးဆုံးတွေ့ရှိခဲ့တဲ့အတွက် ဇီကာဗိုင်းရပ်စ်လို့ အမည်ပေးရခြင်း ဖြစ်ပါတယ်။ သာမန်လူတွေအတွက် ဇီကာရောဂါဟာ အထူးတလည် အန္တရာယ်မရှိဘဲ ဆေးရုံတက်ဖို့တောင် မလိုပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်တော့ ဒီရောဂါဟာ သေစေနိုင်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ဇီကာဗိုင်းရပ်စ်နဲ့ ထိတွေ့မှုရှိခဲ့ပြီဆိုရင် မွေးလာမယ့်ကလေးမှာ မွေးရာပါ မူမမှန်မှုတွေ ဥပမာ ခေါင်းသေးခြင်း၊မျက်စိ ရေတိမ်ဖြစ်ခြင်း (မျက်စိတွင်း ဖိအားများလာတဲ့အခါ မျက်စိအာရုံကြောကို တဖြည်းဖြည်းချင်း ဖျက်ဆီးတဲ့အတွက် ရေတိမ် ဖြစ်ပေါ်လာရပါတယ်)။ ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ မိခင်က မွေးဖွားတဲ့ ကလေးငယ်တွေမှာ မွေးရာပါ ကိုယ်လက်အင်္ဂါချို့တဲ့မှုတွေ၊မွေးရာပါ ရောဂါတွေ ပါလာနိုင်ချေက ပုံမှန်မိခင်က မွေးဖွားတဲ့ ကလေးတွေထက် အဆ ၂၀ လောက် ပိုများတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာနချုပ် (CDC) က ဆိုပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေမှာ ဇီကာဗိုင်းရပ်စ်ဟာ အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပြီး သားပျက်သားလျှောခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ ဇီကာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။

ဇီကာဗိုင်းရပ်စ် ဘယ်လိုကူးစက်သလဲ။

ဇီကာဗိုင်းရပ်စ်ဟာ ခြင်ကတဆင့် အဓိက ကူးစက်ပါတယ်။ ရောဂါရှိနေတဲ့သူကို ခြင်ကိုက်လိုက်တဲ့အခါ အဆိုပါခြင်ဟာ ရောဂါကူးစက်ခြင်းခံရပြီး (အစာအတွက်) နောက်ထပ်လူတယောက်ကို ကိုက်လိုက်တဲ့အခါ ဗိုင်းရပ်စ်ပိုးတွေဟာ အကိုက်ခံရသူဆီကို ဆက်လက်ပျံ့နှံ့ကူးစက်သွားပါတော့တယ်။ ဒီသံသရာက ဆက်ကာဆက်ကာ လည်နေပါလိမ့်မယ်။ ဒါပေမယ့် ဇီကာဗိုင်းရပ်စ်ဟာ အခြားသော နည်းလမ်းများစွာနဲ့လည်း တဦးမှတဦးကို ကူးစက်နိုင်ပါတယ် (မိခင်ကနေ ကလေးဆီကူးတာ၊လိင်ဆက်ဆံခြင်းကတဆင့်ကူးတာ ဒါမှမဟုတ် ရှားရှားပါးပါးဆိုသလို သွေးသွင်းခြင်းကတဆင့်ကူးတာ စသဖြင့်)။ မိခင်နို့ရည်ထဲမှာ ဇီကာဗိုင်းရပ်စ်အနည်းငယ်ပါဝင်လာတတ်ပေမယ့် ဒါဟာ အထူးတလည် အန္တရာယ်မရှိတဲ့အတွက် ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ မိခင်တွေအနေနဲ့လည်း ကလေးကို မိခင်နို့ပဲ တိုက်ကျွေးဖို့ အကြံပြုထားပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံရရင် ဘယ်လိုလက္ခဏာတွေ ပြမလဲ။

ဇီကာရောဂါရဲ့ လက္ခဏာတွေဟာ (သွေးလွန်တုပ်ကွေး ကဲ့သို့သော) ခြင်မှတဆင့်ကူးစက်တဲ့ အခြားရောဂါတွေနဲ့ အားလုံးနီးပါး တူညီပြီး ရက်အနည်းငယ်ကနေ တပတ်လောက်အထိ ခံစားရနိုင်ပါတယ်။

အဆိုပါ လက္ခဏာတွေကတော့-

အဖျားတက်ခြင်း။

အနီစက်များ ထွက်ခြင်း။

ကြွက်သားနဲ့ အဆစ်အမြစ်များ နာကျင်ခြင်း။

ခေါင်းကိုက်ခြင်း။

မျက်ဖြူသားရောင်ခြင်း (မျက်လုံးပန်းရောင်ဖြစ်ခြင်း) စတာတွေပဲဖြစ်ပါတယ်။

မျက်ဖြူသားရောင်ခြင်း (မျက်လုံးပန်းရောင်ဖြစ်ခြင်း) စတာတွေပဲဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ချေပိုများလာသလားဆိုတာကို သိနိုင်ဖို့အတွက် လေ့လာမှုတွေကို ပြုလုပ်လျက် ရှိပါတယ်။

ဇီကာရောဂါကို ဘယ်လိုကာကွယ်မလဲ။

သင့်အိမ်က ရေပုံး၊ရေခွက်၊ရေတိုင်ကီ စတာတွေကို မှန်မှန်လှယ်ပေးပါ။ ဖုံးအုပ်ထားပါ။

(ကိုယ်ဝန်ဆောင်တွေအတွက် လုံခြုံစိတ်ချရတာ သေချာသော) DEET ပါဝင်တဲ့ အင်းဆက်ပြေး ဖြန်းဆေးတွေကို အသုံးပြုပါ။

အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်၊ပုဆိုး၊ထဘီ စသည်တို့ကို လုံလုံခြုံခြုံ ဝတ်ဆင်ရပါမယ်။

အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကျဉ်ပါ (အထူးသဖြင့် နောက်ခံရာဇဝင် မသိသူများနှင့်)။

တကယ်လို့ သင့်မှာ ကိုယ်ဝန်ရှိနေရင် ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်ချက်ရှိမယ်ဆိုရင် ဇီကာဗိုင်းရပ်စ် ထကြွသောင်းကျန်းနေတဲ့ မြို့တွေ၊နိုင်ငံငယ်တွေဆီ ခရီးသွားတာမျိုးကို ရှောင်ကျဉ်ရပါမယ် (တောင်အမေရိကတိုက်က နိုင်ငံအများစု ပါဝင်ပါတယ်)။

ဒီရောဂါကူးစက်ခံထားသူ အမျိုးသမီးတွေအနေနဲ့ ရှစ်ပတ် ၊အမျိုးသားတွေအနေနဲ့ ခြောက်လလောက်စောင့်ဆိုင်းပြီးမှ ကလေးယူဖို့ ကြိုးစားရပါလိမ့်မယ်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Birth defect risk 20 times higher for pregnant women with Zika, says CDC
http://www.cbsnews.com/news/birth-defect- risk-20- times-higher- for-pregnant- women-with- zika-says- cdc/
Accessed March 6, 2017
Zika Virus: Everything Pregnant Women Should Know
http://www.parents.com/pregnancy/complications/birth-defects/zika- virus-everything- pregnant-women-
should-know/ Accessed March 6, 2017
What Every Woman Needs to Know About Zika http://time.com/4304583/what-every- woman-need- to-know-
about-zika/ Accessed March 6, 2017

ယခုပုံစံ

16/09/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ မီဆို သောက်လို့ရမလား!

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement