11 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်
11 ပတ် အရွယ်ကလေးကလေးက ခေါင်းအစခြေအဆုံး လက်သီးစုပ်အရွယ် ၄ စင်တီမီတာရှိပါတယ်။ ဖွံ့ဖြိုးဆဲကလေးလေးကို အထောက်အပံ့ပေးဖို့ အချင်းထဲက သွေးကြောတွေက အရွယ်အစားကြီးလာပြီး သွေးကနေတစ်ဆင့် ကလေးလေးဆီပို့တဲ့ အာဟာရလည်း များလာပါတယ်။ ဒီအချိန်ဆိုရင်တော့ သန္ဓေသားလေးက တရားဝင်သန္ဓေသားလေးဖြစ်သွားပါပြီ။ ကလေးလေးရဲ့ခေါင်းက ဖွံ့ဖြိုးနေတုန်းပါပဲ။ ပုံမှန်ဆို ခေါင်းက ကိုယ်ရဲ့တစ်ဝက်ကျော်လောက်ကို ပိုရှည်ပါတယ်။ ဒါပေမယ့် နောက်အပတ်တွေထဲမှာ ခန္ဓာကိုယ်ကြီးထွားနှုန်းကမြန်လာပြီးတော့ လိုက်လို့မီလာမှာပါ။
ဒီအပတ်အကုန်မှာဆို လိင်အင်္ဂါပေါ်လာပြီး ကျားမစကွဲတော့မှာပါ။ နောက်အပတ် နည်းနည်းလောက်ကြာတဲ့အထိကို ဆက်ဖွံ့ဖြိုးနေမှာ ဖြစ်ပြီးတော့ ၁၈-၂၀ ပတ်လောက်မှ အာထရာဆောင်းရိုက်ပြီး ကွဲကွဲပြားပြားသိရမှာပါ။
11 ပတ် မြောက်မှာခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ
ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်
အခုဆို အားတွေ နည်းနည်းပြန်ပြည့်လာသလို ခံစားရပြီးတော့ ပျို့ချင်တာလည်း သက်သာလာမှာပါ။ ဒါပေမယ့် ဆိုးတာက နောက်ထပ် မနှစ်မြို့စရာ လက္ခဏာတွေ ထပ်ဖြစ်တော့တာပါပဲ။
ဒီထဲမှာ ဝမ်းချုပ်တာလည်း တစ်ခုအပါအဝင်ပါ။ ဝမ်းသွားဖို့ခက်ပြီး ၃ ရက်လောက် ဝမ်းမသွားတော့ဘူးဆို ဝမ်းစချုပ်တော့တာပါပဲ။ ကိုယ်ဝန်ဟော်မုန်းတွေကိုပဲ အပြစ်တင်ရမှာပေါ့နော်။ ဒီဟော်မုန်းတွေက အစာအိမ်၊ အစာမျိုပြွန်တွေကို ဖြေလျှော့ချလိုက်ပြီး အစာခြေတာကို နှေးချလိုက်ပါတယ်။ အစာမကြေတာ၊ လေပွတာတွေလည်း ဖြစ်နိုင်ပါတယ်။
ဝမ်းချုပ်တာသက်သာစေဖို့ ရေများများသောက်ပြီး အမျှင်ဓာတ်များများပါတာတွေ စားပေးကြပါနော်။ အမျှင်ဓာတ်များတာတွေကတော့ လတ်ဆတ်တဲ့အသီးတွေ (သင်္ဘောသီး၊ ဖရဲသီး၊ ငှက်ပျောသီး)၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ နှံစားပင်ကနေ လုပ်ထားတဲ့ပေါင်မုန့်တွေပဲ ဖြစ်ပါတယ်။ အစာကို နည်းနည်းခြင်း စားပေးတာက လေပွတာကို သက်သာစေပါတယ်။ လှုပ်လှုပ်ရှားရှားနေပါ။ အကြာကြီး ထိုင်တာမျိုးမလုပ်ပါနဲ့။ ဒါမှ အစာခြေတာ မြန်မှာပါနော်။
သိသင့်သိထိုက်တာလေးတွေ
ဝမ်းချုပ်တာက အိမ်တွင်းနည်းလမ်းလေးတွေနဲ့တော့ မသက်သာဘူးဆိုရင် ကုသမှုတွေခံယူရမှာပါ။ ဖြည့်စွက်အမျှင်ဓာတ်တွေစားပေးတာ၊ ဝမ်းပျော့ဆေး သောက်တာမျိုး လုပ်လို့ရပါတယ်။ ဆေးတွေသုံးတော့မယ်ဆို စိတ်ချရအောင် ဆရာဝန်နဲ့ တိုင်ပင်ကြနော်။ တချို့ဝမ်းပျော့ဆေးတွေက ဝမ်းလျှောပြီး ရေဓာတ်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။
ဆရာဝန်ဆီ သွားပြရအောင်
ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ
အဆင်မပြေတဲ့ လက္ခဏာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ အစာစားချင်စိတ်ရော ဘယ်လိုလဲ။ စားရောဝင်ကြလား မေမေတို့။ အိပ်တာနဲ့ ပတ်သက်ပြီးတော့လည်း ဆရာဝန်နဲ့ တိုင်ပင်ချင်တာရှိမှာပေါ့နော်။ အိပ်ရေးဝဝအိပ်တာက မေမေရော သားသားမီးမီးလေးအတွက်ပါ အရေးကြီးတယ်နော်။ အိပ်ရခက်တာတွေစတဲ့ တခြားလက္ခဏာတွေကို သက်သာအောင်ဆရာဝန်တွေက ကူညီပေးနိုင်ပါတယ်။
ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်
ဒီအပတ်မှာ ဆရာဝန်က ခရိုမိုဇုမ်း ပုံမှန်ဟုတ်မဟုတ်သိဖို့ စစ်ဆေးမှုလုပ်ဖို့ အကြံပေးမှာပါ။ ဒါကတော့ လူတိုင်းတော့ စစ်ဖို့မလိုပါဘူး၊၊ ချို့ယွင်းချက်ပါနိုင်တဲ့ ကိုယ်ဝန်တွေဆို ဆရာဝန်က စစ်ဖို့ အကြံပေးပါလိမ့်မယ်၊၊
ခရိုမိုဇုမ်းမူမမှန်ရင် မျိုးရိုးဗီဇနဲ့ဆိုင်တဲ့မွေးရာပါ မျက်နှာပြား၊ မျက်လုံးမှေး၊ ဉာဏ်ရည်ချို့တဲ့တဲ့ ဒေါင်းဆင်ဒရုန်းမွေးရာပါရောဂါမျိုး ပါလာတတ်ပါတယ်။ ဒီမွေးရာပါရောဂါက ခရိုမိုဇုမ်းနံပါတ်၂၁ မှာ အပိုတစ်ခုပါလာလို့ပါ။ ပုံမှန်ဆို ကလေးလေးက ခရိုမိုဇုမ်း၂၃စုံ (၄၆ခု) ပါပြီး မေမေဆီကတစ်ဝက် ဖေဖေဆီကတစ်ဝက် အမွေဆက်ဆံထားတာပါ။ ဆဲလ်ကွဲတဲ့အခါမှာ ပုံမှားပြီး ခရိုမိုဇုမ်းတစ်ခု ပိုပါလာတာပါ။ ဒါကိုသိဖို့ စမ်းသပ်စစ်ဆေးကြည့်မှ သိမှာပါ။
နည်း၂နည်းနဲ့ စစ်လို့ရပါတယ်။ ဆန်ကာတင်စစ်ဆေးခြင်းနဲ့ အတည်ပြုစစ်ဆေးခြင်းဖြစ်ပါတယ်။ ဆန်ကာတင်စစ်ဆေးနည်းကတော့ ကိုယ်ဝန်နဲ့ဆိုင်တဲ့ ပလပ်စမာပရိုတိန်း (plasma protein) အတွက် သွေးစစ်ဖို့လိုပါတယ်။ ကလေးလည်ပင်းအထူကိုသိဖို့ အာထရာဆောင်းရိုက်တာနဲ့ တွဲလုပ်ရမှာပါ။ ဒီနည်းက ၈၀ ရာခိုင်နှုန်းလောက်ကို ရောဂါရှိမရှိ သိစေနိုင်ပါတယ်။ စမ်းသပ်မှုကို ပိုသေချာအောင် တခြားနည်းနဲ့လည်း ထပ်စစ်သင့်ပါတယ်။
ဆန်ကာတင်စစ်ဆေးခြင်း လုပ်ကြည့်လို့ဖြစ်နိုင်ခြေရှိနေရင် သန္ဓေသားကိုအုပ်ထားတဲ့ အမြှေးပါးက အသားစ ဒါမှမဟုတ် ရေမြွှာရည်ထုတ်စစ်ခြင်းစသည့် အတည်ပြုစစ်ဆေးခြင်း ထပ်လုပ်ကြည့်ဖို့လိုပါတယ်။ ဆန်ကာတင် စစ်ဆေးခြင်းနဲ့ စစ်ကြည့်တာ ဖြစ်နိုင်ခြေရှိတယ်ဆိုရင်တောင် အသားစစစ်ရာမှာ ပုံမှန်ဖြစ်နေနိုင်လို့ပါ။
ကျန်းမာဘေးကင်းအောင် နေကြမယ်
ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ
လိင်ဆက်ဆံပြီးရင် ဗိုက်အောင့်တာမျိုးဖြစ်နိုင်ပါတယ်။ စိတ်မပူပါနဲ့။ ဒါကပုံမှန်ပါပဲ။ ဒီလိုဖြစ်ရတာ လိင်ဆက်ဆံနေတုန်းမှာ ဆီးခုံတစ်ဝိုက် သွေးစီးဆင်းမှုများလာလို့ပါ။ နောက်ဆက်တွဲအနေနဲ့ သားအိမ်ကျုံ့လာတာကြောင့်ပါ။ နာတာက သိပ်မပြင်းထန်ပါဘူး။ မိနစ်ပိုင်းအတွင်း ပျောက်သွားမှာပါ။ နာတာမပျောက်သွားဘူးဆိုရင်တော့ ဆရာဝန်ကို ချက်ချင်းပြောပြကြပါ။
ပုံမှန်အားဖြင့်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ဆက်ဆံတာ ဘာမှမဖြစ်နိုင်ပေမယ့် ဘေးကင်းဖို့ ဆရာဝန်နဲ့ အမြဲတိုင်ပင်ကြပါနော်။ လိင်ဆက်ဆံတာက ကလေးလေးကို ထိခိုက်စေနိုင်မလားဆိုပြီး စိတ်ပူနေမှာပေါ့ မေမေတို့ရေ။ စိတ်ပူစရာမလိုပါဘူးနော်။ ကလေးလေးကို ရေမြွာရည်တွေ အပြည့်ပါတဲ့ရေမြွာအိတ်က ကာကွယ်ပေးထားပြီးသားပါ။ ဘေးကင်းပါတယ်နော်။
နောက်အပတ်ကျရင်ရောဘယ်လိုကြီးထွားလာမှာပါလိမ့်။
[embed-health-tool-due-date]