brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်မေမေ ခရမ်းချဉ်သီး စားလို့ ရလား

အသားအရေ ကျန်းမာစေသလို ကိုယ်ခံအားကိုပါ အားဖြည့်ပေးတဲ့ ခရမ်းချဉ်သီး ကို အစားအသောက် အနေအထိုင် အစစအရာရာ ဂရုစိုက်နေရချိန်ဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရော ခရမ်းချဉ်သီးကို စားလို့ ရလား ဆိုတာကို သိချင်နေတဲ့ မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သိချင်နေတဲ့ အဖြေကို ပေးနိုင်မှာပါ။

ကိုယ်ဝန်ဆောင်မေမေ ခရမ်းချဉ်သီး စားလို့ ရလား

ကိုယ်ဝန်ဆောင်မေမေ ခရမ်းချဉ်သီး စားလို့ ရလား

ကိုယ်ဝန်ဆောင်မေမေ ခရမ်းချဉ်သီး စားလို့ ရလား ဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခရမ်းချဉ်သီးကို ဘေးကင်းစိတ်ချစွာ စားလို့ ရသလို ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးပါသေးတယ်။ ဒီနေရာမှာ တစ်ခု သတိထားရမှာက အော်ဂဲနစ် ဖြစ်ရမယ်၊ သေချာ စင်ကြယ်အောင် ဆေးကြောထားပြီး လတ်ဆတ်တဲ့ ခရမ်းချဉ်သီး ဖြစ်ဖို့တော့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခရမ်းချဉ်သီး စားပေးတာက မေမေရော ဘေဘီလေးကိုပါ ဘယ်လို အကျိုးပြုပေးလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ခရမ်းချဉ်သီးမှာ ဘာတွေပါဝင်နေလဲ

ခရမ်းချဉ်သီးမှာ မေမေရာ ဘေဘီလေးကိုပါ ကျန်းမာစေမယ့် အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။

  • ဗီတာမင် C
  • ဗီတာမင် K
  • ​ဖောလိတ်
  • ပိုတက်ဆီယမ်
  • ပရိုတင်း
  • အမျှင်ဓာတ်
  • ကာဗိုဟိုက်ဒရိတ်
  • ကယ်လ်ဆီယမ်
  • ဗီတာမင် A တို့ ပါဝင်နေပါတယ်။

ကိုယ်ဝန်ဆောင်မေမေ ခရမ်းချဉ်သီး စားတဲ့အခါ

ကိုယ်ဝန်ဆောင်မေမေ ခရမ်းချဉ်သီး စားတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

  • ကိုယ်ခံအား ကောင်းစေတယ်

အပေါ်မှာ ပြောခဲ့သလိုပဲ ခရမ်းချဉ်သီးမှာ ဗီတာမင် C နဲ့ ဗီတာမင် A ပါဝင်နေတာကြောင့် သံဓာတ် စုပ်ယူနိုင်စွမ်းကို ကောင်းမွန်စေပြီး ဗီတာမင် A က ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။ ရောဂါပိုး ကူးစက်တာကို ကာကွယ်ပေးသလို ကလေးမီးဖွားပြီးချိန်မှာ တစ်ရှူးတွေ ပြူပြင်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

  • သွေးဆုံးရှုံးမှုကို ကာကွယ်ပေးတယ်

နေရောင်နုနုမှာ အခြောက်ခံထားတဲ့ ခရမ်းချဉ်သီးက ဗီတာမင် K ပါဝင်နေတာကြောင့် မီးဖွားချိန် သွေးသွန်တာကို ဖြစ်နိုင်ခြေ လျှော့ချပေးနိုင်သလို လိပ်ခေါင်း မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

  • အစာကြေစေတယ်

ခရမ်းချဉ်သီးမှာပါတဲ့ အမျှင်ဓာတ်က အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

  • မွေးရာပါ ချို့ယွင်းမှု ကင်းစေတယ်

ခရမ်းချဉ်သီးမှာ ပါဝင်နေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ Lycopeneက ဆဲလ်တွေ ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ကိုယ်ဝန်ဆိပ်တက်တာနဲ့ ဘေဘီလေးမှာ မွေးရာပါ ချို့ယွင်းမှု မဖြစ်အောင် ထောက်ကူပေးနိုင်ပါတယ်။

  • နှလုံး ကျန်းမာစေတယ်

ခရမ်းချဉ်သီးမှာ ပါတဲ့ Nicotinic acid ပါဝင်နေတာကြောင့် သွေးထဲက အကျိုးမပြု ကိုလက်စထရောကို ကျဆင်းစေပြီး ကိုယ်ဝန်ဆောင်မေမေကို နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • သွေးလည်ပတ်မှု ကောင်းစေတယ်

ခရမ်းချဉ်သီးက သွေးသန့်စေပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းဆီကို သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

  • ကင်ဆာ ကာကွယ်ပေးတယ်

ခရမ်းချဉ်သီး Lycopene က ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ထုတ်ပေးနိုင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို သားအိမ်ခေါင်းကင်ဆာ နဲ့ အစာဟောင်းအိမ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

  • ကိုယ်ဝန်ဆောင်ဆီးချို ကာကွယ်ပေးတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ခရမ်းချဉ်သီး စားသုံးပေးတာက oxidative stress တွေကို ကျဆင်းစေပြီး ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

  • ဗိုက်ထဲက ဘေဘီလေးကို ကျန်းမာစေတယ်

ခရမ်းချဉ်သီးမှာ ဗီတာမင် C ပါဝင်မှု များတာကြောင့် ဘေဘီလေးကို အရေပြား ကျန်းမာစေသလို အရိုး၊ သွားဖုံး နဲ့ သွားတွေ ကျန်းမာစေပါတယ်။

ဘာတွေ သတိထားရမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ခရမ်းချဉ်သီး စားတာက ကျန်းမာစေတယ်ဆိုပေမယ့် အများကြီး မစားဖို့ လိုပါမယ်။ အများကြီး စားမယ်ဆိုရင် အခုလို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။

  • ရင်ပူတာ
  • အစာအိမ် အက်ဆစ်ပြန်ဆန်တက်တာ
  • ဆီးအိမ်ပြဿနာ
  • ကျောက်ကပ်ပြဿနာ
  • ခေါင်းတစ်ခြမ်းကိုက်တာတွေ ခံစားရနိုင်ပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/12/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။