backup og meta

ကလေးရဲ့ဘဝကို သက်ရောက်နိုင်တဲ့ မေမေတို့ရဲ့ အမှား များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရဲ့ဘဝကို သက်ရောက်နိုင်တဲ့ မေမေတို့ရဲ့ အမှား များ

    ကလေးတွေကို စည်းကမ်းတင်းကျပ်ပြီးပုံစံချလွန်းတာမကောင်းသလို သွန်သင်ထိန်းကျောင်းမှုမရှိလို့လည်းမဖြစ်ပါဘူး။ ကလေးတွေကို ပျိုးထောင်ရာမှာလည်း နည်းလမ်းမှန်ကန်ဖို့က အရေးကြီးပါတယ်။ ကလေးတွေကို သွန်သင်ထိန်းကျောင်းရင်း မိဘတွေလုပ်မိတတ်တဲ့ အမှား တွေရှိပါတယ်။ မသိလိုက်ဘဲ လုပ်မိနေတဲ့ နည်းလမ်းမှားတွေက ကလေးတွေရဲ့ကြီးပြင်းမှုမှာ အကျိုးဆက်မကောင်းတဲ့ ဂယက်တွေဖြစ်လာစေနိုင်ပါတယ်။ အခု သင့်ကလေးကို ပျိုးထောင်တဲ့နည်းလမ်းကရော မှန်ကန်ရဲ့လားဆိုတာ အောက်မှာဖော်ပြထားတဲ့ မိဘတွေရဲ့အမှား တွေကို ကြည့်ရအောင်။

    (၁) အပြစ်တင်တာ

    ကလေးတွေကို အမြဲလိုလို အပြစ်ပြောတာက ရှက်ရွံ့စိတ်နဲ့ ချိုးနှိမ်ခံရမှုကို ခံစားရစေပါတယ်။ အပြောပဲခံနေရပြီး အမှန်ကိုသေချာမရှင်းပြတဲ့အတွက် ကလေးက အမှားထပ်လုပ်မိဦးမှာပဲဖြစ်ပါတယ်။ တကယ်တော့ ကလေးကို ညင်ညင်သာသာသတိပေးစကားပြောပြီး ဒီ အမှား ကို ဘာကြောင့်မလုပ်သင့်တာလဲ ရှင်းပြဖို့ပါပဲ။

    (၂) လူကြားထဲ ဆုံးမပြောဆိုတာ

    ကလေးကို သူလုပ်ခဲ့တဲ့ အမှား အတွက် ဆုံးမဖို့လိုနေပြီလို့ယူဆတယ်ဆိုရင် မွေးချင်းမောင်နှမရှေ့၊ သူငယ်ချင်းတွေရှေ့မှာ အပြစ်မပြောသင့်၊ မဆူသင့်ပါဘူး။ တစ်ယောက်တည်းရှိချိန်မှ ဆိုဆုံးမတာပိုကောင်းပါတယ်။

    (၃) ပြင်းထန်တဲ့ ပြစ်ဒဏ်တွေပေးတာ

    ကလေးတွေကို ပြစ်ဒဏ်ပြင်းပြင်းပေးတာက မိဘတွေရဲ့မဟာအမှားတစ်ခုပါ။ ကလေးတွေရဲ့ အပြုအမူပိုင်းဆိုင်ရာ သုတေသနတွေအရ စည်းကမ်းပေးခြင်းက ပျော့ပျောင်းတဲ့အချိန်မှသာ ထိရောက်မှုရှိတာလို့ တွေ့ရှိရပါတယ်။

    (၄) အလိုလိုက်လွန်းတာ

    ကလေးကို ထိန်းကျောင်းမှုက သိပ်ကြမ်းလည်း မကောင်းသလို အလိုလိုက်လွန်းလည်း ဆိုးကျိုးရှိပါတယ်။ ဖူးဖူးမှုတ်အလိုလိုက်ထားပြီး သည်းသည်းလှုပ်ချစ်တာ ကလည်း ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းမှာ ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေ ရှိလာစေနိုင်ပါတယ်။ အထူးသဖြင့် မေမေတွေက အရမ်းသည်းလွန်းရင် ကလေးက ဘာလုပ်လုပ် ကိုယ်တိုင်မလုပ်နိုင်ဘဲ မဝံ့မရဲဖြစ်နေတာ၊ တသီးတသန့်နေတတ်တာ၊ ကြောက်စိတ်ဝင်တာ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်နည်းတာတွေ ဖြစ်လာတတ်ပြီး ရွယ်တူတွေကြားမှာ နောက်ကောက်ကျနေတတ်ပါတယ်။

    (၅) သင်ပေးဖို့ နောက်ကျနေတာ

    ကလေးကို ဘာမှမသင်ပေးဘဲထားတာတော့ လုံးဝမှားပါတယ်။ သိတတ်တဲ့အရွယ်ကစပြီး သူ့အရွယ်နဲ့ကိုက်ညီမယ့် အသိလေးတွေ၊ အပြုအမူလေးတွေ၊ ဘာပဲဖြစ်ဖြစ် သင်ပေးရမှာပါ။ ကပြပါဦး၊ ရယ်ပြပါဦး၊ တာ့တာလုပ်ပါဦး စသည်ဖြင့် အလွယ်ဆုံးအဆင့်ကနေ စပြီးသင်ပေးရင်း ဒါလုပ်သင့်တယ်၊ ဒီလိုမလုပ်ရဘူး စသည်ဖြင့် အကောင်းအဆိုးကို သင်္ကေတပြပြီး ခွဲခြားပေးရပါမယ်။

    (၆) မျက်နှာလိုက်၊ ဘက်လိုက်တာ

    ကလေးတွေကြားမှာ ပိုအရေးပေးတာ၊ ပိုဂရုစိုက်တာ၊ မု့န်ပိုကျွေးတာမျိုး ခွဲခြားပြီး မျက်နှာလိုက်တာတွေက မလုပ်သင့်တဲ့အချက်ပါ။ မိဘတွေဆိုတာ ကလေးတွေကို တူညီစွာချစ်ပေးနိုင်ရပါမယ်၊ဒါကိုလည်း ကလေးတွေသိအောင်နေပြရပါမယ်။

    (၇) ကလေးရဲ့အပြုအမူကို လှောင်ပြောင်တာ

    ကလေးက စကားပြောနေတဲ့အခါ ဒါမှမဟုတ် သူဖြစ်ချင်တာကို သူ့နည်းသူ့ဟန်နဲ့ဖော်ပြနေချိန်မှာ လှောင်ပြောင်တာ၊” နေစမ်းပါဦး” ဆိုတာမျိုး ပြောပြီးရပ်တန့်ခိုင်းတာ မကောင်းပါဘူး။ ကလေးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းလာပြီး မှားမှာကြောက်လို့ စကားသိပ်မပြောတော့တာ၊ လူရှေ့မှရှက်တတ်လာတာမျိုး ဖြစ်စေနိုင်ပါတယ်။

    (၈) ကလေးရဲ့ခံစားချက်ကို လျစ်လျူရှုတာ

    မေမေတို့ လုပ်မိတာများတဲ့ အမှားတစ်ခုက ကလေးရဲ့ခံစားချက်ကို ထည့်မတွေးတာပဲဖြစ်ပါတယ်။ ဥပမာ ငိုနေတဲ့အခါမျိုးဆို ရုတ်တရက်အငိုတိတ်အောင် တစ်နည်းနည်းနဲ့လုပ်လိုက်တာထက် သူတို့ဘာကိုခံစားနေရလဲဆိုတာနားလည်နေတဲ့အကြောင်း ကလေးသိအောင် ကြင်ကြင်နာနာ ချဉ်းကပ်ဖြေရှင်းပေးသင့်ပါတယ်။

    (၉) အိမ်မှာ ဘာမှမခိုင်းတာ

    ကိုယ့်သားသမီးအတွက် ဘာမဆိုလုပ်ပေးနိုင်တယ်လို့ မိဘတွေ တွေးလေ့ရှိပါတယ်။ ကလေးကို ဘာမှမခိုင်း၊မသင်ဘဲ ပိုးမွေးသလိုမွေးကြတဲ့အခါ ဘာမှမတတ်၊ အလိုက်မသိတတ်တဲ့ ပေါ်ကြော့ကလေးတွေအဖြစ် ကြီးပြင်းလာပါလိမ့်မယ်။ မိဘတွေအနေနဲ့ ကလေးတွေကို ငယ်ကတည်းက ဝိုင်းကူတတ်တဲ့အကျင့်လေး ကျင့်ထားပေးသင့်ပါတယ်။ ကိုယ့်အမှိုက်ကိုယ်ရှင်းစေတာမျိုး။ ကူညီတတ်ပြီး အမှီအခိုကင်းကင်းနဲ့ ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့ ကလေးတွေ ဖြစ်လာစေဖို့ ပျိုးထောင်ပေးရပါမယ်။

    (၁၀) စည်းကမ်း မထားတာ

    ကလေးကို ဘယ်လိုစည်းကမ်းသတ်မှတ်ပေးရမလဲ၊ လိုက်နာအောင်ဘယ်လိုလုပ်ရမလဲဆိုတာ တချို့မိဘတွေက မသိကြပါဘူး။ ကိုယ့်တုန်းက စည်းကမ်းဘောင်ထဲ မွန်းကျပ်ခဲ့ရတဲ့အတွေ့အကြုံရှိသူမိဘတွေက သားသမီးတွေအလှည့်ကျ ကလေးက ကလေးပဲလေ ဆိုပြီး အလိုလိုက်ထားတတ်ကြပါတယ်။ ရလဒ်ကတော့ မိသားစုထဲမှာ သူတို့သာအရေးကြီးဆုံး၊ သူတို့ရဲ့လိုအပ်ချက်သာ အရေးကြီးဆုံးလို့ ကလေးတွေကမှတ်ယူလာတတ်ပါတယ်။ စည်းကမ်းမသတ်မှတ်ထားတဲ့အတွက် ဆိုးလာတဲ့ကလေးက နောက်မှ သွန်သင်လို့မလွယ်တော့ပါဘူး။ ဒါပေမယ့် စည်းကမ်းတင်းကျပ်လွန်းရင်လည်း သိတတ်လိမ်မာတဲ့သူတွေ ဖြစ်လာနိုင်သလို၊ မလိုက်နာတဲ့ကလေးကျတော့ ခံပြောတတ်တဲ့၊တော်လှန်တတ်တဲ့သဘာဝနဲ့ ကြီးပြင်းလာနိုင်တယ် ဆိုတာလည်း မမေ့ပါနဲ့။

    (၁၁) မိဘတွေက စံနမူနာကောင်း ဖြစ်မနေတာ

    ကလေးဆိုတာ မြင်ရတွေ့ရတာ တွေကို အတုခိုးတတ်ပါတယ်။ ကလေးကို ပျော်ရွှင်တတ်၊ ချစ်ခင်ကြင်နာတတ်ပြီး တွေးခေါ်မြော်မြင်တတ်၊ ရိုသေလေးစားတတ်တဲ့သူ အဖြစ် ကြီးပြင်းလာစေချင်တယ်ဆိုရင် အဲဒီလိုဖြစ်စေချင်တဲ့ပုံစံအတိုင်း မိဘတွေက စံနမူနာကောင်းနေပြရပါမယ်။ ကလေးရှေ့မှာ ဒေါသကြီးတာ လိုမျိုး အပြုအမူတွေ မလုပ်သင့်ပါဘူး။ မိဘတွေက မဆင်ခြင်သရွေ့ သားသမီးဆီက အမှန်တကယ်လေးစားမှုကို ရနိုင်မှာမဟုတ်ပါဘူး။ ကိုယ်တော့လုပ်ပြီး ကလေးက လိုက်လုပ်တော့ အပြစ်ပေးမယ် ဆိုတာမျိုး ဘယ်တော့မှမလုပ်မိပါစေနဲ့။

    (၁၂)ကလေးရဲ့အမူအကျင့်မှားတွေကို မတားဆီးတာ

    ကလေးဆိုတာ အိပ်ချိန်အိပ်၊ စားချိန်စား၊ ကစားချိန်ကစားရမယ်။ တီဗီရှေ့ကမခွာ၊ ဂိမ်းကစားတာကနေ မခွာတမ်း လုပ်ချင်ရာလုပ်နေတာမျိုးကို ဒီအတိုင်း ကြည့်မနေသင့်ပါဘူး။ ကလေးအတွက် မကောင်းမှန်း သိနေလျက်နဲ့တော့ ဆက်ပြီး ခွင့်မပြုထားပါနဲ့။ ကျန်းမာပျော်ရွှင်ပြီး ထူးချွန်ထက်မြက်တဲ့ ကလေးလေးတွေ ဖြစ်စေချင်တယ်ဆိုရင် ကလေးအတွက် ဘာက ကောင်းလဲဆိုတာ သေချာနားလည်ပြီး အကောင်းဆုံးကြိုးစားပဲ့ပြင်သွားရမှာ ဖြစ်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement