backup og meta

ဘက်လိုက်တတ်တဲ့မိဘကြောင့် ကလေးဘဝ ဘယ်လိုပြောင်းလဲသွားနိုင်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘက်လိုက်တတ်တဲ့မိဘကြောင့် ကလေးဘဝ ဘယ်လိုပြောင်းလဲသွားနိုင်လဲ

    မိဘမှန်ရင် သားသမီးတိုင်းကို ညီတူမျှတူချစ်တယ် ဆိုပေမယ့် သားသမီးတွေကတော့ ဒီလိုမြင်ချင်မှ မြင်မှာပါ။ ကလေးအရွယ်ဆိုတာ သေချာလည်း စဉ်းစားတတ်သေးတာ မဟုတ်တော့ သူတို့မြင်တဲ့အရာကိုပဲ စိတ်ထဲမှာ စွဲနေရင်းနဲ့ ငယ်စဉ်ကတည်းက စိတ်ဝေဒနာတစ်ခုလို ဖြစ်သွားမယ်။ ဒီလိုဖြစ်နေတာကို ဘယ်သူ့မှ ဖွင့်မပြောဘဲ တစ်ယောက်တည်းမြိုသိပ်လိုက်တဲ့ ကလေးတွေ ကြီးလာတဲ့အခါ စိတ်ကျန်းမာရေးပြဿနာတွေအပြင် မူးယစ်ဆေးဝါး၊ အရက်တွေကို အလွန်အကျွံသုံးစွဲတာ၊ ပညာရေးမှာ ထိခိုက်လာတာ၊ အိမ်တွင်းရေးနဲ့ ပတ်သက်လာရင်လည်း မိဘတွေအပေါ် သံယောဇဉ်နည်းသွားတာ၊ နာကျည်းစိတ်၊ သိမ်ငယ်စိတ်၊ အထီးကျန်စိတ်ေတွ ပိုပြီးဖြစ်လာနိုင်ပါတယ်။

    မိဘတွေက တကယ်ပဲ ဘက်လိုက်ရဲ့လား။

    မိဘတော်တော်များများကတော့ ကိုယ့်ရဲ့ သားသမီးတိုင်းကို တူညီစွာ ချစ်တတ်ကြပါတယ်။ ဒါပေမယ့် တချို့မိဘတွေအနေနဲ့ကတော့ ချွင်းချက်ပေါ့။ ဥပမာပြောရရင် ယောက်ျားလေးလိုချင်တဲ့ မိဘတွေက ကိုယ့်ကလေးတွေထဲမှာ ယောက်ျားလေးတွေကိုပဲ ဦးစားပေးဂရုစိုက်တာမျိုးပေါ့။ မိန်းကလေးတွေကို မချစ်တာမဟုတ်ပေမယ့် သူတို့ထက်စာရင် ယောက်ျားလေးတွေကို ပိုပြီး ဂရုစိုက်တဲ့ အပြုအမူတွေက ဘက်လိုက်သလို ဖြစ်နေတာပေါ့။

    မိဘတွေ ဘက်လိုက်တဲ့အခါ သားသမီးတွေစိတ်ထဲမှာ ဘာတွေဖြစ်မလဲ။

    ပိုပြီးဂရုစိုက်ခံရတဲ့ ကလေးအနေနဲ့ မေတ္တာတွေနဲ့ ပြည့်နှက်နေသလောက် ကျန်တဲ့ကလေးအတွက်ကတော့ အမြဲတမ်း သိမ်ငယ်စိတ်က စိတ်ထဲမှာ ရှိနေမှာပါ။ “ငါ့မိဘတွေက သူ့ကိုပဲ ချစ်တာ၊ ငါ့ကိုတော့ မချစ်လောက်ဘူး၊ ငါ့ကို ဂရုမစိုက်ဘူး” အစရှိတဲ့ အတွေးတွေက ငယ်ငယ်ရွယ်ရွယ်ထဲက ဝင်လာတော့မှာပါ။

    အဆိုးဆုံးကတော့ ဒီလိုခံစားရတဲ့ ကလေးအများစုက ကိုယ့်စိတ်ထဲ ဘာတွေဖြစ်နေလဲဆိုတာကို မိဘတွေကိုရော၊ ဘယ်သူ့ကိုမှ ဖွင့်မပြောပြတာပါပဲ။ မကောင်းတဲ့ အတွေးတွေဟာ စိတ်ကို အဆိပ်သင့်စေတယ်။ စိတ်ဝေဒနာဖြစ်စေတယ်။ ဒီလိုစိတ်ဒဏ်ရာတွေနဲ့ ကြီးလာတဲ့ ကလေးဘဝဟာ တခြားကလေးတွေလောက် ပျော်ရွှင်မှုကို ခံစားနိုင်မှာမဟုတ်သလို စိတ်ကျန်းမာရေးဟာလည်း ပိုပိုပြီး ဆိုးလာဖို့ပဲ ရှိပါတော့တယ်။

    ဘက်လိုက်တာမှန်း ပိုသိသာစေတဲ့ အပြုအမူတွေ။

    နှိုင်းယှဉ်ခံရတဲ့ ခံစားချက်ကို ကလေးမှ မဟုတ်ပါဘူး။ လူကြီးတွေကိုယ်တိုင်လည်း ကြိုက်ကြမယ်မထင်ပါဘူး။ လူကြီးမိဘတွေ လုပ်တတ်ကြတဲ့ အမှားက ပိုကြိုးစားစေချင်တဲ့စိတ်နဲ့ ကိုယ့်ကလေးကို သူများနဲ့ နှိုင်းယှဉ်တာပါ။ ကလေးဆိုတာက သူတို့မှားနေရင်တောင် ချစ်တဲ့မိဘတွေက အနောက်ကနေ မားမားမတ်မတ်ရပ်တည်ပေးတာပဲ လိုချင်ကြတာပါ။ ကလေးအချင်းချင်း နှိုင်းယှဉ်တဲ့အခါ အယှဉ်ခံရတဲ့ ကလေးအတွက် ကြိုးစားချင်စိတ်တောင် ပိုနည်းသွားနိုင်ပြီး ပိုပြီးအထီးကျန်စိတ်၊ သိမ်ငယ်စိတ်ေတွ ဝင်လာနိုင်ပါတယ်။ လောကမှာ ကိုယ်ချစ်ရတဲ့မိဘတွေက ကိုယ့်ကို တခြားသူနဲ့ နှိုင်းယှဉ်ပြီး ညံ့ကြောင်း၊ အသုံးမကျကြောင်း ဘက်လိုက်ပြောတာ ကလေးတစ်ယောက်အတွက်တော့ စိတ်ဒဏ်ရာကြီးကြီးမားမား ရစေတဲ့ ကိစ္စတစ်ခုပါပဲ။

    ဒါကြောင့် ကိုယ့်ကလေးကို ဘယ်သူနဲ့မှ မနှိုင်းယှဉ်ပါနဲ့။ အတန်းထဲမှာ နံပါတ် ၁ ရဖို့ဆိုတာထက် ကလေးရဲ့ အနာဂတ်မှာ ပျော်ရွှင်သာယာဖို့၊ ကျန်းမာပြီး စိတ်ဓါတ်ကြံ့ခိုင်တဲ့ လူသားတစ်ယောက်အဖြစ် မားမားမတ်မတ်ရပ်တည်နိုင်ဖို့ကိုပဲ အဓိက ဦးစားပေးသင့်ပါတယ်။

    မိဘတွေအနေနဲ့ ဘာတွေသိထားဖို့လိုမလဲ။

    ကိုယ်လုပ်လိုက်တဲ့ အပြုအမူတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။ အထူးသဖြင့် ကလေးတွေဆိုတာ မိဘေတွကို အမြဲစောင့်ကြည့်ပြီး လေ့လာသင်ယူနေတဲ့ အရွယ်ဖြစ်တာကြောင့် ကိုယ်က ဘာရယ်မဟုတ် လုပ်လိုက်တဲ့ အပြုအမူတွေဟာ သူတို့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲသွားစေဖို့ ဖြစ်လာနိုင်ပါတယ်။

    ဗိုက်တစ်လုံးထဲကနေ ထွက်တဲ့ ညီအစ်ကို မောင်နှမတောင် စိတ်ဓါတ်ချင်း၊ တွေးခေါ်ပုံချင်း၊ အမြင်ချင်း မတူကြပါဘူး။ မိဘအနေနဲ့ ကိုယ်မွေးထားတဲ့ ကလေးတစ်ဦးချင်းစီက ဘယ်လိုအမူအကျင့်တွေ ရှိလဲ၊ ဘယ်လိုအရာတွေကို သဘောကျလဲ၊ သူတို့နဲ့ လိုက်ဖက်ညီအောင် ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဒါတွေကို သိထားမှပဲ ကိုယ့်ကလေးတွေအတွက် သက်တောင့်သက်သာဖြစ်ပြီး မေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ အိမ်လေးဖြစ်နေမှာပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement