ကလေးတွေဟာ ကမ္ဘာကြီးဆီကို အဖြူထည်လေးတွေအဖြစ် ရောက်လာတာ ဖြစ်ပြီး အင်မတန်မှကို အပြစ်ကင်းပါတယ်။ ဒီလို အပြစ်ကင်းတာကြောင့်ပဲ သူတို့လေးတွေအနေနဲ့ လူသားတွေအားလုံးရင်ဆိုင်နေရတဲ့ အတွင်းအပြင် ပဋိပက္ခ ဖြစ်ပွားမှုတွေရဲ့ ဒဏ်ကိုခံရလေ့ရှိပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေပေါ့။ လူသားတွေ ထိန်းချုပ်ဖို့ အင်မတန်ခက်ခဲတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတခုကတော့ စိတ်ဆိုးဒေါသထွက်တာပေါ့။ ကလေးတွေမပြောပါနဲ့၊ အရွယ်ရောက်ပြီးသား လူအတော်များများအနေနဲ့ တောင်မှ ဒေါသစိတ်တွေကို မြိုသိပ်ထိန်းချုပ်နိုင်စွမ်း မရှိကြပါဘူး။
သင့်ကလေးတွေအတွက် သင်က စံပြဖြစ်ပါစေ။
ကလေးတွေဟာ ရွှံ့ပျော့လေးတွေလိုပါပဲ ၊လိုသလို ပုံသွင်းလို့ ရပါတယ်။ ဒေါသကြီး၊ကြမ်းတမ်းတတ်တဲ့ မိဘကနေ မွေးဖွားကြီးပြင်းလာတဲ့ ကလေးဟာ ဒေါသကြီးရမ်းကားတတ်မယ်ဆိုတာ တွေးကြည့်ဖို့တောင် မလိုပါဘူး။ သင်ဟာ မိဘနေရာရောက်လာပြီဆိုရင် ကလေးတွေအတွက် စံပြဖြစ်အောင် နေထိုင်တတ်ရပါမယ်။ ဒေါသကို ထိန်းချုပ်တာလည်း တခု အပါအဝင်ပေါ့။
မိဘတွေအနေနဲ့ စိတ်ဆိုးဒေါသထွက်ရမယ့် အခြေအနေတွေနဲ့ တွေ့ကြုံလာရပြီဆိုရင် ဘယ်လိုကိုင်တွယ်ရမယ်၊ချုပ်တည်းရမယ်ဆိုတာကို လေ့လာထားသင့်ပါတယ်။ ဒါဆိုရင် သင့်အနေနဲ့ ဒီလိုစိတ်ကတောက်ကဆဖြစ်ရမယ့် အခြေအနေမျိုးကိုအခွင့်ကောင်းယူပြီး သင့်ကလေးကို သင်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ဥပမာ သင့်ခင်ပွန်းက သင့်မွေးနေ့ကို မေ့နေတယ်ဆိုပါစို့။ သင့်အနေနဲ့ ကလေးရှေ့မှာတင် ခင်ပွန်းကို အော်ဟစ်သောင်းကျန်းပြီး ဒီညဆိုဖာပေါ်မှာပဲ အိပ်ခိုင်းကောင်း အိပ်ခိုင်းမယ်ဆိုပါစို့။ ဒါဟာ ကလေးအတွက် သိပ်ကောင်းသွားမယ်လို့ သင်မထင်ဖူးမလား။ ဟုတ်ပါတယ်။ အဲဒီအစား အရင်ဆုံး သင့်ခင်ပွန်းကို ကြိတ်သတိပေးပါ။ ပြီးရင် “မေ့မေ့မွေးနေ့ကို အမှတ်မထား၊ဂရုမစိုက်လို့ သားဖေဖေကို မေမေ အရမ်းစိတ်ဆိုးနေတယ်။ ဒါကြောင့် ဒီညမေမေ စာအုပ်အရင်ဖတ်မယ်။ ပြီးရင် အိပ်မယ်။ သူ့ကို မေမေ အကြာကြီး မခေါ်ဘဲ နေပစ်လိုက်မယ်” လို့ ကလေးကို ပြောပါ။
ကလေးအနားမှာ မရှိတဲ့အချိန် သင်တို့ အခန်းထဲရောက်ရင်တော့ သင့်ရဲ့ မေ့တတ်တဲ့ အိမ်ဦးနတ်ကြီးကို နာနာထုလို့ ရပါပြီ။
တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပါ။
သင့်ကလေးက ထပ်ဆော့ချင်သေးလို့၊မအိပ်ချင်သေးလို့ ဂျီကျနေတဲ့ အချိန်မျိုးဆိုရင်ရော တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရမှာပဲလား။ ဒါ ပြောရနည်းနည်းတော့ ခက်ပါတယ်။ ဘယ်မိဘမဆို ဒီလိုအနေအထားမျိုးမှာ စိတ်မဆိုးတောင် ကျွဲမြီးတော့ တိုချင်နေပါပြီ။ ကိုယ့်ဒေါသကို ကလေးက မီးထိုးပေးတာမျိုးမဖြစ်ရလေအောင် ရှောင်ရှားထိန်းချုပ်ရတဲ့ အပိုင်းဟာ မိဘတယောက်အတွက် အခက်ခဲဆုံးသော အခြေအနေ ဖြစ်ပါတယ်။ ကလေးတွေ ဂျီကျလွန်းမက ဂျီကျလာပြီဆိုရင် ကျွန်တော်တို့တွေ အနေနဲ့
အတော်ကို ဒေါသထွက်လာပါပြီ။ ဘာလို့လဲဆိုတော့ တခြားလုပ်စရာတွေ တပုံတပင်လည်း ရှိနေသေးတယ်။ ဒီကြားထဲ ကလေးကလည်း အော်ဟစ်ငိုယို ဂျီကျနေပြန်တော့ သင့်အနေနဲ့ ကလေးငြိမ်သွား၊တိတ်သွားအောင် ဘယ်နည်းနဲ့မဆို လုပ်ပစ်ချင်စိတ်တွေ ပေါက်လာပါပြီ။ ဥပမာ ပြန်ပြီး အော်ဟစ်ပစ်မယ်၊အော်ဆူမယ်၊အိမ်အပြင်ထုတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်မယ် အစရှိသဖြင့်ပေါ့။ တကယ်တမ်းတော့ ဒါဟာ အကြောက်တရားကိုပဲ ဖြစ်ပေါ်စေပြီး ကလေးအတွက် ဘယ်နည်းနဲ့မှ မကောင်းနိုင်ပါဘူး။ ကြောက်လို့ စကားနားထောင်တာမျိုးထက် နားလည်သဘောပေါက်လို့ နားထောင်တာမျိုးပဲ ဖြစ်စေချင်ပါလိမ့်မယ်။ ဟုတ်တယ်မလား။ ဒါကြောင့် သင့်အနေနဲ့ လုပ်သင့်တာက ကလေးကို နားလည်အောင် ပြောပြဖို့ပဲ ဖြစ်ပါတယ်။ ဒီလို ဂျီကျနေရင် ဘာမှမလုပ်ပေးဖူး၊ဘာစကားမှ မပြောဖူး၊အငိုတိတ်ပြီး ကောင်းကောင်းနေမှ ဘာလိုချင်လဲဆိုတာ မေးမယ် စသဖြင့် ဆုံးမရပါမယ်။ ဒါပြောပြီးတာနဲ့ သူ့နားက ချက်ချင်းထွက်သွားပါ။
သင်ဘယ်လောက် စိတ်ဆိုးနေတယ်ဆိုတာကို နားလည်ဖို့ ကလေးတွေအတွက် အချိန်အတော်ကြာကြာ ယူရပါမယ်။ ဒါပေမယ့် ဒီလိုမျိုး လေ့ကျင့်ပေးခြင်းအားဖြင့် ကလေးအနေနဲ့ အငြင်းပွားမှုတခုကို ဘယ်လိုသဘောတူညီချက်ရယူ ဖြေရှင်းရမလဲဆိုတာ သဘောပေါက်စေမှာ ဖြစ်ပြီး ဒါဟာ ကောင်းတဲ့ ကိစ္စတခုပဲ ဖြစ်ပါတယ်။
အပေါ်မှာ မျှဝေပေးခဲ့တဲ့ အချက်တွေဟာ ကျွန်တော်တို့အနေနဲ့ ကလေးတွေရှေ့မှာ စံပြဖြစ်အောင် ဘယ်လိုနေထိုင်မလဲဆိုတာနဲ့ သူတို့လေးတွေစိတ်ဆိုးဒေါသထွက်တာကို ကျွန်တော်တို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ မေးစရာရှိလာတာက သူတို့လေးတွေရဲ့ ကိုယ်ပိုင်ဒေါသကို သူတို့ဘယ်လိုများ ကိုင်တွယ်ထိန်းချုပ်စေမလဲ ဆိုတာပါပဲ။ ကလေးတွေဟာ သင်ပြောသမျှကိုလည်း လုံးစေ့ပတ်စေ့နားလည်မှာ မဟုတ်သေးတဲ့အတွက် စကားလုံးတွေ အများကြီးသုံးပြီး သူတို့ကို ရှည်ရှည်လျားလျား ရှင်းပြမနေသင့်ပါဘူး။ မိဘတွေ သင်ပေးသင့်တာက ကလေးတွေ စိတ်ဆိုးပြီဆိုရင် အသက်ပြင်းပြင်း သုံးခါရှုဖို့နဲ့ တစ် ကနေ တစ်ဆယ်ထိ ရေတွက်စေဖို့ပါပဲ။ သင်ကတော့ အခါတိုင်းလိုပဲ သူတို့လေးတွေ လုပ်တတ်အောင် သင်ပြပေးရမှာ ဖြစ်ပါတယ်။ အပေါ်မှာ သိခဲ့တဲ့ အကွက်လေးတွေလည်း ထုတ်သုံးပြီး ကလေးတွေကို သင့်တော်သလို သွန်သင်ပုံသွင်းပေးသင့်ပါတယ်။
[embed-health-tool-vaccination-tool]