backup og meta

ကလေးတွေကို စမတ်ကျကျ ပြုစုပျိုးထောင်တတ်ဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို စမတ်ကျကျ ပြုစုပျိုးထောင်တတ်ဖို့

    Smart parentingဆိုတာ ထုံးတမ်းစဉ်လာ ကလေးပျိုးထောင်တဲ့ နည်းနဲ့ မတူတဲ့ parenting နည်းလမ်းတစ်ခုပါ။ သမားရိုးကျ ကလေးထိန်းနည်းမှာတော့ မိဘက သားသမီးကို အပေါ်စီးက အုပ်ချုပ်ရင် အုပ်ချုပ် ဒါမှမဟုတ် သားသမီးကို အရိပ်တကြည့်ကြည့်နဲ့ လိုတာ ဖြည့်ပေးတဲ့နည်းရယ်ဆိုပြီး နည်းလမ်း နှစ်ခုရှိပါတယ်။ ဒါကြောင့် အချိန်ကြာလာနဲ့အမျှ မိဘကို ကြောက်ပြီး ဘာမှမပြောရဲ၊ ပတ်ဝန်းကျင်မှာလည်း လူကြောက်တဲ့ ကလေး ဖြစ်ချင်ဖြစ် ဒါမှမဟုတ် လိုတိုင်းတရနေတော့ ဘာကိုမှ တန်ဖိုးမထားတတ်တဲ့ လူဆိုးလေး ဖြစ်ချင်ဖြစ်ပေါ့။

    Smart parentingကျတော့ သားသမီးကိုပဲ ဗဟိုပြုတာ မဟုတ်တော့ပါဘူး။ သားသမီးကို ထိန်းရတဲ့ မိဘကိုပါ ထည့်သွင်းစဉ်းစားလာပါပြီ။ ဆိုလိုတာက အရင်က ကလေးထိန်းတဲ့အလုပ်ဟာ မိခင်တွေအလုပ်၊ ဒါကြောင့်ပဲ ကလေးမွေးပြီးတဲ့အခါ ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဆိုပြီး အလုပ်ထွက်လိုက်တာတွေ၊ ရည်မှန်းချက်တွေ နားလိုက်ရတာတွေ ရှိပါတယ်။ ကလေးကြီးလာရင် ပြန်လုပ်မယ်ဆိုပြီး တကယ်တမ်း လက်တွေ့မှာ မလုပ်ဖြစ်တော့တာ ပိုများပါတယ်။ အစစအရာရာကလေးကို ဦးစားပေးရင်းနဲ့ပေါ့။

    Smart parentingရဲ့ ရည်ရွယ်ချက်ကတော့ ကလေးကိုလည်း ကောင်းကောင်း ပြုစုပျိုးထောင်မယ်။ ကိုယ်လည်း အလုပ်ဆက်လုပ်မယ်၊ အလုပ်မလုပ်ရင်တောင် တစ်နေကုန် ကလေးအတွက် အချိန်ကုန်နေတာမျိုး မဟုတ်ဘဲ ကိုယ်ပိုင်အချိန်လေး ဖန်တီးနိုင်ရပါမယ်။ ဒါ့ပြင် ကလေးကို ပျိုးထောင်တဲ့ ပုံစံကလည်း အမိန့်ပေးတဲ့ ဒါမှမဟုတ် အလိုလိုက်တဲ့ ပုံစံမျိုး မဟုတ်ဘဲ ကလေးကို လေးစားမှု အဆင့် တစ်ခု သတ်မှတ်ပြီး ဘေးကနေ ထိန်းကျောင်းသွားတဲ့ ပုံစံပါ။

    ဒါဆို ကလေးတွေကို စမတ်ကျကျ ပြုစုပျိုးထောင်တတ်ဖို့ Smart parentingလေး စလိုက်ရအောင်

    အရင်ဆုံး မိဘတွေကို အကြံပေးချင်တာက

    • အကူအညီတောင်းပါ။

    ကလေးထိန်းတာ မေမေ့အလုပ်ပဲ မဟုတ်တဲ့အတွက် ဖေဖေ့ကို၊ ဘိုးဘိုးဘွားဘွားတွေကို အကူအညီတောင်းပြီး ဝိုင်းထိန်းခိုင်းပါ။ ဒါပေမယ့် စည်းကမ်းချက်တွေကိုတော့ ပြောပြထားပါ။ ဥပမာ ကလေးကို တစ်နေ့ ဖုန်း ဘယ်နှနာရီပဲ ပေးသုံးရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးပေါ့။

    အလုပ်ချိန်ကျော်လွန်သွားတာနဲ့ အလုပ်အကြောင်း ဆက်မတွေးပါနဲ့။ ကလေးနဲ့ အဖော်လုပ်တာဖြစ်ဖြစ်၊ ကိုယ့်နှစ်သက်တာလေးတွေ လုပ်တာဖြစ်ဖြစ် အချိန်ဖြုန်းပါ။ စိတ်ထွက်ပေါက်ဆိုတာ လိုတာပဲမလား။

    • အချိန်ကို စီမံခန့်ခွဲတတ်ပါစေ။

    အလုပ်လည်း လုပ်မယ်။ ကလေးကိုလည်း အကောင်းဆုံး ဖြစ်အောင် ပျိုးထောင်မယ်ဆိုရင် မေမေတို့ အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲတတ်မှ ရမှာပါ။ ကလေးနဲ့ တွေ့တဲ့အချိန်လေးမှာ ဘာတွေကို ဦးစားပေး သင်ပေးမယ်။ အချိန်တိုအတွင်းမှာ ဘယ်လို အာဟာရပြည့်တဲ့ စားစရာတွေ လုပ်ပေးမယ် စသဖြင့် မေမေတို့ supermomဖြစ်နေမှ ရမှာပါ။

    ဒါပြီးရင်တော့ ကလေးကို ကျန်းကျန်းမာမာပျိုးထောင်နိုင်ဖို့ ဆက်လေ့လာကြည့်ရအောင်။

    ကိုယ်ကသာ အပြင်ထွက်အလုပ်လုပ်နေရတာ အချိန်တန်ရင် အိမ်ကကလေးကို ကျန်းမာစေချင်တာ၊ ထက်မြက်စေချင်တာ မေမေတိုင်းရဲ့ ဆန္ဒပါပဲ။ ခုခေတ်က အရင်လို ကလေးက ထမင်းကောင်းကောင်းစား၊ ကျန်းမာ၊ စာလိုက်နိုင်ရင် ရပြီဆိုတဲ့ ခေတ်လည်း မဟုတ်တော့ပါဘူး။

    မေမေတွေက ကိုယ်ဝန်ရှိတည်းက ကလေးအတွက် အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ ကလေးထိန်းနည်းတွေကို ရှာလာကြပါပြီ။ ဉာဏ်ရည်ဉာဏ်သွေးထက် ကိုယ်ရည်ကိုယ်သွေးကို ဦးစားပေးတဲ့ ခေတ်ဖြစ်လာပါပြီ။ ဒီလိုဆို ကျန်းမာပြီး Smart ကျတဲ့ ကလေးတစ်ယောက်ဖြစ်အောင် ဘယ်လို ပျိုးထောင်ကြမလဲ။

    ကလေးတွေက တစ်နေ့ကို ၈နာရီလောက် အိပ်မှ ကြီးထွားဟော်မုန်းတွေ ကောင်းကောင်းထွက်မှာပါ။ အိပ်ရေးဝလို့ ဦးနှောက်ကြည်ပြီး သင်ယူနိုင်စွမ်းလည်း တက်လာပါလိမ့်မယ်။ အိပ်ရာဝင်ချိန်ကို တိတိကျကျ သတ်မှတ်ထားမယ်ဆိုရင် ကလေးအိပ်တာနဲ့ မေမေတို့လည်း အနားယူနိုင်မှာပါ။

    • အာဟာရပြည့်အောင် ကျွေးမွေးပါ။

    အပြင်ထွက် အလုပ်လုပ်ရတဲ့ မေမေတွေ စိုးရိမ်တာကတော့ အိမ်က ကလေး ထမင်းကောင်းကောင်း မစားမှာကိုပါပဲ။ အနားမှာထိုင်ပြီး ကြည့်မနေနိုင်တော့ ထမင်းစားပါ့မလား။ လိုအပ်တဲ့ အာဟာရတွေ ရပါ့မလားဆိုပြီး အလုပ်မှာ နောက်ဆံတင်းနေမှာပါ။ ဒါကြောင့် မေမေတို့ ကလေးခံတွင်းလိုက်ပြီး အာဟာရပြည့်တဲ့ အစားအစာတွေကို အချိန်တိုအတွင်းမှာ ချက်ပြုတ်နိုင်ဖို့ သင်ယူထားရပါမယ်။

    ကလေးအတွက် လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ ဦးနှောက်နဲ့ အမြင်အာရုံကောင်းစေတဲ့ DHA၊ အစာခြေစနစ်ကို ကျန်းမာစေတဲ့ ပရိဘိုင်အိုတစ်၊ ပရီဘိုင်အိုတစ်တွေပါအောင် ကျွေးမွေးရပါမယ်။ ကလေးကောင်းကောင်း မစားဘူးထင်ရင် ဒီအာဟာရတွေ ဖြည့်ထားတဲ့ အာဟာရဖြည့်နို့တွေ တိုက်ပေးရပါမယ်။

    • ဦးနှောက်ကို လေ့ကျင့်ပေးပါ။

    မေမေတို့ အလုပ်အားတဲ့ အချိန်ခဏလေးမှာ ကလေးတွေကို ဦးနှောက်ကို လေ့ကျင့်ပေးနိုင်တဲ့ puzzleဂိမ်းလေးတွေ၊ အတုံးလေးတွေ ဆက်တာတွေ၊ စာဖတ်ပြတာတွေ လုပ်ပေးနိုင်ပါတယ်။ စာအုပ်ဆိုရင်လည်း ကလေး ကိုယ်ရည်ကိုယ်သွေး EQကို ကောင်းစေတဲ့ စာအုပ်မျိုးကို ရွေးချယ်သင့်ပါတယ်။

    တကုတ်ကုတ်နဲ့ အိမ်ထဲမှာ ဆော့ခိုင်းမယ့်အစား ကျယ်ကျယ်ဝန်းဝန်း နေရာမှာ ပြေးပြေးလွှားလွှား ကစားပါစေ။ မေမေပါ အတူတူဆော့ပေးရင် လေ့ကျင့်ခန်းလုပ်ပြီးသားလည်း ဖြစ်သွားတာပေါ့။

    • ပြင်ပဘဝနဲ့ ထိတွေ့ပါစေ။

    အားလပ်ရက်တွေဆို ကလေးနဲ့အတူတူ မိသားစုလိုက် အပြင်သွားတာ၊ သစ်ပင်ပန်းမန်တွေရှိတဲ့နေရာ၊ တိရစ္ဆာန်လေးတွေ ရှိတဲ့နေရာကို ခေါ်သွားပေးပါ။ ပြင်ပဘဝနဲ့ ထိတွေ့ထားမှ ကလေးက ဉာဏ်ရည်ဉာဏ်သွေးရော ကိုယ်ရည်ကိုယ်သွေးပါ တက်လာမှာပါ။

    အလုပ်တစ်ဖက်နဲ့ ကလေးတွေကို ထိန်းကျောင်းရတာ မလွယ်လှပါဘူး။ အထူးသဖြင့် အလုပ်မှာလည်း မလစ်ဟင်းချင်၊ ကလေးကိုလည်း ကောင်းကောင်းကြီးပြင်းလာစေချင်တယ်ဆိုရင် ပိုလို့တောင် ပင်ပန်းနိုင်ပါတယ်။ ဒါပေမယ့် supermomတွေ ဖြစ်တဲ့အတွက် Smart parentingနည်းလမ်းနဲ့ အလုပ်နဲ့ အိမ်ထောင့်တာဝန်ကို မျှမျှတတ ထမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement