backup og meta

ကလေးတွေမှာ ဝမ်းဗိုက်လေး နေမကောင်းတဲ့အခါ မပေါ့ဆပါနဲ့ ဒီလိုနောက်ဆက်တွဲ ပြဿနာတွေဖြစ်နိုင်တာ သတိရပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေမှာ ဝမ်းဗိုက်လေး နေမကောင်းတဲ့အခါ မပေါ့ဆပါနဲ့ ဒီလိုနောက်ဆက်တွဲ ပြဿနာတွေဖြစ်နိုင်တာ သတိရပါ

    ကလေးတွေ ဝမ်းလျှောတယ်၊ လေနာတယ်ဆိုရင် ဝမ်းဗိုက်ပြဿနာလို့ပဲ ထင်ကြပါတယ်။ အချိန်တန်ရင် ကောင်းသွားမှာပါဆိုပြီး အားတင်းတတ်ကြတယ်။ တကယ်လည်း ဟုတ်ပါတယ်။ တချို့ဗိုက်ပြဿနာတွေက အချိန်တန်ရင် ကောင်းသွားပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်အနေနဲ့ ဗိုက်ပြဿနာတွေ ခဏခဏ ခံစားနေရမယ်ဆိုရင် ဗိုက်နဲ့ မဆိုင်တဲ့ တခြားဆိုးကျိုးလေးတွေပါ ဖြစ်လာတတ်ပါတယ်။

    ကလေးတွေမှာ ဖြစ်တတ်တဲ့ ဗိုက်ပြဿနာများ

    ကလေးအများစုမှာတော့

  • ဝမ်းချုပ်တာ
  • ဝမ်းလျှောတာ
  • အန်တာ
  • လေနာတာ စတာတွေက အတွေ့ရများတဲ့ ပြဿနာတွေပါပဲ။
  • ရှားရှားပါးပါး

    • အူရောင်တာတို့ (Inflammatory bowel disease)
    • လက်တို့စ်မချေဖျက်နိုင်တာတို့လည်း ရှိပါတယ်။

    ခဏခဏ ဗိုက်ပြဿနာ ဖြစ်တဲ့အခါ

    ခဏခဏ ဝမ်းလျှောလိုက်၊ ဗိုက်အောင့်လိုက် ဖြစ်တဲ့အခါကျတော့ ကလေးက

    • စိတ်မကြည်တော့ပါဘူး။

    လူကြီးတောင် နေမကောင်းရင် ညည်းတတ်သေးတာ ကလေးတွေလည်း ဒီလိုပါပဲ။ ပိုးကြောင့် ဝမ်းလျှောတာမျိုးဆို ဖျားတာပြုတာ ရှိတတ်ပါတယ်။ ဒီတော့ ကလေးက ဝမ်းသွားတာတစ်မျိုး၊ နာတာတစ်မျိုး၊ ဖျားတာ တစ်မျိုးနဲ့ ဂျီတိုက်ပါတော့တယ်။ ခဏခဏ နေမကောင်းရင် ခဏခဏ ဂျီတိုက်ပါတယ်။ ကြာလာရင် ကလေးက စိတ်ဖိစီးလာပါလိမ့်မယ်။

    စိတ်ဖိစီးလာရင် ဗိုက်က တစ်ခါပြန်အောင့်လာရော။ ဝမ်းတွေ ချုပ်လာရော။ ဒီလိုနဲ့ တစ်ခါ သံသရာလည်လာပါလိမ့်မယ်။

    • ပိန်လာပါလိမ့်မယ်။

    ခဏခဏ ဝမ်းလျှောတယ်။ ဗိုက်အောင့်တယ်ဆိုရင် ကလေးက အူလမ်းကြောင်းက အာဟာရတွေ ဆုံးရှုံးပါတယ်။ လုံလောက်အောင် ပြန်မဖြည့်နိုင်ရင် ကလေးက နေမကောင်းဖြစ်ပြီးတိုင်းမှာ မျက်နှာလေးတွေ ချောင်ပြီး ပိန်ပိန်သွားပါတယ်။ ကြီးထွားရမယ့်အရွယ်မှာ ကိုယ့်ကလေးက သူများထက် ညှက်နေရင် မေမေတို့ပဲ စိတ်ညစ်ရမှာပါ။

    • ခုခံအားနည်းလာပါလိမ့်မယ်။

    အစာအိမ်နဲ့ အူလမ်းကြောင်းဆိုတာကလည်း ခုခံအား တပ်တစ်ခုပါပဲ။ ပြင်ပက ဝင်လာတဲ့ ပိုးမွှားတွေကို အစာခြေအက်စစ်၊ အင်ဇိုင်း၊ ကောင်းကျိုးပြု ဘက်တီးရီးယားတွေ သုံးပြီး တိုက်ခိုက်ပေးပါတယ်။ အူလမ်းကြောင်းနေမကောင်းလို့ ဒီအလုပ်တွေ မလုပ်နိုင်ရင် ပိုးမွှားတွေ တခြားနေရာကို ရောက်ပြီး ဖျားနာစေမှာပါ။

    • အိပ်ရေးပျက်စေတယ်။

    ညဘက်မှာ ကောင်းကောင်းအိပ်ပျော်နိုင်ဖို့၊ စိတ်ကြည်ဖို့ လိုအပ်တဲ့ ဆီရိုတိုနင် ဟော်မုန်းကို အူလမ်းကြောင်းက ထုတ်ပေးတာပါ။ အူလမ်းကြောင်း မကျန်းမာရင် ဒီဟော်မုန်းတွေ နည်းသွားပြီး ညဘက် ကောင်းကောင်း အိပ်မပျော်ပါဘူး။ နောက်တစ်ချက်က ကလေးက ဗိုက်နာလို့ အိပ်မပျော်တာ၊ ဝမ်းခဏခဏ ထသွားနေရလို့ အိပ်မပျော်တာပါပဲ။ ဒါတွေ စုလိုက်တဲ့အခါ ကလေးက ညလည်း ကောင်းကောင်း အိပ်မပျော်၊ အာဟာရလည်း ချို့တဲ့တာကြောင့် ပိုပိန်လာပြီး ပို ကိုယ်ခံအားကျလာပါတော့တယ်။

    • နှင်းခူဖြစ်စေတယ်။

    ဒါလေးက ထူးဆန်းပါတယ်။ လေ့လာချက်တွေအရ အစားဓာတ်မတည့်လို့၊ အစားအသောက်မသန့်လို့ အူရောင်တဲ့အခါ အစားအသောက်ထဲမှာ ပရိုတိန်းတချို့ အပြင်ကို ရောက်သွားတာကြောင့် ခုခံအားကို လှုံ့ဆော်ပြီး အရေပြားဓာတ်မတည့်တဲ့ ရောဂါ (နှင်းခူ)ကို ဖြစ်စေပါသတဲ့။

    ဒီအချက်တွေကို ကြည့်မယ်ဆိုရင် ဝမ်းဗိုက်ပြဿနာက ဝမ်းဗိုက်မှာတင် ပြီးမသွားဘဲ ကလေးခန္ဓာကိုယ် တစ်ခုလုံးကို ဒုက္ခရောက်စေတာ တွေ့ရပါတယ်။ ဒါကြောင့် ကလေးရဲ့ ဝမ်းဗိုက်ကျန်းမာအောင် ဂရုစိုက်ဖို့ဆိုတာ လိုအပ်လာပါပြီ။

    ဝမ်းဗိုက်လေး ကျန်းမာနေစေဖို့

    •  ပရီဘိုင်အိုတစ်တွေ ဖြည့်စွက်ပါ။

    ပရီဘိုင်အိုတစ်ဆိုတာ တခြားမဟုတ်ပါဘူး။ ကောင်းကျိုးပြု ဘတ်တီးရီးယား ပရိုဘိုင်အိုတစ် အစာပါ။ ဥပမာ ပြောရရင် LcFosလိုမျိုးပေါ့။ ဒါလေးတွေ ရှိရင် အူထဲက ပရိုဘိုင်အိုတစ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်တာကြောင့် အူလမ်းကြောင်းလေး ကျန်းမာတာပေါ့။ ကလေးတွေရဲ့ နေ့စဉ်စားတဲ့အစာ ( ဥပမာ – အစေ့အဆန်တွေ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငှက်ပျောသီး၊ ပဲနို့) နဲ့ အာဟာရဖြည့်စွက်ထားတဲ့ နို့မှုန့်တွေမှာ ပါပြီးသားပါ။ မေမေတို့ သတိထားကျွေးဖို့ပဲ လိုပါတယ်။

    • ပရိုဘိုင်အိုတစ်လည်း မမေ့ပါနဲ့။

    ဒါကတော့ ကောင်းကျိုးပြု ဘတ်တီးရီးယားကို တန်းပြီး ဖြည့်စွက်တာပါ။ Lactobacillusတို့  Bifidobacteriumတို့ အုပ်စုပေါ့။ သူကတော့ ဒိန်ချဉ်တို့၊ ချိစ်တို့၊ ကင်ချီလို အချဉ်ဖောက်ထားတဲ့ အစားအစာတွေ၊ အာဟာရဖြည့်နို့တွေမှာ ပါပြီးသားပါ။ ကလေးအတွက် အဆင်ပြေရာကို ရွေးချယ်နိုင်ပါတယ်။

    • မလိုအပ်ဘဲ ပိုးသတ်ဆေးတွေ မတိုက်ပါနဲ့။

    ကလေးဖျားတဲ့အခါ မေမေတို့က ကိုယ့်သဘောနဲ့ ကိုယ် ပိုးသတ်ဆေးတွေ မတိုက်ရပါဘူး။ ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းလျှောတတ်ပါတယ်။ ဝမ်းလျှောတဲ့ထဲမှာ ကောင်းကျိုးပြုဘက်တီးရီးယားတွေရော၊ အာဟာရတွေရော ပါသွားနိုင်ပါတယ်။

    • ကလေးကို စိတ်ဖိစီးမှု မများပါစေနဲ့။

    အထူးသဖြင့် မူကြိုသွားရမယ့်အရွယ်ဆိုရင် ကလေးတွေက စိတ်ဖိစီးတတ်ကြပါတယ်။ ကလေးကို နားဝင်အောင် ရှင်းပြပါ။ သူမကြိုက်တာ အတင်းမလုပ်ပါနဲ့။ ကလေးတွေမှာ စိတ်ဖိစီးတာက အူလမ်းကြောင်းမှာ လက္ခဏာသွားပြပါတယ်။

    • အိပ်ရေးဝဝသိပ်ပါ။

    ကလေးတွေက တစ်နေ့ကို ၈နာရီကနေ ၁၀နာရီလောက်ထိ အိပ်ရပါမယ်။ အိပ်ရေးမဝရင် ဝမ်းဗိုက်ပြဿနာ ဖြစ်နိုင်သလို ဝမ်းဗိုက်ပြဿနာကြောင့် အိပ်ရေးပျက်ပြီး သံသရာလည်နေတတ်ပါတယ်။

    ကလေးပီပီ အစားချေးများတာ သဘာဝပါ။ ဒါပေမယ့် မေမေတို့က ကြိုးစားပြီး အသီးအရွက်၊ အသားငါး မျှတအောင် ကျွေးပေးပါ။ အာဟာရချို့တဲ့တာကို ကာကွယ်နိုင်သလို အူလမ်းကြောင်းကိုလည်း ပုံမှန်ဖြစ်စေပါတယ်။ ဝမ်းချုပ်တာကိုလည်း ကာကွယ်နိုင်ပါတယ်။

    ဝမ်းဗိုက်ပြဿနာက အစပြုလိုက်တာ ကလေးတွေမှာ နောက်ဆက်တွဲတွေ အများကြီး ဖြစ်နိုင်လို့ မေမေတို့ ဂရုစိုက်ဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement