- ကလေးနဲ့ လူကြီး အာဟာရလိုအပ်ချက်ခြင်း မတူညီလို့ပါ။
ဖြည့်စွက်စာစကျွေးတုန်းကတော့ ကလေးအတွက် သက်သက် ပြင်ဆင်ပေးမိပေမယ့် နည်းနည်းကြီးလာတော့ လူကြီးတွေနဲ့ တစ်အိုးတည်း စားလာကြပါတယ်။ ဒါပေမယ့် ကလေးနဲ့ လူကြီးနဲ့က အာဟာရလိုအပ်ချက်ခြင်း မတူတာကြောင့် ကြာလာတဲ့အခါ ကလေးက အာဟာရချို့တဲ့လာပါတယ်။
ဒါဆို ကလေးကို တစ်နေ့ ၃နပ် အပြင် ဘာတွေ ကျွေးပေးသင့်သလဲ
ကလေးကို တစ်နေ့ ၃နပ် ကျွေးမယ့်အစား နည်းနည်းနဲ့ ခဏခဏ ကျွေးပေးပါ။ ကြားအချိန်တွေမှာလည်း ကလေးအတွက် လိုအပ်တဲ့ ဓာတ်တွေ ပြည့်မှအောင် အာဟာရပြည့်ဝတဲ့ သရေစာတွေကို လုပ်ကျွေးပေးပါ။ သရေစာတွေ လုပ်တဲ့အခါ အပြင်ကနေ ဝယ်စားတာထက် အိမ်မှာပဲ သန့်သန့်ရှင်းရှင်းနဲ့ အာဟာရပြည့်ဝအောင်လုပ်ပေးဖို့ အကြံပြုချင်ပါတယ်။
ဘာတွေ လုပ်ပေးနိုင်လဲဆိုတော့
နို့နဲ့ ကြက်ဥနဲ့ကို ခေါက်ပြီး ပေါင်းလိုက်တာက အချိန်ကုန်သက်သာပြီး မေမေတိုင်း လုပ်တတ်တဲ့ စားစရာပါ။ ကလေးတွေလည်း ကြိုက်ကြပါတယ်။ ကလေးမှာ နို့သကြားမခြေဖျက်နိုင်တဲ့ ပြဿနာသာမရှိရင် စိတ်ချလက်ချ ကျွေးလို့ရပါတယ်။ နို့ရော ကြက်ဥမှာရော ကလေးကြီးထွားဖို့ လိုအပ်တဲ့ အာဟာရတွေ အပြည့်အဝပါဝင်နေပါတယ်။
အသီးအရွက်မကြိုက်တဲ့ကလေးတွေကို သူတို့ကြိုက်အောင် ဆန်းဒွစ်အနေနဲ့ ပြုပြင်ပေးလိုက်ပါ။ ပေါင်မုန့်ကြားထဲကို ဂေါ်ဖီ၊ မုန်လာဥနီ ကျိတ်ထည့်ပြီး မရောနိစ်နဲ့ ရောကျွေးနိုင်ပါတယ်။ ဒါမှမဟုတ် အရွက်တွေကို ကြော်ပြီး ကော်ပြန့်အနေနဲ့ ကျွေးနိုင်ပါတယ်။ ကလေးက အရွက်မကြိုက်ဘူးဆိုပြီး လုံးဝမကျွေးပဲ ထားလိုက်တာထက် ဒီလိုလေးတွေ ပြင်ဆင်ပြီး ရအောင် ကျွေးကြည့်ပါ။
အသီးအနှံလေးတွေကို လတ်လတ်ဆတ်ဆတ်လေး ခွဲကျွေးတာက ကလေးအတွက် အကောင်းဆုံးပါ။ ဒါပေမယ့် ချေးများနေမယ်ဆိုရင်တော့ အသီးတွေကို ကျိတ်၊ ပုံစံခွက်ထဲထည့်ပြီး ခဲထားလိုက်ပါ။ ပြီးရင် ရေခဲချောင်းအနေနဲ့ ကျွေးလိုက်ပါ။ လုံးဝကျွေးမရတာထက်စာရင် ဒီနည်းကလည်း မဆိုးပါဘူး။
ကလေးက ထမင်းနဲ့ ဟင်းကို နေ့တိုင်းစားချင်မှာ မဟုတ်ပါဘူး။ ဒီတော့ ဒီလိုမျိုး လှည့်စားပြီး ကျွေးကြည့်ပါ။ ထမင်းနဲ့ ဟင်းအစား ငါးထမင်းနယ် လုပ်ကျွေးတာ၊ ကြက်သားနဲ့ အာလူးကို ပလာတာနဲ့ ကျွေးတာ၊ အာလူးကတ်တလိတ် လုပ်ကျွေးတာမျိုးပါ။ ဘာစားလဲဆိုတာထက် ဘာအာဟာရတွေ ရသွားလဲဆိုတာက ပိုအရေးကြီးပါတယ်။
အပေါ်က မုန့်လုပ်နည်းတွေက အချိန်ပေးရပါတယ်။ တကယ်လို့ မေမေက အလုပ်လုပ်နေရတယ် ဒါမှမဟုတ် အာဟာရတွက်ချက်မှုတွေ မလုပ်ချင်ဘူးဆိုရင် Growing up milkတွေ တိုက်လို့ရပါတယ်။ Growing up milk ဆိုတာ ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့ပါ။ ဒီအာဟာရဖြည့်စွက်နို့တွေက ကလေးအသက်အရွယ်အလိုက် လိုအပ်တဲ့ အာဟာရတွေကို သိပ္ပံနည်းကျ ဖော်စပ်ထားလို့ ကလေးကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရကို ဖြည့်ပေးနိုင်ပါတယ်။
ကလေးက တစ်နေ့ ၃နပ်စားရုံနဲ့ လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝရချင်မှ ရမှာပါ။ မေမေတို့ ကလေးက နေ့တိုင်းထမင်းစားနေရဲ့သားနဲ့ ဝိတ်တက်မလာဘူးဆို အာဟာရမလုံလောက်လို့ ဖြစ်နိုင်ပါတယ်။ ကြားအချိန်မှာ အာဟာရပြည့်ဝတဲ့ သရေစာတွေ ပြင်ကျွေးကြည့်ပါ။ နို့တိုက်ကြည့်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။