backup og meta

အိန်ဂျယ်လ်ပိစိကွေးလေးတွေနဲ့ ခရီးသွားတော့မယ်ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိန်ဂျယ်လ်ပိစိကွေးလေးတွေနဲ့ ခရီးသွားတော့မယ်ဆိုရင်

    ခရီးသွားမယ် မိသားစုလိုက်ပေါ့။ ဘာတွေများလိုမှာလဲ။ အဝတ်အစားနည်းနည်းပါးပါးပဲယူသွားမယ်လို့တွေးနေလား။ လူကြီးတွေပဲဆိုရင်တော့ ခရီးသွားရင် အများကြီးသယ်သွားစရာမလိုဘူးပေါ့။ ကလေးလေးတစ်ယောက်လောက်ကို ခရီးသွားလို့ခေါ်သွားမယ်ဆိုရင်တော့ စဉ်းစားစရာတွေများလာပြီပေါ့။ ကလေးသေးသေးလေးမို့ဆိုပြီး အထင်မသေးလိုက်နဲ့နော်။ဘေဘီလေးတွေခရီးသွားရင် ထည့်သွားရမယ့် ပစ္စည်းတွေကတော်တော်လေးများပါတယ်။ဘေဘီလေးတွေနဲ့ခရီးသွားတဲ့အခါ ထည့်သွားစရာတွေက များသလို အသက်အရွယ်လိုက်ပြီး ထည့်သွားရမယ့် ပစ္စည်းတွေကွာခြားနိုင်ပါတယ်။ အိန်ဂျယ်လ်ပိစိကွေးလေးတွေနဲ့ ခရီးသွားတော့မယ်ဆိုရင် အမြဲမမေ့သင့်တဲ့စကားတစ်ရပ်က ကြိုတင်ပြင်ဆင်ပါ။ လိုအပ်တာအကုန်ယူသွားပါ။ ဆိုတာပါ။

    အိန်ဂျယ်လ်ပိစိကွေးလေးတွေနဲ့ ခရီးသွားတော့မယ်ဆိုရင် ဘာတွေယူသွားမလဲ

    ကလေးဆပ်ပြာ – ကလေးငယ်လေးတွေရဲ့ အသားအရည်က ထိခိုက်လွယ်တာမို့ လူကြီးတွေသုံးတဲ့ ဆပ်ပြာနဲ့မတိုက်ပေးမိပါစေနဲ့။ ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာရည်ကို သတိထားယူသွားပေးပါ။

    ဘေဘီရှန်ပူ – ခရီးသွားရင်ဘေဘီလေးတွေကို ခေါင်းလျှော်ပေးဖို့လိုလာတဲ့အခါလျှော်ပေးလို့ရစေဖို့အတွက် ခရီးသွားတိုင်း Baby Shampooလေးဆောင်သွားပေးနော်။

    သွားတိုက်ဆေး – ကလေးတွေရဲ့ ထွက်သစ်စ သွားလေးတွေ ကြံ့ခိုင်စေဖို့နဲ့ ခံတွင်းပြဿနာတွေကင်းစေဖို့နေ့စဉ် အသုံးပြုနေကျ သွားတိုက်ဆေးလေးကို ခရီးသွားတဲ့အခါ တစ်ပါတည်းယူသွားပါ။

    သွားပွတ်တံ – တစ်နေ့နှစ်ကြိမ်လုပ်ရမယ့် ခံတွင်းသန့်ရှင်းရေးအတွက်လိုအပ်မယ့် သွားပွတ်တံကို မမေ့မလျော့ယူသွားပေးပါ။ ကလေးကိုတွေ့ကရာသွားပွတ်တံနဲ့တိုက်ပေးလို့ မဖြစ်ဘူးဆိုတာကို မမေ့ပါနဲ့။

    ကလေးတဘက် – ကလေးရဲ့ အသားအရေနုနုနယ်နယ်လေးထိခိုက်တာမျိုး မဖြစ်စေဖို့အတွက်ရေချိုးပြီးတဲ့အခါ သုတ်ပေးရမယ့် ဘက်လေးကို ခရီးဆောင်အိတ်ထဲပါအောင်ထည့်သွားဖို့လိုပါမယ်။

    ခေါင်းဖြီးဘီး -ခေါင်းဖြီးဘီးကလည်းမေမေတို့ မဖြစ်မနေဘေဘီအတွက်ယူသွားပေးရမယ့် ပစ္စည်းလေးတစ်ခုပေါ့။ လူကြီးသုံး ဘီးတွေကဘေဘီရဲ့ ဦးရေပြားနုနုလေးကိုထိခိုက်စေမှာစိုးရတာကြောင့်ပါ။

    သေးခံ -ဘေဘီလေးခရီးစဉ်တစ်လျှောက်သက်တောင့်သက်သာဖြစ်စေဖို့အတွက် မဖြစ်မနေယူဆောင်သွာရမယ့် ပစ္စည်းတစ်ခုပေါ့။

    Baby Wipes – ကလေးကိုသန့်ရှင်းရေးလုပ်ဖို့အတွက်မေမေတို့အမြဲဆောင်ထားသင့်တဲ့ ပစ္စည်းလေးတစ်ခုပေါ့။ ခရီးသွားတဲ့အခါမှာဖြစ်ဖြစ် ခဏတဖြုတ်အပြင်သွားတဲ့အခါမှာပဲဖြစ်ဖြစ် အိတ်ထဲမှာယူသွားသင့်တဲ့အရာပါ။

    ရေမလိုလက်သန့်ဆေးရည် -ဘေဘီလေးကိုရောဂါပိုးတွေ အန္တရာယ်ကနေကာကွယ်ဖို့အတွက်ရေမလိုလက်သန့်ဆေးရည်ကို အသုံးပြုပေးရပါမယ်။ ရေလွယ်တဲ့အခါ ကိစ္စမရှိပေမယ့်ရေကိုသုံးပြီးလက်ဆေးဖို့မလွယ်တဲ့အခါရေမလိုလက်သန့်ဆေးရည်ကိုသုံးပြီး လက်ကိုဆေးကြောသန့်စင်ပေးဖို့ ခရီးဆောင်အိတ်ထဲမှာရေမလိုလက်သန့်ဆေးရည်လေး ထည့်သွားလိုက်ပါ။

    ဘေဘီ Lotionရာသီဥတုအပြောင်းအလဲဒဏ်ကြောင့် ဘေဘီလေးမှာအသားအရေထိခိုက်တာမျိုး မဖြစ်စေဖို့အတွက်ဘေဘီ Lotion ကို သယ်သွားပေးပါ။ ကလေးကိုရေချိုးသန့်စင်ပေးပြီးတိုင်း လူးပေးပါ။

    ဒါတွေအပြင် ကလေးကြိုက်တတ်တဲ့အစားအစာတွေ၊ အရုပ်နဲ့အိပ်ရာခင်း၊စောင်လိုမျိုး အရာတွေကိုလည်း လိုလိုမယ်မယ်ထည့်သွားပေးပါ။ လိုအပ်နိုင်တဲ့ဆေးဝါးတွေ ကလေးကိုနေ့စဉ်တိုက်နေရတဲ့ အားဆေးလိုမျိုးဆေးဗူးတွေကိုထည့်သွားဖို့လည်း မမေ့သင့်ပါဘူး။ ကလေးအတွက်လိုအပ်မယ့် နို့မှုန့်ဗူး၊ ချိုလိမ်အပို၊ရေဗူး၊နေရောင်ခြည်ကနေကာကွယ်ပေးနိုင်ဖို့ ဦးထုပ်၊ထီး၊ခြေအိတ်၊ ဖိနပ်နဲ့ လက်နှိပ်ဓါတ်မီး၊ အရေးပေါ်ဆေးသေတ္တာအသေးစားလိုမျိုး အရာလေးတွေကို ပါအောင်ယူဆောင်သွားပေးပါ။

    ဘေဘီလေးတွေကို ခရီးသွားရင်ဘယ်လိုဝတ်ဆင်ပေးမလဲ

    ဒါတွေပြီးရင်နောက်ထပ်စဉ်းစားရမှာတစ်ခုက ကလေးကို သွားမယ့်ခရီးစဉ်နဲ့ ကိုက်ညီအောင် ဘယ်လိုအဝတ်အစားမျိုးဝတ်ပေးမလဲဆိုတာပါ။ သွားမယ့်ခရီးကဝေးတယ်ဆိုရင် ကလေးကို သက်တောင့်သက်သာဖြစ်စေမယ့် ချည်သားအင်္ကျီလက်ရှည်ည်နဲ့ ချည်သားဘောင်းဘီရှည်လေးဝတ်ဆင်ပေးတာက ပိုအဆင်ပြေပါလိမ့်မယ်။ ဒါပေမယ့် အနွေးထည်နဲ့စောင်ပါးပါးလေးတစ်ထည်လောက်ကိုလည်း အသင့်ပြင်သွားပေးတာအဆင်ပြေမှာပါ။ တစ်ထပ်တည်း အထူကြီးဝတ်ဆင်ပေးတာက ကလေးကို စိတ်ရှုပ်စေနိုင်သလိုချွေးထွက်တာနဲ့နေရထိုင်ရမသက်မသာဖြစ်နိုင်ပါတယ်။ ဒါကြောင့်ပေါ့ပေါ့ပါးပါးဖြစ်မယ့် အဝတ်အစားလေးတွေကိုပဲ အထပ်ထပ်ဝတ်ပေးလိုက်ပါနော်။

    အခုလောက်ဆိုရင်တော့ အိန်ဂျယ်လ်ပိစိကွေးလေးနဲ့ပြည့်စုံတဲ့ခရီးစဉ်တစ်ခုဖန်တီးဖို့ပြည့်စုံလောက်ပြီထင်တယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement