backup og meta

ဘက်တီးရီးယားဆိုတိုင်း ဆိုးသလား။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘက်တီးရီးယားဆိုတိုင်း ဆိုးသလား။  ။

    ဘက်တီးရီးယားလို့ ဆိုလိုက်တာနဲ့ လူတွေကို ဒုက္ခပေးတဲ့ ရောဂါပိုးတွေအဖြစ် မှတ်ထားကြတာများပါတယ်။ လူတွေ မှတ်ထားကြသလိုပဲ ဘက်တီးရီးယားတိုင်းက ဆိုးတာလား။

    ဘက်တီးရီးယားတိုင်းက မဆိုးပါဘူး။ ဥပမာပြောရရင် စစ်တပ်နဲ့ တောခိုနေတဲ့ သူပုန်တွေလိုပေါ့။ နှစ်ဘက်လုံးကတော့ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်နေပေမယ့် တစ်ဘက်က တိုင်းပြည်ကို အကျိုးပြုတာ တစ်ဘက်ကဆိုးကျိုးတွေပေးတာ။ နောက်ဆုံးကျ သူတို့ပဲ အချင်းချင်းပြန်တိုက်ရတာပဲ။

    ဆိုးတဲ့ ဘက်တီးရီးယားတွေဆိုတာ ကိုယ်ခန္ဓာပြင်ပက ဘက်တီးရီးယားတွေကို ပြောတာပါ။ အပြင်က ဝင်လာတာမဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ နဂိုတည်းက ရှိနေတဲ့ ဘက်တီးရီးယားတွေရှိပါတယ်။ သူတို့ကတော့ အကျိုးပြု ဘက်တီးရီးယား ( Probiotics) တွေပါ။ အပြင်က ဝင်လာတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ဖို့ သူတို့က တာဝန်ယူရပါတယ်။ ကိုယ်တွင်းစစ်တပ်ကြီးပေါ့။

    အကျိုးပြု ဘက်တီးရီးယား ( Probiotics) ဆိုတာဘာလဲ ။ ။

    အကျိုးပြု ဘက်တီးရီးယား ( Probiotics) တွေဟာ အူလမ်းကြောင်းမှာ အခြေချနေထိုင်တဲ့ ဘက်တီးရီးယား အုပ်စုတွေပါ။ ဒီ Probiotics တွေဟာ အစာခြေစနစ်ကြီး ကျန်းမာဖို့အဓိက တာဝန်ယူရပြီး စားလိုက်တဲ့အစားအစာတွေကို ခြေဖျက်ဖို့နဲ့ နုနယ်သေးတဲ့ကလေးရဲ့ အူလမ်းကြောင်းထဲ ပြင်ပကဝင်လာတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်ဖို့အတွက် သူတို့ က မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။

    အပြင်က မကောင်းတဲ့ ဘက်တီးရီးယားတွေကို နိုင်ဖို့အတွက် ဒီကိုယ်တွင်းစစ်တပ်ကြီးက အကျိုးပြု ဘက်တီးရီးယား ( Probiotics) တွေ အားအင်ပြည့်ဝနေဖို့လိုပါတယ်။ ဒီလို အားရှိနေမှ ကျန်းမာတဲ့ ကိုယ်ခန္ဓာဖြစ်အောင် သူတို့က စောင့်ရှောက်ပေးမှာကိုး။ ဒီတော့ အကျိုးပြု ဘက်တီးရီးယား( Probiotics) တွေအားရှိဖို့အတွက် သူတို့အစာဖြစ်တဲ့ အကျိုးပြု ဘက်တီးရီးယားအာဟာရ ( Prebiotics ) တွေလိုအပ်ပါတယ်။

    အကျိုးပြု ဘက်တီးရီးယားအာဟာရ ( Prebiotics ) ဆိုတာ ဘာလဲ ။ ။

    အကျိုးပြု ဘက်တီးရီးယား( Probiotics ) တွေ အတွက် lcFOS လို Prebioticsတွေလိုအပ်ပါတယ်။ Prebiotics ဆိုတာ အူထဲမှာချေဖျက်စုပ်ယူလို့မရပေမယ့် အစာခြေလမ်းကြောင်းထဲမှာကျန်ရှိနေပြီး အူတွင်းဘက်တီးရီးယားတွေအတွက် အာဟာရအဖြစ်ထောက်ပံ့ပေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ သို့မဟုတ် အမျှင်ဓါတ် တွေဖြစ်ပါတယ်။ lcFOS ဆိုတာ prebiotic တစ်မျိုးဖြစ်တဲ့long chain fructo-oligosaccharides ရဲ့ အတိုကောက်ဖြစ်ပါတယ်။ မိခင်နို့ နဲ့ နို့မှုန့်တချို့မှာ ပါရှိတဲ့ lcFOS က ကလေးရဲ့အူမကြီးအတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်ပဲ ကလေးတွေမှာ ဝမ်းမှန်စေပြီး မွေးကင်းစအရွယ်ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒ့ါအပြင် Prebioticsတွေက အစာချေဖျက်နိုင်စွမ်းနဲ့ အာဟာရနဲ့သတ္တုဓါတ်တွေစုပ်ယူနိုင်စွမ်းကိုကောင်းမွန်စေတဲ့အပြင် ခွန်အားတိုးစေပြီး ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။

    ဒီတော့ခိုင်းနှိုင်းပြောရရင် ရှေ့တန်းရောက်နေတဲ့ စစ်သား အကျိုးပြု ဘက်တီးရီးယား( Probiotics ) တွေကို ရိက္ခာတွေ ဖြစ်တဲ့ အကျိုးပြု ဘက်တီးရီးယားအာဟာရ ( Prebiotics ) တွေ ပို့ပေးရသလိုပေါ့။ ဒီနေရာမှာ ရိက္ခာပို့ဖို့တာဝန်ယူတဲ့သူဟာ မေမေတို့ ဖြစ်သွားပါပြီ။

    ဒီလို ( Prebiotics ) တွေကို ဘယ်ကနေရသလဲ ။ ။

    ( Prebiotics ) တွေကို ဂျုံပြောင်းနှံတွေ၊ သစ်သီး၊ အသီးအရွက်တွေနဲ့ တခြားအမျှင်ဓာတ်များတဲ့အစားအစာတွေကနေ ရရှိနိုင်တယ်ဆိုပေမယ့် ဒီဓာတ်ဟာ မိခင်နို့မှာ ပါဝင်ပြီးသားဖြစ်တာကြောင့် ကလေးတွေအတွက်ကတော့ မိခင်နို့ကနေပဲ အဓိက ရမှာပါ။ ဒါဆို မိခင်နို့မသောက်ရတဲ့ ကလေးတွေဆို ဘယ်လိုလုပ်မလဲ။ ။

    မိခင်နို့မသောက်ရတဲ့ကလေးတွေဆိုတော့ သူတို့အတွက် အာဟာရက အာဟာရဖြည့်စွက်နို့မှုန့်တွေကနေ အဓိက ရတာကြောင့် lcFOS လို Prebioticsပါတဲ့ နို့မှုန့် တွေကို ကလေးကိုရွေးချယ်တိုက်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှ ကလေး အစာခြေစနစ်အတွက် စိတ်ချရပြီး အပြင်က ရောဂါပိုးတွေလည်း မဝင်နိုင် ခုခံအားလည်း ကောင်းလာမှာ ဖြစ်ပါတယ်။

    ဒီတော့ အချုပ်ပြန်ပြောရရင် ကောင်းတဲ့ဘက်တီးရီးယားတွေလည်း ရှိသေးတာကြောင့် ဘက်တီးရီးယားတိုင်းက လူဆိုးမဟုတ်ပါဘူး။ ရှင်သန်ပေါက်ဖွားရတဲ့ နယ်မြေပေါ်မူတည်ပြီး အကောင်းနဲ့ အဆိုး ကွဲပြားသွားတာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆိုးတဲ့ဘက်တီးရီးယားတွေကို နှိမ်နင်းဖို့အတွက် ကောင်းတဲ့ဘက်တီးရီးယားတွေရှိဖို့လိုအပ်တာကြောင့် သူတို့ရဲ့ အာဟာရဖြစ်တဲ့ Prebiotics ( အကျိုးပြုဘက်တီးရီးယားအာဟာရ) ကလည်း အရေးကြီးတယ်နော်။ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement