ဖျားခြင်းသည် ရောဂါပိုးများကို သတ်ပေးနိုင်သောကြောင့် ကလေး ကိုယ်ပူ လာသည်အခါ ဆရာဝန် ခေါ်သင့်၊ မခေါ်သင့် သင် စဉ်းစားရကြပ်နေနိုင်သည်။ ပူသည့်ပမာဏ ဘယ်လောက် များပါစေ စိတ်ပူရမည် မဟုတ်ပါ။ သို့သော် အပြင်းဖျားလျှင် အန္တရာယ် ရှိ၏။ အထူးသဖြင့် တစ်နှစ်အောက် ကလေးများတွင် စိုးရိမ်ရသည်။ မိဘများက ကလေး၏ သာမိုမီတာကို ကြည့်နေမည့်အစား ကလေး အခြေအနေနဲ့ ပြုမူပုံများကို စောင့်ကြည့်သင့်ပါသည်။ အခုတစ်ခေါက်တော့ ဖျားနေတဲ့ကလေး ကိုယ်ပူအမြန်ကျစေဖို့ နည်းလမ်းများ ကို မျှဝေပေးချင်ပါတယ်။
ဖျားနေတဲ့ကလေး ကိုယ်ပူအမြန်ကျစေဖို့ နည်းလမ်းများ
ဖျားနေတဲ့ကလေး ကိုယ်ပူအမြန်ကျစေဖို့ နည်းလမ်းများ ကတော့
- ကလေးက တက်တက်ကြွကြွ၊ အစားလည်းဝင်၊ အရည်လဲ ကောင်းကောင်း သောက်ပြီး အထူးသဖြင့် ဆီးသွားလျှင်လည်း ပုံမှန် ဆိုပါက ဆေးမလိုပါ။ ကလေး ကိုယ်ပူ ချိန်ကျစေရန် စောင်များဖြင့် ခြုံနေမည့်အစား ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပေးသင့်၏။
- ကောင်းကောင်း အနားယူခိုင်းပါ။ ရေပတ် တိုက်ပေးပါ။ မအေးတော့သည်နှင့် အဝတ်ကို လဲပြီး အုပ်ပေးရမည်။ ကလေး မကြိုက်ရင် အတင်းအကျပ် ရေပတ် မတိုက်ပါနဲ့။
- ကလေး ပတ်ဝန်းကျင်ရှိ လေဝင်လေထွက် ကောင်းရန် ပန်ကာကို အနိမ့်ဆုံး နှုန်းအတိုင်း ထားပြီး ဖွင့်ပေးနိုင်ပါသည်။
- ဖျားနေသော ကလေးကို ရေချိုးပေးနိုင် ပါသည်။ ရေသည် မအေးလွန်း မပူလွန်းဘဲ ကျက်သီးနွေး ဖြစ်မှ ခန္ဓာကိုယ် အပူချိန် ကျမည်ဖြစ်သည်။ အေးလွန်းသော ရေသည် ခန္ဓာကိုယ် တုန်ခိုက်ရာမှ ကလေး၏ ကိုယ်တွင်း အပူချိန် များလာနိုင်သောကြောင့် ဒီနည်းကတော့ သိပ်အထောက်အကူ မပြုပါ။
- ရေ လုံလုံလောက်လောက် သောက်ရန်နှင့် အေးသည့် အစာများ စားခိုင်းပါ။ ဒါမှ ခန္ဓာကိုယ် အတွင်းအပြင် အေးသွားစေနိုင်ပြီး အရည်ဓာတ် ပြည့်ဝနေ ပါလိမ့်မည်။
- အခန်းကို ခြောက်သွေ့ပြီး အေးနေပါစေ။ ပူလျှင် ပိုဖျားတတ်ပြီး ချွေး အလွန် ထွက်ခြင်းက ကလေးကို ရေဓာတ် ခမ်းစေပါသည်။
ကိုယ်ပူ ကျဆေး
ပါရာစီတမောသည် အဖျားကိုချပေး၏။ သို့သော် ကလေးများအတွက် ကိုယ်အလေးချိန်နှင့် အသက်အရွယ်ပေါ်လိုက်ပြီး ဆေးပမာဏကွဲပါသည်။
ထို့ကြောင့် ကလေးအထူးကုနှင့် အရင်ဆွေးနွေးပါ။ ဆေးတွင်ပါသော ဆေးပမာဏအညွှန်းကို သေသေချာချာဖတ်ပါ။ အဖျားချဆေးနှင့်အတူ ဆေးချိန်သည့်ကိရိယာပါ ပါတတ်သောကြောင့် ဆေးကို မှန်ကန်စွာချိန်နိုင်ပါသည်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြရမလဲ။
အသက်သုံးလအောက် ကလေး ကိုယ်ပူနေပြီဆိုပါက ဆရာဝန်နှင့်ပြပါ။ အသက် ၃-၅ လကလေးများသည် အပူချိန် ၁၀၁ ဒီဂရီ (၃၈ စင်တီဂရိတ်) နှင့်အထက်ဆိုပါက ဆရာဝန်ဆီ ချက်ချင်းပြပါ။ ၆ လထက်ကြီးသောကလေးများတွင် ၁၀၂ ဒီဂရီ (၃၉ စင်တီဂရိတ်) နှင့်အထက် ဆိုလျှင် ပြပါ။
ကလေးအသက် ဘယ်အရွယ်ဖြစ်ပါစေ။ ပြင်းထန်သည့် ပိုးကူးစက်မှုလက္ခဏာများဖြစ်သော အသက်ရှူကျပ်ခြင်း သို့မဟုတ် အရေပြားတွင် ခရမ်းရောင်ကွက်များထခြင်းတို့ကို မိဘမှ သတိပြုမိသည်နှင့် ဆရာဝန်ဆီ ချက်ချင်းပြသပါမည်။
[embed-health-tool-vaccination-tool]