home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

တီဘီဆေးသောက်နေစဉ် ကလေးအာဟာရကို ဂရုစိုက်ကြမယ်

တီဘီဆေးသောက်နေစဉ် ကလေးအာဟာရကို ဂရုစိုက်ကြမယ်

အဆုတ်တီဘီဆိုတာ ဘာလဲ။

လေထဲကတစ်ဆင့် အသက်ရှူလမ်းကြောင်းတွင်းသို့ ဘက်တီးရီးယားပိုး ကူးစက်ရာမှ ဖြစ်ပွားပြီး လူကြီး၊ လူငယ်မရွေး ကလေးတွေမှာလည်းတော်တော်လေး အဖြစ်များလာတာကိုတွေ့ရပါတယ်။ ကူးစက်ခံရတဲ့ ကလေးရဲ့ ကိုယ်ခံအားပေါ်မူတည်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း အဆုတ်တီဘီ ဖြစ်နိုင်ပါတယ်။ အဆုတ်ထဲမှာ ရှိတဲ့ တစ်ရှုးတွေကို အဓိကတိုက်ခိုက်ပြီး ဦးနှောက်၊ ကျောရိုးနဲ့ တခြားကိုယ်တွင်းအင်္ဂါတွေထိပါ အလွယ်တကူ ပျံ့နှံ့သွားနိုင်ပါတယ်။ သေချာကုသမှုမခံယူဘူး၊ ဆေးကို ပုံမှန်မသောက်ဘူး၊ အစာအာဟာရကို ဂရုမစိုက်ဘူးဆိုရင်တော့ ရောဂါအခြေအနေဟာ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့အထိ ဆိုးရွားလာနိုင်ပါတယ်။

ဘာလို့ ကလေးတွေမှာ တီဘီဖြစ်နိုင်ခြေ များတာလဲ။

ကလေးတွေဆိုတာ မျက်စိထဲမြင်တဲ့ ဘယ်အရာဝတ္ထုကိုမဆို သွားကိုင်ကြည့်တာ သဘာဝပါပဲ။ မကြာခဏ လက်ဆေးဖို့ မေ့တာ၊ မသန့်ရှင်းတဲ့ လက်နဲ့ မျက်နှာကိုင်တာ၊ နှာခေါင်းပွတ်တာ၊ အစာစားတာတွေ လုပ်တတ်တာဆိုတော့ တီဘီပိုးကူးစက်နိုင်ဖို့ ပိုလွယ်ကူတာပေါ့။

  • အာဟာရဓါတ်ချို့တဲ့တဲ့ ကလေးတွေ
  • ပိန်ညှက်နေပြီး ကိုယ်အလေးချိန် နည်းနေတဲ့ ကလေးတွေ
  • ကိုယ်ခံအားစနစ် အားနည်းတဲ့ ကလေးတွေ
  • လက်ကို သေချာမဆေးဘဲ နှာခေါင်း၊ မျက်နှာကို မကြာခဏ ပွတ်သပ်ကိုင်တွယ်တတ်တဲ့ ကလေးတွေမှာ တခြားကလေးတွေထက် ကူးစက်နိုင်ခြေ ပိုများပါတယ်။

ဒီဘက်ခေတ်ထဲမှာ အဆုတ်တီဘီကို ထိရောက်စွာ ကုသလို့ ရတဲ့ ဆေးတွေလည်း အလွယ်တကူရနိုင်ပြီဖြစ်လို့ မိဘတွေလည်း နည်းနည်းတော့ စိတ်အေးရမှာပါ။ ဒါပေမယ့် ဝေဒနာ မပျောက်ကင်းသွားခင်အထိ ကလေးရဲ့ နေ့စဉ် အစာအာဟာရကို ပြည့်ဝအောင် ကျွေးပေးဖို့တော့ လိုပါတယ်။

တီဘီဆေးတွေက ရောဂါပိုးကို တိုက်ဖျက်နေစဉ်မှာ မိဘတွေ ကျွေးလိုက်တဲ့ အစားအစာမှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေဟာ ကလေးရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်။ ဒီအခါမှာ ရောဂါဝေဒနာ သက်သာစေဖို့နဲ့ အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ ကူညီပေးနိုင်တာပေါ့။

တီဘီဆေးသောက်နေတဲ့ ကလေးကို ဘယ်လိုအစားအစာတွေ ကျွေးပေးမလဲ။

ကလေးက တီဘီဆေးသောက်နေရပြီဆိုရင် မေမေတွေအနေနဲ့ ဒီအစာအာဟာရတွေကို အဓိက ကျွေးပေးဖို့ အရေးကြီးပါတယ်။

၁။ ဗီတာမင် အေ၊ စီ၊ အီးပါဝင်တဲ့ အစားအစာတွေ

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ကလေးကျန်းမာဖို့နဲ့ ကိုယ်ခံအားစနစ် ကောင်းစေဖို့ ဗီတာမင်အာဟာရတွေ အများအပြားပါဝင်ပါတယ်။ အထူးသဖြင့် အချဉ်ဓါတ်များတဲ့ လိမ္မော်သီး၊ သရက်သီး၊ မာလကာသီးလို အသီးအနှံတွေ၊ ရွှေဖရုံသီး၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး အစရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေကနေ ဗီတာမင် အေ၊ စီ၊ အီး ဓါတ်တွေ ရရှိနိုင်ပါတယ်။

၂။ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေ

ပြင်းထန်တဲ့ တီဘီရောဂါနဲ့ သူ့ကိုတိုက်ဖျက်ဖို့ ဆေးဝါးတွေ သောက်နေရချိန်မှာ ကိုယ်ခံအားနည်းသေးတဲ့ ကလေးတွေအတွက်တော့ ကိုယ်အလေးချိန်တွေပါ ကျပြီး တော်တော်လေးကို အားနည်းပြီး ပျော့ခွေနေမှာပါ။ ဒီအတွက် ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကို များများကျွေးပေးဖို့လည်း လိုတယ်နော်။ ပရိုတင်းဓါတ်ဟာ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ အားအင်တွေကို ဖြည့်တင်းပေးနိုင်တယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါဝေဒနာကို အမြန်ဆုံးသက်သာစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ကလေး တီဘီဆေးသောက်နေရပြီဆိုရင် ပရိုတင်းကြွယ်ဝတဲ့ အသား၊ ငါး၊ ဥ၊ ပဲနို့၊ နွားနို့တွေ ကျွေးပေးဖို့ အရေးကြီးပါတယ်။

၃။ ဇင့်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ

ဇင့်ဓါတ်ဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်။ တီဘီရောဂါကြောင့် အားနည်းပြီး နုံးချိနေတဲ့ ကလေးတွေအတွက် ဇင့်ဓါတ်အများဆုံး ပါဝင်တဲ့ အစေ့အဆန်တွေအပြင် အသား၊ ငါး၊ ပင်လယ်စာတွေကို သေချာကျွေးမွေးဖို့ လိုအပ်ပါတယ်။

၄။ ဗီတာမင် ဘီ အုပ်စု

ဗီတာမင် ဘီ အုပ်စုနဲ့ အမျှင်ဓါတ်ေတွဟာ ကလေးတွေအတွက် အစာကြေလွယ်စေတယ်။ မောပန်းပြီး လေးလံထိုင်းမှိုင်းနေတာကို ပြေပျောက်စေပြီး ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်ပေးနိုင်လို့ ကလေးကို လန်းဆန်းတက်ကြွစေတယ်။ ဂျုံကြမ်းပေါင်မုန့်၊ အစေ့အဆန်၊ ငါးနဲ့ ကြက်သားတွေမှာ ဗီတာမင် ဘီအုပ်စုအပြင် တီဘီဆေးသောက်နေရတဲ့ ကလေးတွေအတွက် လိုအပ်တဲ့ အမျှင်ဓါတ်၊ သတ္တုဓါတ်တွေ ပါဝင်ပါတယ်။

ကလေးကို ပြုစုစောင့်ရှောက်မယ့် မေမေတွေအနေနဲ့ ဘာတွေသိထားဖို့ လိုမလဲ။

ရောဂါဒဏ်ရော၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ကလေးမှာလည်း ဝေဒနာတော်တော်ခံစားနေရမှာပါ။ ကိုယ်အလေးချိန်တွေလည်း ကျသွားမယ်။ ခံတွင်းပျက်ပြီး အစာစားချင်စိတ် မရှိတာ၊ မူးဝေအော့အန်တာ၊ ဗိုက်အောင့်တာတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် တီဘီဖြစ်နေတဲ့ ကလေးအတွက် ရောဂါဝေဒနာကို သက်သာစေဖို့နဲ့ ကိုယ်ခံအားမြှင့်တင်ပေးဖို့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို မေမေတွေကိုယ်တိုင် ဂရုစိုက်ပြီး ချက်ပြုတ်ကျွေးမွေးသင့်ပါတယ်။ ဆေးတိုက်တဲ့အခါမှာလည်း ဆရာဝန်ပြောထားတဲ့ ဆေးညွှန်းအတိုင်း နေ့စဉ်မပျက်မကွက် တိုက်ပေးဖို့ လိုပါတယ်။

ကလေးကို ပြည့်ဝစွာ အိပ်စက်အနားယူခိုင်းပါ။ ပင်ပန်းတဲ့ အလုပ်တွေ သိပ်မခိုင်းဘဲ နားနားနေနေ နေခိုင်းပါ။ ကလေးကို လူအရမ်းများတဲ့ နေရာတွေ ခေါ်သွားတာမျိုး၊ ကျောင်းသွားတက်ခိုင်းတာမျိုး ရှောင်ပေးပါ။ တီဘီရောဂါပိုးဟာ တခြားကလေးတွေကိုပါ လေထဲကတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲသို့ အလွယ်တကူဝင်ရောက်ပြီး ကူးစက်နိုင်တဲ့အတွက် အပြင်သွားမယ်ဆိုရင် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပေးပြီးမှ ထွက်ပေးပါ။

ဆရာဝန်နဲ့ ချိန်းထားတဲ့ရက်မှာ မပျက်မကွက် သွားရောက်စစ်ဆေးပါ။ ကိုယ့်ကလေးရဲ့ ကျန်းမာရေးအခြေအနေကို မိဘတွေအနေနဲ့ အမြဲစောင့်ကြည့်နေမှ မလိုလားအပ်တဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပြီး ကလေးကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာနိုင်မှာ ဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 12/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။