backup og meta

ရာသီအကူးအပြောင်းမှာ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီအကူးအပြောင်းမှာ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာများ

    မိုးဦးတော့ကျလာခဲ့ပါပြီ။ မိုးနဲ့အတူ ကူးစက်ရောဂါတွေ၊ မှိုရောဂါတွေ၊ အရေပြားရောဂါတွေ၊ ကာလဝမ်းလို၊ တုပ်ကွေးလို ရောဂါတွေလည်း ကပ်လျက်လိုက်ပါလာကြပါတော့မယ်။ မိမိရဲ့ နေအိမ်မှာ ကလေးတွေ ရှိတယ်ဆိုရင် ဒီကာလဟာ မိဘတွေအတွက်တော့ ရင်ပူစရာကာလတစ်ခုပါပဲ။ ရာသီအကူးအပြောင်းမှာ ဖျားတာနာတာမျိုးက ကလေးတွေမပြောနဲ့ လူကြီးတွေမှာတောင် ဖြစ်တတ်တာမျိုးမဟုတ်လား။

    ခုလိုကာလမျိုးမှာ ရင်သွေးတွေကို စားတာသောက်တာ နေတာထိုင်တာကအစ ဂရုတစိုက်ရှိနေဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့ အစားအသောက်ပါပဲ။

    ကလေးတွေ ရဲ့ နုနယ်တဲ့ အစာအိမ်လေးတွေဟာ အစာပေါင်းစုံကို လက်ခံနိုင်စွမ်းမရှိပါဘူး။ ခုလို ရာသီအကူးအပြောင်းတွေမှာ ကိုယ်ခံအားပိုနည်းနေနိုင်တာမို့ အဖျားအနာပိုဖြစ်နိုင်ပါတယ်။ လူတိုင်းနီးပါးရဲ့ ကျန်းမာရေးပြဿနာတွေမှာ အစာအိမ်က ရာခိုင်နှုန်းတော်တော်များများ အရေးပါနေတတ်တယ်မဟုတ်လား။

    ဒါကြောင့် ဒီလို ရာသီအကူးအပြောင်းကာလတွေမှာ ရင်သွေးတွေကို မကျွေးမွေးပဲ သတိထား ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကို ဖော်ပြချင်ပါတယ်။

    ရာသီအကူးအပြောင်းမှာ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာများ

    ရာသီအကူးအပြောင်းမှာ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာများ ကတော့

    ၁။ အဆီကြော်တွေ

    အဆီများတာတွေ၊ ဆီကြော်မုန့်တွေဟာ လူကြီးတွေကိုသာမက ကလေးတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အဆီများပြားမှုကြောင့် အစာခြေဖျက်မှုကိုနှေးကွေးစေပြီး လူကိုလည်း ထိုင်းမှိုင်းလေးလံစေနိုင်ပါတယ်။ အစာခြေစနစ် ချို့ယွင်းတာနဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ဟာလည်း အားနည်းလာတတ်တာကို မမေ့သင့်ပါဘူး။

    ၂။ ရေခဲချောင်း၊ ရေခဲမုန့်လို အအေးစာများ

    မိုးကအေးပါတယ်ဆိုမှ ရေခဲချောင်းလိုအရာတွေစားရင် ကျန်းမာရေးထိခိုက်နိုင်တာ မိဘတိုင်း သိကြပါတယ်။ ဒါပေမယ့် ကလေးတွေ ရဲ့ အတွေးမှာတော့ ဒီလိုမဟုတ်ပါဘူး။ ချိုချိုအေးအေးမုန့်လေးတွေက သူတို့ စားချင်တဲ့အချိန်တိုင်းမှာ အရသာရှိပြီး စွဲဆောင်မှုရှိနေမှာမို့ မဖြစ်မနေတားဆီးသင့်ပါတယ်။

    ၃။ ငါးနဲ့ ပင်လယ်စာ

    ခုလို မိုးဝင်ကာစအချိန်တွေက စိုထိုင်းစများပြီး မိုးခဏခဏ ရွာသွန်းချိန်မျိုးပါ။ နောက်ပြီး ငါးမျိုးစိတ်တွေရဲ့ သားပေါက်ချိန်လည်းဖြစ်ပါတယ်။ ခုလိုအချိန်မျိုးမှာ ငါးတချို့နဲ့ ပင်လယ်စာတချို့မှာ အရသာပြောင်းလဲနေတတ်တာကနေစလို့ သက်ရောက်မှုအများအပြားရှိနေတတ်ပါတယ်။ တစ်ခါတရံမှာ ကလေးတွေကို ဓာတ်မတည့်တာနဲ့ အစာခြေဖျက်ရခက်တာတွေဖြစ်နိုင်ပါတယ်။

    ဒါပေမယ့် ငါးက ကလေးတွေ အတွက် လိုအပ်တဲ့အာဟာရတွေ  ပါဝင်နေတာကြောင့် ကျွေးမယ်ဆို လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ပြီး နည်းနည်းစီ ကျွေးနိုင်ပါတယ်။

    ၄။ အငန်ဓာတ်များတဲ့ အစားအစာများ

    ဆား၊ အငန်ဓာတ်များတဲ့ အစားအစာတွေကို စားမိတဲ့အခါ နှေးကွေးလေးလံတာနဲ့ အရေပြားခြောက်သွေ့တာတွေဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဒီလိုကာလမျိုးတွေမှာပေါ့။ ရေဓာတ်ဆုံးရှုံးတာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အငန် အစားများရင် ရေခဏခဏ ဆာတာပေါ့။

    ၅။ သရက်သီး

    သရက်သီးဟာ ဒီကာလရဲ့ ရာသီပေါ် အစားအစာပါ။ လူတိုင်းနီးပါး သရက်သီးကို အားရပါးရစားတတ်ကြပါတယ်။ ကလေးတွေ လည်း နှစ်သက်ကြပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတာကို မမေ့သင့်ပါဘူး။ သရက်သီး အလွန်အမင်းစာတာဟာ ဝမ်းလျှောတာနဲ့ မိတ်ဖု၊ ဝက်ခြံစတာတွေ ဖြစ်ပေါ်စေနိုင်တာကို မမေ့သင့်ပါဘူး။

    ၆။ နို့နဲ့ နို့ထွက်ပစ္စည်းများ

    ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်တာကို သတိထားသင့်ပါတယ်။ ရာသီဥတုအခြေအနေကြောင့်လည်း ထိန်းသိမ်းရတာ အခက်တွေ့နိုင်ပါသေးတယ်။ သေသေချာချာ ပိုးသတ်ထားတဲ့ နို့တွေလောက်ပဲ တိုက်သင့်ပါတယ်။

    ၇။ အချိုရည်

    အချိုရည်ကတော့ တကယ်တမ်းအားဖြင့် ဘယ်လိုရာသီဥတုမျိုးမှာမဆို ရင်သွေးတွေကို မတိုက်ကျွေးတာအကောင်းဆုံးဖြစ်ပါတယ်။ အချိုရည်တွေဟာ ရင်သွေးတွေကို အကျိုးပြုတဲ့အာဟာရဓာတ်တွေ ပါဝင်ခြင်းမရှိသလို အစာခြေစနစ်ကို နှောင့်ယှက်နိုင်ပြီး ကလေးကို ပိုမိုအားနည်းသွားစေတတ်ပါတယ်။ အခန့်မသင့်ရင် ဖျားစေနာစေနိုင်ပါတယ်။ သဘာဝမဟုတ်တဲ့ သကြားဓာတ်ပါတဲ့ အချိုရည်တွေဟာ ကလေးတွေအတွက် အန္တရာယ်ပါ။

    ၈။ အသုပ်စုံ

    မိုးရာသီမှာ အသုပ်စုံစားရင် ဝမ်းလျှော တတ်တယ်ဆိုတဲ့ မြန်မာ အယူအဆတစ်မျိုးရှိပါတယ်။ လက်သုပ်စုံတွေဟာ မသန့်ရှင်းတဲ့အခါ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတာပါ။ လက်သုပ်စုံတွေသာမက သစ်သီးသစ်ရွက်သုပ်တွေ ကျွေးမွေးရင်လည်း စနစ်တကျစင်ကြယ်အောင် ဆေးကြောနိုင်ဖို့ ဂရုပြုရမှာဖြစ်သလို လမ်းဘေးစာတွေ ကျွေးမွေးတာမျိုးတွေကိုလည်း မပြုလုပ်ဖို့ သတိထားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement