မိဘ ဖြစ်ရတာဟာ စိတ်လှုပ်ရှားစရာကောင်းပြီး တော်တော်လည်း တာဝန်ကြီးတဲ့ကိစ္စတစ်ခုပါ။ ကိုယ်နေမကောင်းဖြစ်ရင်တောင် တုန်လှုပ်မနေတတ်ပေမယ့် ကိုယ့်ကလေးက ပုံမှန် မဟုတ်ဘူးလို့ ထင်လိုက်တာနဲ့ တုန်လှုပ်သွားတတ်ကြတာ မိဘတိုင်းပါ။ သားဦးလေးမွေးထားရင်ပိုဆိုးတာပေ့ါ။ ကလေးကလည်းငယ်သေး ကိုယ်ကလည်းအတွေ့အကြုံမရှိသေးတော့ ကိုယ့်ကလေး တစ်ခုခုဖြစ်နေမှာ စိတ်ပူနေရတယ်လေ။ ဒီဆောင်းပါးလေးထဲမှာတော့ မေမေတို့ စိတ်ပူကြတဲ့ မွေးကင်းစ အရွယ်ကလေးတွေမှာ ဖြစ်တဲ့ ခြေဖျားလက်ဖျားအေးတဲ့ အကြောင်းတွေနဲ့ ဘယ်လို သက်သာအောင် လုပ်ပေးရမလဲဆိုတာကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။
မွေးကင်းစ ကလေးတွေမှာ ခြေဖျားလက်ဖျားအေးတာ ဘာကြောင့်ဖြစ်ရတာလဲ ။ ။
သွေးလည်ပတ်မှု – မွေးကင်းစ ကလေးတစ်ယောက်ရဲ့ သွေးလည်ပတ်မှု စနစ်ကြီးက တစ်ကိုယ်လုံးကို သွေးတွေ အလုံအလောက်ပေးပို့နိုင်ဖို့အတွက် ခုမှ လေ့လာနေရတုန်းဖြစ်တာကြောင့် အရေးကြီးတဲ့ နှလုံး၊အဆုတ်၊ ဦးနှောက်တို့ဆီ သွေးတွေ အလုံအလောက်ရောက်ပေမယ့် ခြေဖျားလက်ဖျားတွေဆီတော့ သွေးတွေ လုံလောက်အောင် မပို့ပေးနိုင်သေးတာကြောင့် ကလေး သေးသေးလေးတွေရဲ့ ခြေဖျားလက်ဖျားတွေ အေးစက်ရတာဖြစ်ပါတယ်။
အဝတ်အစား – အဝတ်အစားကလည်း ကလေးတစ်ယောက်ရဲ့ ကိုယ်အေးခြင်း နွေးခြင်းပေါ်မှာအများကြီးသက်ရောက်နေတဲ့ အရာတစ်ခုပါ။ ဒီလိုသက်ရောက်တယ်ဆိုပြီး ကလေးကို အဝတ်တွေ၊ စောင်တွေ အထပ်ထပ်ပတ်ထားပေးရမယ်လို့ မဆိုလိုပါဘူး။ လူကြီးတွေဝတ်စားသလိုပဲ ကလေးကို ဝတ်ပေးပါ။ ဦးခေါင်းမှာ ဦးထုပ်လေးတွေ ဆောင်းထားပေးပါ။ ကလေးခြေဖျားတွေ အေးစက်နေတယ်ဆိုပေမ့ယ် ပန်းရောင်သန်းနေသေးတယ်ဆိုရင်တော့ စိတ်ပူစရာ မရှိပါဘူး။
ကိုယ်အပူချိန် – ကလေးက လုံလုံခြုံခြုံလည်း ဝတ်ထားပါရက်နဲ့ ခြေဖျားလက်ဖျားတွေ အေးစက်နေသေးလို့ စိတ်ထဲမှာ မတင်မကျဖြစ်နေရင် ကလေးရဲ့ စအိုတွင်း အပူချိန်ကို သာမိုမီတာနဲ့တိုင်းကြည့်ပါ။ မွေးကင်းစကလေးတစ်ယောက်ရဲ့ စအိုတွင်း အပူချိန်ဟာ ၁၀၀.၂ ဒီဂရီ ဖာရင်ဟိုက်အောက်နည်းနေသင့်ပါတယ်။ တိုင်းလိုက်လို့ ကလေးစအိုတွင်းအပူချိန်က ၉၇.၆ ဒီဂရီ ဖာရင်ဟိုက်အောက် နည်းနေပါက ကလေးအပူချိန်ကျပြီးကလေးအေးနေတယ်လို့ ယူဆရတဲ့အတွက်ကြောင့် စောင်ထပ်ခြုံပေးထားပါ။
ရာသီဥတု – ဆောင်းလို အေးချမ်းတဲ့ ရာသီမျိုးမှာ ကိုယ်လို လူကြီးတွေတောင် အေးနေတာ မွေးကင်းစကလေးတွေဆို ပိုလို့တောင် ဆိုးသေးတာပေ့ါ။
ဘယ်အချိန်ဆို စိတ်ပူသင့်သလဲ ။ ။
မွေးကင်းစ ကလေးတွေမှာ ခြေဖျားလက်ဖျား အေးတာပုံမှန်ဖြစ်တတ်ပေမယ့် ကလေးဆီမှာ ကြီးကြီးမားမားပြဿနာ တစ်ခုခုရှိလို့ အေးစက်နေတာလည်း ဖြစ်နိုင်ပါတယ်။ ခြေဖျားလက်ဖျားအေးစက်တာဟာ ပြင်းထန်တဲ့ ရောဂါတွေဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင်တာရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ စိုးရိမ်ရတဲ့ ဦးနှောက် အမြှေးပါးရောင်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ။ ။
- ခြေဖျားလက်ဖျားတွေ အေးစက်နေတဲ့အပြင်
- ငယ်ထိပ်လေးကဖောင်းနေတာ
- ကလေးက ဂျီကျနေတာ
- အသက်ရှူမြန်နေတာ
- လည်ပင်းတွေ၊ ဇက်တွေတောင့်နေတာ
- အစားလည်း မစားဘဲ တစ်ချိန်လုံးအန်နေတာ
- ကိုယ်ပူတာ
- ကလေးက အရမ်းနုံးနေတာမျိုးပါတွဲရှိနေရင်တော့ ဦးနှောက် အမြှေးပါးရောင်တာဖြစ်နိုင်တဲ့အတွက် နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားစေချင်ပါတယ်။
ဒါဆိုလက်ဖျားခြေဖျားတွေ အေးနေတဲ့ ကလေးကို ဘယ်လို ဂရုစိုက်သင့်သလဲ ။ ။
အဓိက ကတော့ အဝတ်အစားပါ။ ချည်သားအင်္ကျီကို သုံးပါ။ ကလေးကို လုံလုံခြုံခြုံဝတ်ပေးပါ။ အေးနေတဲ့ ခြေဖျားလက်ဖျားလေးတွေကို နှိပ်ပေးပါ။ ပွတ်ပေးပါ။ ဦးနှောက် အမြှေးပါးရောင်တဲ့ လက္ခဏာတွေ တွေ့ခဲ့ရင် နီးစပ်ရာ ဆေးခန်းဆီ အမြန်ဆုံးသွားပြစေချင်ပါတယ် ။ ။
[embed-health-tool-baby-poop-tool]