backup og meta

လူကြီးတွေ ကျန်းမာသန်စွမ်းမှုနဲ့ သက်လုံကောင်းစေဖို့ ဘယ်လိုနေထိုင်ရမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကြီးတွေ ကျန်းမာသန်စွမ်းမှုနဲ့ သက်လုံကောင်းစေဖို့ ဘယ်လိုနေထိုင်ရမလဲ

    အသက်အရွယ်လေးရလာတာနဲ့အမျှ ခန္ဓါကိုယ်က တစတစယိုယွင်းလာပြီး အရိုးတွေကြွပ်ဆတ်လာ၊ ကြွက်သားတွေကျုံ့လာတာ၊ အရွတ်တွေနဲ့တခြားအစိတ်အပိုင်းတချို့ ထိခိုက်ဒဏ်ရာရပြီးရင်ပြန်ကောင်းနိုင်ဖို့နှေးလာတာတွေဖြစ်လာပါတယ်။ ဒီဝေဒနာတွေရဲ့ တချို့တဝက်က ဇရာရဲ့ပြယုဂ်တွေဖြစ်တယ်ဆိုပေမယ့် အသက်ကြီးရင့်မှုရဲ့ရလဒ်တွေကိုရင်ဆိုင်တွန်းလှန်နိုင်မယ့်နည်းလမ်းတွေအများကြီးရှိပါတယ်။

    အသက် ၅၀/၆၀ နားကပ်လာပြီဆို ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်သက်အရွယ်ကလောက် ခွန်အားရှိနေဦးမယ်လို့ ဘယ်သူမှမျှော်လင့်မထားကြပါဘူး။ အသက်အရွယ်ကြောင့် တဖြည်းဖြည်းနဲ့အရာရာနှေးကွေးကျဆင်းလာတာက ပုံမှန်ပါပဲ။ ဒါပေမယ့် တာရှည်နေတဲ့ အပြင်းအထန်မောပန်းအားနည်းတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ အားအင်ပြည့်ဖြိုးဖို့နဲ့ကျန်းမာသန်စွမ်းဖို့က ဘဝအတွက်အရေးကြီးတဲ့အချက်တွေဖြစ်တာကြောင့် လူကြီးအရွယ်တွေမှာ ခွန်အားမြှင့်တင်ပြီးအလုံးစုံကျန်းမာရေးကိုကောင်းမွန်စွာထိန်းသိမ်းနိုင်ဖို့လိုပါတယ်။

    လှုပ်လှုပ်ရှားရှား နေထိုင်ပါ

    ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို သတ်သတ်မှတ်မှတ်လုပ်ဆောင်ပေးတာက အကောင်းဆုံးဖြစ်တယ်လို့National Institute on Aging အရ သိရပါတယ်။ ဒါပေမယ့် အားကစားခန်းမ သွားပြီး ပင်ပင်ပန်းပန်းကြိုးစားစရာမလိုပါဘူး။ အတော်အသင့်ကနေ အားစိုက်ရတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုကို နာရီဝက်လောက်လုပ်ပေးရုံနဲ့လုံလောက်တယ်လို့ ဆိုပါတယ်။ သွက်သွက်လျှောက်ခြင်း၊ ဥယျာဉ်စိုက်ခြင်း၊ ကခြင်း၊ စက်ဘီးစီးခြင်း၊မြေးငယ်တွေနဲ့ကစားခြင်းတို့ကို လုပ်ပေးတာလည်း အကျိုးရှိမှာပါ။ အရင်တည်းက အငြိမ်သမားဖြစ်ခဲ့ရင်တော့ စစချင်းမှာ ၁၀ မိနစ်- ၁၅ မိနစ်လောက်ပဲ လှုပ်ရှားမှုလုပ်ပေးရင်းဖြည်းဖြည်းချင်းစတင်ပါ။

    လေ့လာမှုအရ အကြံပြုထားတဲ့အဆင့်လောက်ကိုပဲ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးရင် ရင်သားကင်ဆာဖြစ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်းလျော့နည်းစေပြီး အူကင်ဆာအန္တရာယ် ကို ၄၅ ရာခိုင်နှုန်း၊ ငယ်မူပြန်အာရုံကြောရောဂါကို ၃၀ ရာခိုင်နှုန်းလျော့နည်းစေနိုင်တယ်လို့ သိရပါတယ်။ လေဖြတ်ခြင်းအတွက်လည်း ၃၀ ရာခိုင်နှုန်းနဲ့ နှလုံးရောဂါအန္တရာယ်ကို ၄၀ ရာခိုင်နှုန်းကျော်လျော့နည်းစေပါတယ်။

    ကျန်းမာရေးလိုက်စားခြင်းက ရုပ်ပိုင်းဆိုင်ရာတင်မကဘဲ စိတ်ပိုင်းဆိုင်ရာမှာပါ ခံနိုင်ရည်အား တိုးတက်စေနိုင်တာကြောင့် နာမကျန်းဖြစ်တာတွေ၊ မတော်တဆမှုတွေဖြစ်လာတဲ့အခါ ထိခိုက်မှုနည်းပါးစေတဲ့အနေအထားကောင်းတစ်ခုရှိနေမှာပါ။

    ယောဂကျင့်တာ၊ အိမ်နားတဝိုက်လေးဖြည်းဖြည်းအပြေးလေ့ကျင့်တာ၊ လမ်းသွက်သွက်လျှောက်တာ၊Zumba ကတာ၊ အကြောလျှော့အားကစားသင်တန်းတွေတက်တာ၊ ဒါမှမဟုတ်ရေကူးတာတွေလုပ်နိုင်ရင် လုပ်ကြည့်ပါ။ နောက်ဆုံးမှာသွေးတိုးလည်းကျလာစေနိုင်ပါတယ်။

    အသက်ကြီးလာတာနဲ့အမျှ အကြောအခြင်တွေတောင့်တင်းပြီးလှုပ်ရှားရခက်လာတာတွေဖြစ်လာတတ်ပါတယ်။ အထူးသဖြင့်သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာ တွယ်ဆက်တစ်ရှူးဖွဲ့စည်းပုံတွေပြောင်းလဲပြီး ကျုံ့ဆန့်နိုင်အားနည်းလာလေ့ရှိပါတယ်။ ဒါ့ကြောင့် ထိုင်ပြီး စာဖတ်တာ ၊ အလုပ်လုပ်တာ ကြာသွားခဲ့ရင် အချိန်မှတ်ထားပြီး ခဏလောက်ဖြစ်ဖြစ်ထလှုပ်ရှားပေးဖို့ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။

    လှုပ်လှုပ်ရှားရှားနေရင်သက်လုံကောင်းစေခြင်း

    ခန္ဓါကိုယ်မှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ခံနိုင်ရည်အားပိုကောင်းလာစေတာပဲဖြစ်ပါတယ်။ ချွေးစို့ရုံလောက် ေ့လကျင့်ခန်းလှုပ်ရှားမှုတွေကို တစ်ကြိမ်မှာ နာရီဝက်လောက်နဲ့ တစ်ပတ်မှာ ငါးကြိမ်လောက်လုပ်ပေးပါ။ တစ်ပတ်ကို မိနစ်အနည်းငယ်လောက် လှုပ်ရှားပေးရင်ပဲ သက်လုံကောင်းစေနိုင်ပါတယ်။

    သက်တောင့်သက်သာ ခြေလှမ်းမှန်မှန်နဲ့လမ်းလျှောက်ထွက်ပေးတာကလည်း ကျောဘက်၊ တင်ပါး၊ပေါင် စတဲ့နေရာတွေအပါအဝင် ခြေဆန့်လက်ဆန့်လှုပ်ရှားလို့ကောင်းစေမယ့်လေ့ကျင့်ခန်းကောင်းတစ်ခုဖြစ်ပါတယ်။

    ကြံ့ခိုင်သန်စွမ်းမှုအားကောင်းစေခြင်း

    သန်မာခြင်းဆိုတာ ကြွက်သားတွေရဲ့အားပဲဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါဖြစ်တတ်တဲ့ ချော်လဲခြင်းနဲ့ အရိုးကျိုးအက်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် ကြွက်သားသန်မာဖို့အရေးကြီးပါတယ်။ ကြွက်သားသန်မာရင် အရိုးအဆစ်တွေကို တည်ငြိမ်အောင်ထိန်းနိုင်ပြီး နှလုံးကျန်းမာရေးလေ့ကျင့်ခန်းတွေကို ခံနိုင်ရည်ပိုကောင်းစေပါတယ်။

    အသက်ကြီးရင့်လာတာဟာ အိပ်စက်ခြင်းကိုထိခိုက်စေနိုင်တဲ့ အရေးကြီးဆုံးအချက်တစ်ချက်ပါလို့ ပညာရှင်တွေပြောကြပါတယ်။ အသက်ကြီးလာရင် ညအိပ်မပျော်တဲ့ဝေဒနာဖြစ်နိုင်ခြေများလာသလို အိပ်ပျော်ရင်တောင်မှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အချိန် နည်းလာတတ်ပါတယ်။ လူကြီးတွေမှာ ညဘက်ကောင်းကောင်းအိပ်ပျော်မှနေ့ဘက်ကျန်းမာရေးကောင်းစေမှာဖြစ်ပါတယ်။နေ့လယ်ခင်း တရေးအိပ်တာကလည်း ညဘက်ရောက်ရင်နုံးခွေနေတာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ညဘက်စောစောအိပ်ရာဝင်ပြီး ကြိုးစားအိပ် ကြည့်ပါ။

    ကျန်းမာရေးနဲ့ညီညွတ်တာတွေ၊ အာဟာရပြည့်တဲ့အစာတွေစားခြင်းက အဓိကကျပြီး အားဖြစ်စေတယ်ဆိုပေမယ့် ပင်ပန်းပြီး အားအင်ကုန်ခန်းနေချိန်မှာတော့ အချိုတွေ၊ အငန်တွေများတဲ့ အာဟာရနည်းအစားအစာတွေကို ပိုတောင့်တလေ့ရှိပါတယ်။ ဒါ့ကြောင့် အာဟာရပြည့်တဲ့အစားအသောက်တွေကိုပဲ ကိုယ့်အနီးမှာထားပါ။ သရေစာအဖြစ် လတ်ဆတ်တဲ့သစ်သီးတွေ၊ အသီးအရွက်တွေ၊ အစေ့အဆံတွေ၊ ဒိန်ချဉ် သို့မဟုတ် ကြက်ဥပြုတ်တို့ကိုစားပါ။ ပရိုတင်းဓါတ်များတဲ့အစာတွေကို တစ်နေ့တာမှာ နည်းနည်းချင်းစားပေးရင်လည်းကောင်းပါတယ်။

    အမြဲအလုပ်တစ်ခုခုလုပ်နေပါ။ တစ်နေ့တာလုပ်မယ့်အစီအစဉ်တွေထဲမှာ လှုပ်လှုပ်ရှားရှားနေဖို့အတွက် အချိန်နည်းနည်း ထည့်သတ်မှတ်ထားပါ။

    နှလုံးခုန်နှုန်းကို သတိထားဂရုစိုက်ပါ။ အသက်ကြီးလာတာနဲ့အမျှသွေးတိုးရောဂါက အဓိကစိုးရိမ်စရာဖြစ်လာတာကြောင့် နှလုံးကျန်းမာရေးအတွက်လည်းလေ့ကျင့်ခန်းတွေလုပ်ဖို့အရေးကြီးပါတယ်။

    ကြွက်သားအစုတွေကိုမေ့မထားပါနဲ့။ အလေးတုံး မခြင်း ဒါမှမဟုတ် တခြားလေ့ကျင့်ခန်းတွေလုပ်ပြီး ကြွက်သားအစုတိုင်းကို ကြံ့ခိုင်အောင်ေ့လ့ကျင့်ပါ။ နည်းလမ်းကောင်းတစ်ခုကတော့ ၂ပေါင်/၃ပေါင် ရှိတဲ့ weight တုံးတွေနဲ့ တစ်ပတ်ကို အနည်းဆုံး ၂ကြိမ် ကစားပေးပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement