ဘေဘီလေး တုပ်ကွေး ဖြစ်နေပြီလား……..
တုပ်ကွေး အမျိုးအစားတွေက အများကြီး ရှိနိုင်ပြီး တစ်နှစ်နဲ့တစ်နှစ် ဖြစ်ပွားတဲ့ တုပ်ကွေးမျိုးစိတ်ချင်းလည်း မတူနိုင်ပါဘူး။ တုပ်ကွေး အမျိုးအစားက ကွာခြားပေမယ့် ကလေးတွေမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့ များသောအားဖြင့် တူတတ်ကြပါတယ်။
- နှာခေါင်းပိတ်ခြင်း
- လည်ချောင်းနာခြင်း
- ချောင်းဆိုးခြင်း
- အဖျားက ၁၀၃ ဒီဂရီဖာရင်ဟိုက် နဲ့ ၁၀၅ ဒီဂရီဖာရင်ဟိုက်လောက်အထိမြင့်တက်နေခြင်း
- ချမ်းတုန်နေခြင်း
- ခေါင်းကိုက်ခြင်း
- ကိုယ်လက်ကြွက်သားတွေညောင်းကိုက်နာကျင်မယ်
- မအီမသာဖြစ်မယ်
- အော့အန်မယ်စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။
တုပ်ကွေးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင်
ဖေဖေမေမေတို့ အနေနဲ့ တုပ်ကွေးကာကွယ်ဆေး ထိုးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ခေါင်းထဲမှာ ပေါ်လာမယ့် အချက်တွေ အများကြီး ရှိနိုင်ပါတယ်။ တစ်ချက်ချင်းစီ စဉ်းစားအဖြေထုတ်ကြည့်ရအောင်လား။
- တုပ်ကွေးကာကွယ်ဆေးက ဘယ်အရွယ်မှာစထိုးလို့ရလဲ…..
ဘေဘီလေး ၆ လပြည့်ပြီဆိုတာနဲ့ စထိုးလို့ရပါပြီ။ ၆ လအောက် ဘေဘီလေးတွေကတော့ ကာကွယ်ဆေး ထိုးလို့မရသေးပါဘူး။ ပထမဆုံးအကြိမ် တုပ်ကွေးကာကွယ်ဆေး စထိုးတဲ့အခါ ဆေးတစ်လုံး ထိုးပြီး အနည်းဆုံး ၄ ပတ်ခြားပြီးမှ ဒုတိယ တစ်လုံးကို ထိုးရပါမယ်။
- ဘယ်သူတွေမှာ ကူးစက်နိုင်ခြေ အများဆုံးလဲ…….
ကိုယ်ခံအားစနစ် ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ၅ နှစ်အောက် ကလေးတွေမှာ တုပ်ကွေး ကူးစက်ခံရနိုင်ခြေက အခြားသူတွေထက် ပိုများပါတယ်။
- တစ်ခါထိုးထားပြီးရင် လုံလောက်ပြီလား…..
တုပ်ကွေးရောဂါပိုးတွေက တစ်နှစ်နဲ့ တစ်နှစ် မတူတာကြောင့် ကာကွယ်ဆေးကို တစ်နှစ်ပြည့်တိုင်း နောက်တစ်ခါ ပြန်ထိုးပေးဖို့ လိုပါမယ်။
- တုပ်ကွေးကာကွယ်ဆေးထိုးထိုးပြီးချင်း အာနိသင်ပြလား….
ထိုးပြီးတာနဲ့ ချက်ချင်း တုပ်ကွေးကို မကာကွယ်ပေးနိုင်သေးပါဘူး။ ကာကွယ်ဆေး ထိုးပြီး ၂ ပတ်ကြာမှစလို့ အာနိသင်ပြမှာပါ။
- သွေးလွန်တုပ်ကွေးကိုရော ကာကွယ်နိုင်လား…….
တုပ်ကွေးကာကွယ်ဆေးက ရာသီတုပ်ကွေး ရောဂါပိုးကိုပဲ ကာကွယ်နိုင်တာပါ။ သွေးလွန်တုပ်ကွေးကို မကာကွယ်ပေးနိုင်ပါဘူး။
- တုပ်ကွေးကာကွယ်ဆေးထိုးပြီးရင် ဖျားနိုင်လား….
တုပ်ကွေးကာကွယ်ဆေး ထိုးပြီးရင် ကလေးက ကိုယ်ပူတာ၊ မအီမသာဖြစ်တာ၊ ဆေးထိုးထားတဲ့ နေရာက နီနေတာ၊အောင့်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
တုပ်ကွေးကာကွယ်ဆေး ဘယ်လိုအလုပ်လုပ်တာလဲ…..
တုပ်ကွေးကာကွယ်ဆေးက ဘေဘီလေးကို တုပ်ကွေးရောဂါကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မယ့် နည်းလမ်းပါ။ တုပ်ကွေးကာကွယ်ဆေး နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ထိုးဆေးဖြစ်ပြီး တစ်မျိုးက နှာခေါင်းဖြန်းဆေးပါ။ ဒါပေမယ့် ထိုးဆေးပဲ အသုံးများပါတယ်။ ၆ လအထက် ကလေးတွေအတွက် အထိရောက်ဆုံး တုပ်ကွေးကာကွယ်ဆေးက ထိုးဆေးပါ၊လို့ အမေရိကန် ကလေးကျန်းမာရေး စောင့်ရှောက်ရေးအဖွဲ့က ထောက်ခံထားပါတယ်။
ကာကွယ်ဆေး မဖြစ်မနေထိုးထားသင့်တဲ့ကလေးတွေက ဘယ်သူတွေလဲ……
၆ လအထက် ကလေးတွေတိုင်း တုပ်ကွေးကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ ဒီထဲမှာမှ အခုလိုမျိုး ဘေဘီလေးတွေက တုပ်ကွေးကာကွယ်ဆေးကို မဖြစ်မနေထိုးထားသင့်ပါတယ်။
- ၆ လ ကနေ ၅ နှစ်အတွင်းအရွယ်ကလေးငယ်တွေ
- အဆုတ်ကျန်းမာရေးမကောင်းတဲ့ ကလေးတွေ
- နှလုံးကျန်းမာရေးအားနည်းတဲ့ ကလေးတွေ
- ကိုယ်ခံအားနည်းတဲ့ကလေးတွေ
- ကင်ဆာရောဂါခံစားနေရတဲ့ကလေးတွေ
- HIV ပိုးကူးစက်ခံထားရတဲ့ ကလေးတွေ
- မွေးရာပါဆီးချိုရောဂါရှိနေတဲ့ ကလေးတွေ
- ကျောက်ကပ်ကျန်းမာရေးမကောင်းတဲ့ ဘေဘီလေးတွေ
- လမစေ့ဘဲ မွေးထားတဲ့ ကလေးတွေ
- ပေါင်မပြည့်ဘဲ မွေးထားတဲ့ ကလေးတွေ
- အဝလွန်နေတဲ့ ကလေးတွေ
- သွေးအားနည်းရောဂါရှိတဲ့ ကလေးတွေ မဖြစ်မနေတုပ်ကွေးကာကွယ်ဆေးထိုးထားသင့်ပါတယ်။
တုပ်ကွေးကာကွယ်နိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းတွေ
- တစ်နှစ်တစ်ကြိမ် တုပ်ကွေးကာကွယ်ဆေးထိုးပါ
- လက်တွေကိုသေချာသန့်စင်ဆေးကြောပါ
- ချောင်းဆိုးနှာချေရင် နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားပါ
- အသုံးပြုပြီးသား တစ်သျှူးတွေကို ချက်ချင်းစွန့်ပစ်ပါ
- ပြည့်ဝစွာအနားယူပါ
- အာဟာရပြည့်ဝအောင်စားပါ
- တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပေးပါ
- လူစုလူဝေးကိုရှောင်ပါ။
တုပ်ကွေးကာကွယ်ဆေး
[embed-health-tool-vaccination-tool]