backup og meta

ကလေးတွေကို နမ်းလိုက်ခြင်းဟာ သူတို့လေးတွေအတွက် ဘာတွေဖြစ်လာနိုင်သလဲ

ကလေးတွေကို နမ်းလိုက်ခြင်းဟာ သူတို့လေးတွေအတွက် ဘာတွေဖြစ်လာနိုင်သလဲ

အနှီးလေးနဲ့ နွေးနွေးထွေးထွေး ထုပ်ထားတဲ့ကလေးတွေနဲ့ ဝကစ်ပြီး ချစ်စရာကောင်းတဲ့ ကလေး တွေကို တွေ့လိုက်ရတဲ့ အချိန်မှာ သင့်အနေနဲ့ ပွေ့ပိုက်နမ်းရှိုက်ချင်တဲ့ စိတ်တွေ တဖွားဖွားပေါ်ပေါက်လာ မှာပါ။ သင့်အနေနဲ့ အရမ်းချစ်လွန်းလို့ သန့်သန့်ရှင်းရှင်းနမ်းလိုက်တာပါပဲ။ ဒါပေမဲ့ ကလေးတွေကို နမ်းလိုက်ခြင်းဟာ သူတို့လေးတွေအတွက် ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာ တွေးမိရဲ့လား။

ကလေးတွေကို နမ်းရှုံ့လိုက်ခြင်းဟာ မရည်ရွယ်ဘဲနဲ့ ကလေးတွေအတွက် အန္တရာယ်တွေ အများကြီးဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် နှုတ်ခမ်းနဲ့ ပါးစပ်နား တစ်ဝိုက်ကို နမ်းလိုက်ခြင်းဟာ ရောဂါပိုးမွှားတွေကို ကလေးတွေဆီ ပျံ့နှံ့စေပါတယ်။

နှုတ်ခမ်းကို မနမ်းရဘူးဆိုတော့ ပါးလေးကိုရော နမ်းလို့ရနိုင်လားလို့ မေးစရာ ရှိနိုင်ပါတယ်။ ဘယ်နေရာ ဖြစ်ဖြစ်မနမ်းသင့်ပါဘူး။ ဥပမာ ကလေးတစ်ယောက်ရဲ့ လက်ကလေးကို အသည်းယားလွန်းလို့ နမ်းလိုက်တယ်ပဲ ဆိုပါစို့။ သူ့ရဲ့ လက်ကလေးတွေကို သူပြန်စုပ်တဲ့အခါ သင်နမ်းထားတဲ့ နေရာမှာရှိတဲ့ ရောဂါပိုးမွှား တွေဟာ သူ့ဆီ သွယ်ဝိုက်ပြီး ကူးစက်သွားမှာပါ။

ကလေးတွေကို နမ်းလိုက်ခြင်းဟာ သူတို့လေးတွေအတွက် ဘာတွေဖြစ်လာနိုင်သလဲ

မိဘတွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးမှုတွေဟာ မွေးကင်းစကလေးလေးတွေရဲ့ ကြီးထွား ဖွံ့ဖြိုးမှုကို များစွာ အကျိုးသက်ရောက်နိုင်ပါတယ်။ ဒါဟာ ကလေးကို တရှုံ့ရှုံ့နဲ့ နမ်းရမယ်လို့ ဆိုလိုခြင်း မဟုတ်ပါဘူး။

မွေးကင်းစ ကလေးတွေဟာ ရောဂါကူးစက်လွယ်ပါတယ်။ ပြည့်စုံစွာမဖွံ့ဖြိုးသေးတဲ့ ကိုယ်ခံအားစနစ်နဲ့ ကာကွယ်ဆေး အစုံအလင်မထိုးရသေးတာကြောင့်ပါ။ သင်ကိုယ်တိုင်ဖြစ်စေ၊ အိမ်ကိုလာလည်တဲ့ အသိမိတ်ဆွေတွေထဲကဖြစ်စေ သင့်ကလေးကို ချစ်လွန်းလို့ နမ်းလိုက်သူဟာ ရောဂါပိုးရှိသူဖြစ်နေနိုင်သလို၊ ကလေးနဲ့ ဓာတ်မတည့်တဲ့ အစားအစာတွေစားထားတဲ့ သူလည်းဖြစ်နေနိုင်ပါတယ်။

ကလေးကို နမ်းလိုက်ရာကနေ

()   ရေယုန်ပေါက်နိုင်ပါတယ်။

ရေယုန်ဟာ HSV 1 ဆိုတဲ့ Herpes simplex ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ရေယုန်ဗိုင်းရပ်စ်ရှိသူ တစ်ယောက်က ကလေးကိုနမ်းလိုက်တဲ့အခါ အလွယ်တကူ ကူးစက်သွားနိုင်ပါတယ်။

ကူးစက်တဲ့အခါ အရည်ကြည်ဖုလေးတွေဟာ နှုတ်ခမ်းနဲ့ ပါးစပ်တစ်ဝိုက်မှာ အရင်ပေါက်ပါတယ်။ ပြီးရင်တော့ မျက်နှာ၊ နှာခေါင်း၊ ပါး၊ မေးစေ့နဲ့ တစ်ကိုယ်လုံးကို ပျံ့သွားနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ကူးစက်သွားပြီဆိုရင်တော့ အခါအခွင့်သင့်တိုင်း ပြန်ဖြစ်လာနိုင်ပါတယ်။

ဘာလို့လဲဆိုတော့ ဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ထဲကို ရောက်တာနဲ့ တစ်သက်လုံးရှိနေတော့မှာမို့ပါ။ ဒါကြောင့် ရေယုန်ရှိသူတစ်ဦးဟာ ကလေးကို လုံးဝလုံးဝ မနမ်းသင့်ပါဘူး။

()   အသက်ရှူလမ်းကြောင်းဆိုင်ရာ အန္တရာယ်တွေဖြစ်စေနိုင်ပါတယ်။

RSV ဆိုတဲ့ ဗိုင်းရပ်စ်ရှိသူတစ်ယောက်ဟာ သင့်ကလေးကို နမ်းလိုက်တဲ့အခါ ကူးစက်ခံရပြီး အဆုတ်ရောင်ရမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေရဲ့ လေပြွန်ဟာ လူကြီးတွေထက် ပိုမိုနုတာကြောင့် ရောင်ရမ်းပြီး နမိုးနီးယားလိုမျိုး အဆုတ်ရောင်ရောဂါကို ခံစားရမှာပါ။ လမစေ့ဘဲ မွေးတဲ့ ကလေးဆိုပိုဆိုးပါတယ်။

()   အစာနဲ့ ဓာတ်မတည့်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

အစာနဲ့ ဓာတ်မတည့်မှုဟာ ကလေးတင်မဟုတ်ဘဲ လူကြီးတော်တော်များများမှာလည်းရှိပါတယ်။ ကလေးနဲ့ ဓာတ်မတည့်တဲ့ အစားအစာမျိုး စားထားတဲ့ လူကြီးတစ်ယောက်က နမ်းလိုက်ပြီဆိုတာနဲ့ အစားအစာရဲ့ အပိုင်းအစတချို့ဟာ ကလေးဆီကို မထင်မှတ်ဘဲ ရောက်သွားနိုင်ပါတယ်။

ဒါဆိုရင်တော့ ဓာတ်မတည့်တာ ဖြစ်နိုင်ပါပြီ။ နှုတ်ခမ်းနီဆိုးထားတဲ့ လူကြီးတစ်ယောက်က နမ်းရှုံ့လိုက်တာဟာလည်း ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါသေးတယ်။

(၄)   အနမ်းရောဂါ

ဒါကတော့ တံတွေးကတစ်ဆင့် ကူးစက်တဲ့ ရောဂါမို့ အနမ်းရောဂါလို့ တင်စားတာပါ။ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များပါတယ်။ ဗိုင်းရပ်စ်ဖြစ်လို့ ကူးစက်ခံထားရသူ တစ်ယောက်ယောက်က သင့်ကလေးကို နမ်းရှုံ့လိုက်တဲ့အခါ သင့်ကလေးကိုလည်း ကူးစက်သွားနိုင်ပါ တယ်။

ကူးစက်တဲ့အခါ နှာရည်ယိုခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေခံစားရမှာပါ။ ဗိုင်းရပ်ဖြစ်လို့ ကုစရာ ဆေးလည်းမရှိပါဘူး။ ကိုယ်ခံအားစနစ်နဲ့ အနိုင်တိုက်ရမှာပါ။

ကိုယ်ခံအားစနစ်ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ကလေးတွေအတွက်တော့ အန္တရာယ်များပါတယ်။ ကလေးတစ်ယောက်က တစ်ယောက်ကိုလည်း အလွယ်တကူ ကူးစက်နိုင်ပါသေးတယ်။

()   သွားပိုးပေါက်တွေ ဖြစ်စေနိုင်ပါတယ်။

ခံတွင်းကို ကောင်းကောင်းမထိန်းသိမ်းတဲ့သူတွေဟာ သွားပိုးပေါက်ဖြစ်စေနိုင်တယ်ဆိုတာ သိပြီး သားပါ။ တံတွေးဂလင်းကတစ်ဆင့်ကူးစက်နိုင်တဲ့ Streptococcus mutans ဆိုတဲ့ ဘတ်တီးရီးယားက သွားပိုးပေါက်ဖြစ်စေတာပါ။

ဒီလို ဘတ်တီးရီးယားရှိတဲ့ လူတစ်ယောက်က သင့်ကလေးကို နမ်းရှိုက်တာကလည်း ကလေးရဲ့ သွားသေးသေးလေးတွေမှာ သွားပိုးပေါက်တွေဖြစ်စေနိုင်ပါတယ်။

နမ်းရှုံ့တာတင်မဟုတ်ပါဘူး။။ ထမင်းဝါးပြီးကျွေးတာလည်း လုံးဝလုံးဝမလုပ်သင့်ပါဘူးနော်။

()   ကိုယ်ခံအားစနစ်ကို ကျဆင်းစေတယ်။

ကလေးတွေဟာ အလွန်ထိလွယ်ရှလွယ်ပါတယ်။ ရောဂါအလွယ်တကူ ကူးစက်နိုင်သူတွေပါ။ အထူးသဖြင့် မွေးကင်းစ ပထမလတွေမှာပါ။ ဒါကြောင့် ကလေးကို နမ်းရှုံ့သူတွေမှာ ဖျားနာမှုတွေ၊ ရောဂါပိုးတွေရှိနေခဲ့ရင် ကူးစက်သွားနိုင်ပါတယ်။

ဒါတွေကို ကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးထိုးဖို့လည်း အလွန်အရေးကြီးပါတယ်။ မွေးကင်းစမှစတင်ကာ ကာကွယ်ဆေး ရက်သတ္တပတ်တိုင်းမှာ ချိန်းဆိုသတ်မှတ်ထားတဲ့အတိုင်း ထိုးသင့်ပါတယ်။ မွေးကင်းစကလေးတွေကို ဂရုတစိုက် သေသေချာချာ စောင့်ရှောက်ဖို့ လိုအပ်ပါတယ်နော်။

()   ခြေ၊ လက်နဲ့ ပါးစပ်ရောဂါ

ဒီရောဂါကတော့ ကလေးရဲ့ ခြေထောက်တွေ၊ လက်လေးတွေနဲ့ ပါးစပ်မှာ အနာလေးတွေပေါက်တဲ့ ရောဂါပါ။ ရောဂါပိုးရှိသူကတစ်ဆင့် ကူးစက်သွားပြီး ရောဂါဖြစ်ပွားရတာပါ။ လည်ချောင်းနာခြင်းနဲ့ အဖျားတက်ခြင်းတွေလည်း ခံစားရနိုင်ပါတယ်။

ကလေးတွေကိုနမ်းတော့မယ်ဆိုရင် ဘာတွေကြိုပြင်ဆင် ထားသင့်သလဲ။

အချို့သော ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေဟာ လူကြီးတွေအတွက် ရောဂါထွေထွေထူးထူး မဖြစ်ပွားစေနိုင်ပေမဲ့ ကလေးတွေအတွက်တော့ အလွန်အန္တရာယ်များပါတယ်။

ဒါကြောင့် ကလေးကို နမ်းရှုံ့ထွေးပွေ့တော့မယ့်အခါမျိုးမှာ အောက်ဖော်ပြပါ အချက်တွေကို မဖြစ်မနေပြုလုပ်ပေးပါ။ ကလေးကို ချစ်လွန်းတဲ့ သင့်ရဲ့အခြားမိတ်ဆွေတွေကိုလည်း ဒီလိုအချက်တွေလုပ်ဖို့ မဖြစ်မနေတိုက်တွန်း ပေးပါ။

  • သွားနဲ့ ခံတွင်း မသန့်တဲ့သူတွေ ဥပမာ ဆေးလိပ်သောက်၊ ကွမ်းစားသူတွေကို ပေးမနမ်းပါနဲ့။
  • မျက်နှာမှာ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေ ဆိုးထားရင် ပေးမနမ်းပါနဲ့။ နှုတ်ခမ်းနဲ့ မဟုတ်ဘူး။ နှာခေါင်းနဲ့လည်း ပေးမနမ်းပါနဲ့။
  • ကလေးကိုပွေ့ချီကိုင်တွယ်တော့မယ့် အချိန်တိုင်း လက်ဆေးပါ။
  • ဖျားနာတယ်လို့ သံသယရှိသူတွေကို ကလေးနဲ့ ဝေးဝေးနေခိုင်းပါ။
  • ရာသီတုပ်ကွေး၊ အအေးမိ၊ ရက်ရှည်ချောင်းဆိုးခြင်းနဲ့ ရေကျောက်ရောဂါရှိသူတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာပြဿနာရှိသူတွေကို ကလေးအားမနမ်းခိုင်းပါစေနဲ့။
  • ကလေးကို ကာကွယ်ဆေး ပုံမှန်ထိုးပေးပါ။

လသားကလေးတွေကို မနမ်းတာက အကောင်းဆုံးပါ။ တချို့ရောဂါပိုးတွေက လူကြီးမှာ ဘာလက္ခဏာမှ မပြပေမဲ့ ကလေးကို ကူးသွားနိုင်ပါတယ်။ အသိမိတ်ဆွေကိုလည်း နမ်းခွင့်မပြုတာ အကောင်းဆုံးပါပဲ။ ကိုယ်တိုင်လည်း ကလေးကို နမ်းပြီးရင် နမ်းတဲ့နေရာလေးကို သန့်ရှင်းရေး လုပ်ပေးပါ။

ရေးသားသူ-ဒေါက်တာမှူးခင်

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://parenting.firstcry.com/articles/kissing-baby-is-it-harmful-for-your-child/

https://www.momjunction.com/articles/kissing-the-baby-risks-precautions_00655035/

https://www.babycentre.co.uk/x541343/will-kissing-my-baby-increase-the-risk-of-sudden-infant-death-syndrome-sids

ယခုပုံစံ

22/08/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေဖို့

နမ်းရုံနဲ့ အလွယ်တကူ ကူးစက်နိုင်တဲ့ ရေယုန်ဗိုင်းရပ်စ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 22/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement