backup og meta

သင့်ကလေးမှာ အစာခြေစနစ်ပြဿနာရှိနေတာကို ပြသနေတဲ့လက္ခဏာ ၅ ချက်


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးမှာ အစာခြေစနစ်ပြဿနာရှိနေတာကို ပြသနေတဲ့လက္ခဏာ ၅ ချက်

    ကလေးဆိုတာ အစားရွေးတတ်သူလည်းရှိသလို အစားကိုအဆက်မပြတ်စားနေတတ်သူတွေလည်းရှိပါတယ်။ပြီးရင်တော့ ဗိုက်အောင့်လာရင် စိတ်တိုမယ် ဒါမှမဟုတ် ဘယ်လိုခံစားနေရလဲဆိုတာတစ်ခွန်းမှမပြောဘဲလည်းနေရင်နေပါလိမ့်မယ်။

    နောက်ဆုံးမှာ ကလေးအများစုက စားသောက်မှုပုံစံတွေ စနစ်တကျဖြစ်သွားပြီး တော်တန်ရုံဗိုက်နာဗိုက်အောင့်ဝေဒနာလေးတွေကမြန်မြန်ပျောက်ကင်းသက်သာသွားကြမှာပါ။ ဒါပေမယ့် ကလေးတွေမှာဖြစ်လာတဲ့ အစာချေစနစ်ပြဿနာတချို့က ပိုပြင်းထန်တဲ့ရောဂါလက္ခဏာတစ်ခုခုဖြစ်နေနိုင်တာကို သတိထားသင့်ပါတယ်။ ဒီအထဲမှာ ဘယ်လက္ခဏာတွေက စိုးရိမ်ရတဲ့အခြေအနေရှိလဲ၊ ဘယ်အချိန်မှာ ဆရာဝန်ခေါ်ဖို့လိုမလဲဆိုတာ သင်သိပါသလား။

    သင့်ကလေးရဲ့အစာခြေစနစ်မကောင်းတဲ့အခါ ပျို့အန်တာ၊ဝမ်းလျှောနေတာဖြစ်ဖြစ် ဒါမှမဟုတ် သူတို့ကိုယ်တိုင်တိတိကျကျမပြောနိုင်တဲ့ဝေဒနာ တစ်ခုဖြစ်နေတာပဲဖြစ်ဖြစ် သင့်စိတ်ထဲစိုးရိမ်လာပြီဆိုရင် တုံ့ဆိုင်းမနေပါနဲ့။ ကလေးအထူးကုဆရာဝန်နဲ့ပြပါ။

    ကလေးတွေမှာအဖြစ်များဆုံး အစာခြေစနစ်ဝေဒနာ ၅ ခု

    ကလးတွေရဲ့ ဝမ်းဗိုက်ဝေဒနာတွေအများစုက သိပ်မပြင်းထန်ကြဘဲမြန်မြန်ပျောက်ကင်းလေ့ရှိပါတယ်။ ဒါပေမယ့် အန္တရာယ်အဆင့်ထိမရောက်ရှိရအောင် မပေါ့ဆဘဲ သတိထားစောင့်ကြည့်သင့်ပါတယ်။ အဖြစ်များဆုံး လက္ခဏာတွေက –

    ပျို့အန်ခြင်း

    ကလေးတွေအန်တာ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ရောဂါပိုးကြောင့်၊ ကားမူးလို့၊ အစာအဆိပ်သင့်လို့၊ အဖျားရှိလို့၊ချောင်းတအားဆိုးလို့၊ အစားများသွားလို့၊ စိတ်လှုပ်ရှားလွန်လို့၊ စိတ်ပူပန်လို့ စသည်ဖြင့်ပါပဲ။ ဒါပေမယ့် ဦးနှောက်အမြှေးရောင်ရောဂါအူအတက်ရောင်ခြင်းနဲ့ အူပိတ်ခြင်းတို့ကြောင့်လည်း အန်တတ်ပါတယ်။ ကလေးတွေမှာ ပျို့အန်ခြင်းနဲ့အတူ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ၊ အဖျားတက်တာတွေပါဖြစ်လာနိုင်ပါတယ်။

    ကလေးက တစ်ကြိမ်ထက်မက အန်နေပြီး အန်တဲ့အထဲမှာသွေး သို့မဟုတ် သည်းခြေရည်တွေပါလာရင် ဒါမှမဟုတ် ကလေးက အသက်၆နှစ်အောက်ဖြစ်ပြီးမရပ်မနားအန်နေရင် ဆရာဝန်ပြဖို့ အရေးကြီးပါတယ်။ အဖျား၊ဝမ်းလျှော နဲ့ရေဓါတ်ခန်းခြောက်တဲ့လက္ခဏာေတွပါဖြစ်လာခဲ့ရင်လည်း ဆရာဝန်ပြပါ။ ဆီးသွားနည်းခြင်း၊နှုတ်ခမ်းခြောက်ခြင်း၊ အားအင်ကုန်ခန်းခြင်း တို့ကရေဓါတ်ခန်းခြောက်မှုကိုပြတဲ့ လက္ခဏာတွေပါ။

    ဗိုက်အောင့်ခြင်း

    ကလေးတွေ ဗိုက်အောင့်တယ်ဆိုတာအောက်ပါအကြောင်းရင်းတွေအပါအဝင်ပြဿနာများစွာရဲ့ရောဂါလက္ခဏာလည်းဖြစ်နိုင်ပါတယ်။

    ကလေးတွေဗိုက်အောင့်ရင်လေပွခြင်း၊ မအီမသာဖြစ်ခြင်းတို့လည်းဖြစ်လာတတ်ပါတယ်။ ကလေးကဗိုက်အောင့်အောင့်နေတာ ၂ ပတ်ကျော်လာရင်၊ ဗိုက်အောင့်တာပြင်းထန်လာရင် ကလေးအထူးကုဆရာဝန်နဲ့ပြသင့်ပါတယ်။

    ဝမ်းချုပ်ခြင်းနဲ့ဝမ်းလျှောခြင်း

    ကလေးတွေကို ဝမ်းချုပ်စေတဲ့အကြောင်းရင်းတွေထဲမှာ အမျှင်ဓါတ်နည်းတဲ့စားသောက်ပုံအာဟာရ၊ရေသောက်နည်းတာ၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊နာတာရှည်အူလမ်းကြောင်းဆိုင်ရာရောဂါစုဆီးချိုရောဂါ၊နဲ့သောက်သုံးရတဲ့ဆေးဝါးတွေကြောင့်လည်း ပါဝင်ပါတယ်။ ကလေးရဲ့ဝမ်းမှာသွေးစတွေ့ရင်ဆရာဝန်နဲ့သွားရောက်ပြသသင့်ပါတယ်။

    ကလေးအနည်းဆုံးတစ်နေ့တစ်ကြိမ် ဝမ်းမသွားရင်၊ ဝမ်းသွားတာ နာကျင်နေရရင်၊ ဝမ်းမှာသွေးပါရင် ဒါမှမဟုတ် ဝမ်းသွားတဲ့အခါ အရင်ကထက် ပိုညှစ်နေရရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံပြုချက်ရယူသင့်ပါတယ်။

    အစာအိမ်အချဉ်ရည်ပြန်တက်ခြင်း(Gastroesophageal Reflux)

    GERD က ကလေးတွေမှာအဖြစ်များပါတယ်။ အက်စစ်ဓါတ်အချဉ်ရည်ပြန်ဆန်တက်ခြင်းဖြစ်ရတဲ့အကြောင်းရင်းက အစားအစာဓါတ်မတည့်ခြင်းကြောင့်ဖြစ်နိုင်သလို အူသိမ်ဦးပိုင်းအောက်ခြေကြွက်သားမှာပြဿနာရှိနေတာကြောင့်ဖြစ်နိုင်ပါတယ်။

    အစာအိမ်အချဉ်ရည်ပြန်ဆန်တက်ခြင်းက သူ့အလိုလိုပြန်သက်သာလေ့ရှိပေမယ့် ပက်ပါမင့်၊ချောကလက်နဲ့ အဆီများတဲ့အစားအစာတွေကိုရှောင်ပြီး ကာကွယ်နိုင်ပါတယ်။GERD ရဲ့လက္ခဏာတွေက –

    • ကိုယ်အလေးချိန်ကျဆင်းခြင်း
    • အစာစားချင်စိတ်နည်းခြင်း
    • အဝါရောင်၊အစိမ်းရောင်အရည်များအန်ခြင်း
    • အစာအိမ် သို့မဟုတ် ရင်ဘက်အောင့်ခြင်း
    • အသက်ရှူရခက်ခြင်း
    • ချောင်းဆိုးတာရှည်ခြင်း
    • ငိုယိုနေခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း
    • အစာမျိုချရခက်ခြင်း တို့ဖြစ်ပြီး တခါတလေပြင်းထန်လာတတ်ပါတယ်။

    အစားအသောက်ရွေး၊အစားနည်းလွန်းခြင်း

    ကလေးက အစားအသောက်ဇီဇာကြောင်တတ်ပြီး အစားနည်းတယ်ဆိုတာကလည်း မိဘတွေအတွက် မပေါ့ဆသင့်တဲ့အချက်ဖြစ်ပါတယ်။ မသိမသာလက္ခဏာတစ်ခုလေးက ကလေးရဲ့အစာခြေစနစ်မှာပြဿနာများစွာရှိနေတယ်ဆိုတဲ့ လက္ခဏာဖြစ်နေနိုင်လို့ပါ။GERDကြောင့် ကလေးကို အစားရွေးသူဖြစေ်စနိုင်ပြီး စားစရာတစ်ခုခုကို အနံ့မကြိုက်တာ၊အရောင်အဆင်းမကြိုက်တာတွေ ရှိလာတတ်ပါတယ်။

    အစားနည်းခြင်းကလည်း စားသောက်ပုံမူမမှန်တဲ့ရောဂါတွေရဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။ ဆယ်ကျော်သက်တွေနဲ့ လူငယ်ပိုင်းတွေမှာ အဖြစ်များတယ်ဆိုပေမယ့် အစားနည်းလွန်း/အစားများလွန်းတဲ့မူမမှန်လက္ခဏာ(eating disorders )က အသက်အရွယ်မရွေး ကလေးတွေမှာပါဖြစ်နိုင်ပါတယ်။ ကလေးက ကိုယ်အလေးချိန်ကျလာမယ်၊ အစားအစာတချို့ကိုစားရင် ပျို့အန်တာ၊လေချဉ်တက်တာတွေ ရှိလာရင်၊ ရင်ပူနာဖြစ်လာရင် ဒါမှမဟုတ် အစာစားချိန် အစာခြေရည်ပြန်ဆန်တက်ရင် ဒါမှမဟုတ် ထမင်းစားနေစဉ်နဲ့ထမင်းစားပြီးချိန်ဗိုက်အောင့်ရင် ဆရာဝန်ပြသင့်ပါတယ်။

    ကလေးတွေက သူတို့ဘယ်လိုခံစားနေရလဲဆိုတာကိုသေချာပြန်မပြောပြတတ်ကြတာကြောင့် ဘယ်လိုလက္ခဏာပဲတွေ့ပါစေ၊ လက္ခဏာကပြင်းထန်တာဖြစ်ဖြစ်၊ မပြင်းထန်တာဖြစ်ဖြစ် ကလေးရဲ့အစာခြေစနစ်နဲ့ပတ်သက်ပြီး စိုးရိမ်လာပြီဆိုရင် တုံ့နှေးမနေဘဲ ဆရာဝန်ပြပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement