backup og meta

W ပုံစံထိုင်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    W ပုံစံထိုင်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်လဲ

    ဘေဘီလေးက အမြဲလိုလို W ပုံစံထိုင်နေတယ်။ ဘာတွေများ ဖြစ်လာနိုင်လဲဆိုပြီး သိချင်နေတဲ့မေမေဖေဖေတွေရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါလို့ပြောပါရစေနော်။ ဒီဆောင်းပါးလေးထဲမှာ W ပုံစံထိုင်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်လဲ ဆိုတာကို ပြောပြပေးထားပါတယ်။

    W ပုံစံထိုင်ခြင်းဆိုတာ

    W ပုံစံထိုင်တယ်ဆိုတာကဘေဘီလေးကခြေထောက်နှစ်ဖက်စလုံးကို ဒူးကွေးလို့နောက်ပစ်ပြီးထိုင်နေတဲ့ ပုံစံမျိုးပါ။ ကြမ်းပြင်မှာခြေထောက်နှစ်ဖက်ကို W ပုံစံအတိုင်းချပြီး ထိုင်တဲ့ပုံစံမျိုးပါ။ ဒါပေမယ့် ဒီထိုင်တဲ့ပုံစံက ကလေးတော်တော်များများထိုင်လေ့ရှိကြတဲ့ ပုံစံတစ်ခုပါ။ အထူးသဖြင့် စထိုင်တတ်စကလေးတွေမှာ အများဆုံးတွေ့ရတဲ့ ထိုင်တဲ့ ပုံစံတစ်မျိုးပါ။

    W ပုံစံထိုင်ခြင်းက အန္တရာယ်ရှိလား……..

    W ပုံစံထိုင်တာက ကလေးအများစုထိုင်နေကျပုံစံတစ်ခုပါ။ ခဏတဖြုတ်ဆိုရင် ကိစ္စမရှိပေမယ့်ရေရှည်မှာတော့ ကလေးကို ထိခိုက်လာနိုင်တာတွေရှိနိုင်ပါတယ်။ မိဘအများစုက ကလေးဒီလိုထိုင်နေတဲ့အခါ သူတို့လေးတွေ သက်သောင့်သက်သာရှိလို့ ထိုင်နေတာပဲလေ။ သူတို့လေးတွေ အဆင်ပြေနေရင်ပြီးတာပဲဆိုပြီး ထားလိုက်မိတတ်ကြပါတယ်။ တကယ်တော့ အမြဲလိုလိုကလေးက ဒီလိုထိုင်နေတာမျိုးကို အမှုမဲ့အမှတ်မဲ့မထားလိုက်သင့်ပါဘူး။ အကြောင်းကတော့ ဒီထိုင်တဲ့ပုံစံကရေရှည်မှာ ကလေးရဲ့ ကိုယ်နေဟန်ထားအပြင် ကြီးထွားဖွံ့ဖြိုးမှုကိုပါ ထိခိုက်လာနိုင်တာကြောင့်ပါ။

    W ပုံစံထိုင်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်လဲ

    ဘေဘီလေးအနေနဲ့ အမြဲလိုလို W ပုံစံထိုင်နေမယ်ဆိုရင်ရေရှည်မှာ အခုလို ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။

    • တင်ပါးပုံစံမမှန်တာမျိုးဖြစ်လာနိုင်တယ်

    ကလေးကခြေထောက်နှစ်ဖက်ကို အပြင်ဘက်ကို ထုတ်ပြီးထိုင်တဲ့အခါ အတွင်းဘက်မှာ ဖိအားသက်ရောက်မှုက ပုံမှန်ထက်ပိုများပြီး တင်ပါးမှာရှိတဲ့ အဆစ်တွေကို ထိခိုက်လာနိုင်ပါတယ်။နောက်ထပ်ထိခိုက်လာနိုင်တာကတော့ ဒီလိုမျိုးခြေထောက်ကိုကွေးပြီး ဖိထိုင်ထားတာကြောင့်ကလေးရဲ့ လမ်းလျှောက်မှုအပေါ်မှာ ထိခိုက်လာနိုင်သလို အသက်အရွယ်ရလာတဲ့အခါ တင်ပါးတင်ပါးဆုံနဲ့ပေါင်အရိုးတွေမှာထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုပုံစံထိုင်တာကြောင့် အထိခိုက်နိုင်ဆုံးကတော့ တင်ပဆုံရိုးတွေနေရာလွဲသွားနိုင်တာပါပဲ။

    • ဒူးခေါင်းနဲ့ ခြေထောက်နဲ့ ပုံစံမမှန်တာမျိုးဖြစ်လာနိုင်တယ်

    စထိုင်တတ်စအရွယ်မှာ ဘေဘီလေးက W ပုံစံထိုင်မယ်ဆိုရင် ဒူးအဆစ်တွေက အတွင်းဘက်ကို ယိုင်တာမျိုးဖြစ်နိုင်သလို ခြေချင်းဝတ်အဆစ်တွေက အပြင်ဘက်ကို ယိုင်တာမျိုးဖြစ်လာနိုင်ပါတယ်။ ဒီလိုထိုင်တာကြောင့် ကလေးကခြေထောက်ခွင်တာမျိုးဖြစ်နိုင်ပါတယ်။နောက်တစ်ခုက ပေါင်အတွင်းကြွက်သားတွေကို အတင်းဆွဲဆုတ်ထားသလိုဖြစ်လာနိုင်တာကြောင့် ကြွက်သားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သလို ဖနောင့်ကြောအရွတ်တွေ ထိခိုက်လာတာမျိုးဖြစ်နိုင်ပါတယ်။

    • ကြွက်သားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်

    နောက်ထပ်ဖြစ်နိုင်တာတစ်ချက်ကတော့ W ပုံစံထိုင်တာကြောင့် ကြွက်သားတွေမှာ ထိခိုက်လာနိုင်တာပါ။ ကလေးက ခြေထောက်ကို အပြင်ဘက်ကို ယိုင်လို့ အချိန်ကြာမြင့်စွာထိုင်တဲ့အခါ ကြွက်သားတွေကို အမြဲလိုလိုတစ်ပုံစံတည်းဖြစ်နေစေတာကြောင့် ကြွက်သားတွေဟန်ချက်ညီစွာ ဖွံ့ဖြိုးလာမှုကို ထိခိုက်စေနိုင်ပါတယ်။

    • ခန္ဓာကိုယ် ဟန်ချက်ထိန်းနိုင်မှုကို ထိခိုက်စေနိုင်တယ်

    ကြွက်သားတွေဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တာကြောင့် ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒီလိုထိုင်တာကြောင့် ကလေးက ခန္ဓာကိုယ် ဟန်ချက်ကို မထိန်းနိုင်တဲ့အခါ လေးဖက်ထောက်တာရော လမ်းလျှောက်တာရောအတွက် ကြွက်သားဖွံ့ဖြိုးမှုနောက်ကျနေတာကြောင့် အခြားကလေးတွေထက် လမ်းလျှောက်တာ နောက်ကျတာ၊ လေးဖက်ထောက်တာ နောက်ကျတာတွေဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ကြွက်သားတွေ ဖွံ့ဖြိုးမှုနောက်ကျတာကြောင့် ဟန်ချက်ထိန်းနိုင်စွမ်းနည်းလာတာက ရေရှည်မှာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ အခန့်မသင့်ရင် ကလေးက စာရေးစာဖတ်နောက်ကျတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြမလဲ…………….

    W ပုံစံထိုင်တာက ခဏတဖြုတ်ဆိုရင် ကိစ္စမရှိပေမယ့်ရေရှည်မှာဆိုရင် ကလေးကို ထိခိုက်လာနိုင်တယ်လို့ ပြောခဲ့ပြီးသားပါ။ ကလေးက W ပုံစံထိုင်တာကြောင့် အခုလို အခြေအနေတွေဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါမယ်။

    • ကလေးက လမ်းလျှောက်ရင် ယိုင်နဲ့နဲ့ဖြစ်နေမယ်
    • ခန္ဓာကိုယ်အောက်ပိုင်းက အားနည်းနေမယ်
    • လမ်းလျှောက်တဲ့အခါ ခြေထောက်ခွင်မယ်
    • ခြေထောက်ကြွက်သားတွေ ဖွံ့ဖြိုးမှုအားနည်းမယ်
    • W ပုံစံကလွဲလို့ အခြားပုံစံမထိုင်တတ်တာမျိုးဖြစ်နေမယ်
    • ကလေးက ခြေထောက်လှမ်းတာ ပုံစံမကျဘူးဖြစ်နေမယ်
    • ကလေးရဲ့ လှုပ်ရှားမှုတွေ၊ လုပ်ဆောင်မှုတွေက ပုံစံမကျတာ၊ ဟန်ချက်မညီတာမျိုးဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့သွားပြဖို့ လိုအပ်နေပါပြီ။

    ဒီလိုဆိုးကျိုးတွေမဖြစ်စေဖို့ ကာကွယ်ချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ကလေးက W ပုံစံထိုင်နေတာကိုမြင်တဲ့အခါ သက်သောင့်သက်သာဖြစ်အောင် ခြေထောက်ကို ဆန့်ထုတ်ထားပါလား ဒါမှမဟုတ်ခြေထောက်ကို ချိတ်ပြီးထိုင်ပါလားစသဖြင့် ပုံစံပြောင်းထိုင်ဖို့ သတိပေးပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 04/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement