လမစေ့ဘဲ မွေးသော ကလေးများသည် သာမန်ကလေးများနှင့်စာလျှင် နောက်ဆက်တွဲပြဿနာများ ခံစားရလေ့ရှိပါတယ်။ ထိုကလေးများသည် မိခင်၏ ဝမ်းကြာတိုက်မှ အချိန်မတိုင်မီ ထွက်ခွာလိုက်ရသည့်အတွက် အချို့သော ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်ရတတ်ပါသည်။ ကိုယ်ဝန်အပတ် ၂၄ ပတ်မှ ၃၂ပတ်အတွင်းမွေးသော ကလေးများသည် များစွာသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ခံစားရနိုင်ပါသည်။ လမစေ့ဘဲမွေးသော ကလေးများတွင် အဖြစ်များသော ကျန်းမာရေးပြဿနာများ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။
လမစေ့ဘဲမွေးသော ကလေးများတွင် အဖြစ်များသော ကျန်းမာရေးပြဿနာများ
လမစေ့ဘဲမွေးသော ကလေးများတွင် အဖြစ်များသော ကျန်းမာရေးပြဿနာများ ကတော့
- သွေးအားနည်းခြင်း
လမစေ့ဘဲမွေးသော ကလေးများသည် သွေးနီဥများ လုံလောက်စွာမရှိခြင်းကြောင့် သွေးအားနည်းရောဂါများ ခံစားရနိုင်ပါသည်။ ပုံမှန်အားဖြင့် ကလေးငယ်ထံတွင် သွေးနီဥများတည်ဆောက်ရန်အတွက် သံဓာတ်များကို သိုလှောင်ရခြင်းလုပ်ငန်းစဉ်ကို ကိုယ်ဝန်နှောင်းပိုင်းကာလများတွင် လုပ်ဆောင်ရပါသည်။ လမစေ့ဘဲ မွေးသော ကလေးများတွင် အဆိုပါဖြစ်စဉ်ကို လုပ်ဆောင်ချိန်မရလိုက်သောကြောင့် သွေးအားနည်းရခြင်းဖြစ်ပါသည်။
သွေးအားနည်းရောဂါရှိသော ကလေးများတွင် အစာစားခြင်းနှင့် ဖွံ့ဖြိုးကြီးထွားခြင်းတို့ နှောင့်နှေးစေပြီး နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများလည်း ဖြစ်နိုင်ပါသည်။ ထိုသို့ သွေးအားနည်းရောဂါရှိသော ကလေးများကို သံဓာတ်အားဖြည့်ဆေးတိုက်ကျွေးခြင်း၊ သွေးနီဥများ ထုတ်လုပ်မှုအားကောင်းစေသော ဆေးများတိုက်ခြင်းနှင့် အခြေအနေပိုပြင်းထန်သော ကလေးများတွင် သွေးသွင်းခြင်းတို့ဖြင့် ကုသနိုင်ပါသည်။
- အသက်ရှူရပ်ဆိုင်းသွားခြင်း
လမစေ့သော ကလေးများသည် မကြာခဏဆိုသလိုပင် ၁၅ စက္ကန့်ခန့် အသက်ရှူရပ်ခြင်းများဖြစ်လေ့ရှိပါသည်။ ထိုသို့ဖြစ်သွားခြင်းကို ခဏတာမျှ အသက်ရှူရပ်သွားခြင်းဟုခေါ်ပြီး ထိုသို့ဖြစ်ပြီး အသက်ပြန်ရှူချိန်တွင် နှလုံးခုန်နှုန်းများ နှေးသွားတတ်ပါသည်။
ထို့ကြောင့် လမစေ့သော ကလေးများတွင် ထိုသို့သော အသက်ရှူရပ်ခြင်းများဖြစ်ခြင်းကို အမြဲစောင့်ကြည့်နေရန်လိုအပ်ပါသည်။ ထိုသို့ဖြစ်လာလျှင်၊ အသက်ဆက်မရှူတော့လျှင် ကလေးငယ်အား အသက်ရှူစေရန် ပုတ်ပေးခြင်း၊ ခြေဖဝါးများရိုက်ခြင်းတို့ ပြုလုပ်ကာ လှုံ့ဆော်ပေးရမည်ဖြစ်ပါသည်။
- နာတာရှည်အဆုတ်ရောဂါများ ဖြစ်ခြင်း
နာတာရှည် အဆုတ်ရောဂါဖြစ်သည့် အဆုတ်နှင့် လေပြွန်ရှိဆဲလ်များ မူမမှန်ဖြစ်ခြင်းရောဂါသည် လမစေ့ဘဲမွေးပြီး အောက်ဆီဂျင်နှင့် ဆေးကုသမှုများဆက်လက်ခံယူရန် လိုအပ်သောကလေးများတွင် အများဆုံးဖြစ်ကြောင်း တွေ့ရသည်။ ထိုသို့ဖြစ်နိုင်ခြေရှိသော ကလေးများသည် အသက်ရှူကျပ်သောရောဂါစုများကိုလည်း ခံစားရလေ့ရှိပါသည်။
အဆုတ်ထဲတွင်ရှိသော အရည်များ၊ အမာရွတ်များနှင့် ထိခိုက်ပျက်စီးမှုများကို ဓာတ်မှန်တွင် မြင်တွေ့နိုင်ပါသည်။ ထိုသို့ဖြစ်လျှင် လိုအပ်သော ဆေးများသောက်ခြင်းဖြင့် ကလေးများကို အသက်ရှူရပိုလွယ်လာစေပြီး အသက်ရှူစက်များဖြင့် အသက်ရှူရသော အခြေအနေများလည်း လျော့နည်းလာနိုင်ပါသည်။
ထိုကလေးများတွင် အသက် ၂နှစ်အတွင်း အဆုတ်ရောဂါသည် တိုးတက်ကောင်းမွန်လာနိုင်သော်လည်း အများစုသော ကလေးများသည် ရင်ကျပ်ပန်းနာရောဂါနှင့် ဆက်စပ်သော နာတာရှည် အဆုတ်ရောဂါများကို ခံစားရတတ်ကြပါသည်။
- ကူးစက်ရောဂါများဝင်ခြင်း
လမစေ့သော ကလေးများတွင် ကိုယ်ခံအားစနစ်များ ကောင်းစွာ မဖွံ့ဖြိုးသေးသည့်အတွက် ကူးစက်ရောဂါကို ဖြစ်စေသော ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးများနှင့် အခြားသော ပိုးမွှားများကို ခုခံနိုင်စွမ်းမရှိသေးပါ။
ထို့ကြောင့် အဆုတ်နှင့် ဦးနှောက်အမြှေးပါးများတွင် ကူးစက်ရောဂါများ ဖြစ်နိုင်ပါသည်။ ကလေးများအနေဖြင့် မိခင်များထံမှ ရောဂါများကူးစက်နိုင်ပြီး မွေးပြီး အချိန်များတွင်လည်း အခြားကူးစက်ရောဂါများ ဝင်ရောက်နိုင်ပါသည်။ ထိုရောဂါများကို ဘက်တီးရီယားပိုးသတ်ဆေး၊ ဗိုင်းရပ်စ်ပိုးသတ်ဆေးများဖြင့် ကုသနိုင်ပါသည်။
- ဦးနှောက် အတွင်းခန်းတွင် သွေးယိုခြင်း
ယင်းသည် ကိုယ်အလေးချိန် ၁.၃၆ ကီလိုဂရမ်ထက်နည်းသော ကလေးများတွင် ပိုဖြစ်တတ်ပါသည်။ ထိုသို့ ဦးနှောက်သွေးယိုခြင်းများသည် မွေးပြီး ၃ ရက်တွင် ဖြစ်လေ့ရှိပြီး အသံလှိုင်းဓာတ်မှန်ရိုက်ခြင်းဖြင့် ရောဂါကို သိရှိနိုင်ပါသည်။ ထိုသို့ဖြစ်လာလျှင် ဆရာဝန်များက ဦးနှောက်အတွင်းသို့ ပြွန်ချောင်းငယ်ထည့်ခြင်းဖြင့် သွေးများကို အပြင်သို့ ထုတ်ကာ ဦးနှောက် ထိခိုက်ပျက်စီးမှုများကို သက်သာစေပါသည်။ မပြင်းထန်သော အခြေအနေများတွင်မူ ဆေးများဖြင့် ကုသနိုင်ပါသည်။
- အသားဝါခြင်း၊ မျက်လုံးများဝါခြင်း
လမစေ့သော ကလေးများ၏ အသည်းသည် သွေးထဲရှိ အဝါဓာတ်များ စွန့်ထုတ်မှုလုပ်ငန်းများကို မလုပ်ဆောင်နိုင်သေးသည့်အတွက် အရေပြားနှင့် မျက်လုံးများဝါခြင်း ဖြစ်ပါသည်။ ထိုသို့ဖြစ်ခြင်းသည် ပြင်းထန်အဆင့် မဟုတ်သော်လည်း အဝါဓာတ်များ လွန်ကဲများပြားလာပါက ဦးနှောက်ကို ထိခိုက် ပျက်စီးစေနိုင်ပါသည်။
သွေးစစ်ခြင်းဖြင့် ကလေးငယ်၏ သွေးထဲရှိ အဝါဓာတ်များကို သိရှိနိုင်ပြီး အဝါဓာတ်များကို လျော့နည်းစေရန် အလင်းရောင်ကုထုံးဖြင့် ကုသနိုင်ပါသည်။ တခါတရံတွင် သွေးသွင်းရန် လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။
- အူလမ်းကြောင်းရောင်ရမ်းပြီး ဆဲလ်များကြွေကျခြင်း
ထိုရောဂါကို ပုံရိပ်ဖော်စက်များဖြင့် စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်းဖြင့် သိနိုင်ပါသည်။ ကုသမှုများခံယူနေစဉ် အူလမ်းကြောင်းကို အနာကျက်သွားစေရန် ပိုးသတ်ဆေးများသွင်းခြင်း၊ အကြောဆေးများဖြင့် အာဟာရဓာတ်များဖြည့်တင်းခြင်းတို့ကို ပြုလုပ်ပေးရပါသည်။ အချို့သော ကလေးများတွင် ပျက်စီးပြီး ပုပ်သွားသော အူနေရာကို ဖြတ်ထုတ်ခြင်းမျိုးလည်း လုပ်ရတတ်ပါသည်။
- နှလုံးအပေါက်ပါခြင်း
ထိုသို့ဖြစ်နေလျှင် နှလုံးကို အသံလှိုင်းဓာတ်မှန်ရိုက်ခြင်း သို့မဟုတ် အခြားသော ပုံရိပ်ဖော်ကိရိယာများဖြင့် စမ်းသပ်သိရှိနိုင်ပါသည်။ ဆေးဖြင့် ပွင့်နေသော နေရာကို ပိတ်အောင်ကုသခြင်း ပြုလုပ်နိုင်သော်လည်း ဆေးမတိုးပါက ခွဲစိတ်ကုသမှုကို ခံယူရမည်ဖြစ်ပါသည်။
- အသက်ရှူကျပ်သော ရောဂါစု
ယင်းရောဂါစုသည် လမစေ့ဘဲမွေးသော ကလေးများတွင် အဆုတ်များ လုံလောက်စွာ မဖွံ့ဖြိုးသေးသောကြောင့် ဖြစ်ခြင်းဖြစ်ပါသည်။ ထိုကလေးများ၏ အဆုတ်သည် လေအိတ်ငယ်များကို ပြားပိမသွားစေရန် တွန်းကန်အားများ လုံလောက်စွာ မထုတ်ပေးနိုင်သည့်အတွက် ထိုသို့ဖြစ်ခြင်းဖြစ်သည်။ ထို့ကြောင့် ပြင်ပမှ ပြုလုပ်စီမံထားသော အဆုတ်တွန်းအားကို ဖြစ်စေမည့် ဆေးကို ကလေးများအားထိုးပေးခြင်း၊ အသက်ရှူစက်များတပ်ဆင်ကာ အသက်ရှူရလွယ်ကူအောင်၊ သွေးထဲတွင် အောက်ဆီဂျင်ဓာတ်များပိုရအောင်ပြုလုပ်ပေးခြင်း စသည့်နည်းလမ်းများဖြင့် ကုသရပါသည်။ တခါတရံတွင် လမစေ့ဘဲ အလွန်စောမွေးသောကလေးများအတွက် အောက်ဆီဂျင်ဓာတ်ကို ကြာမြင့်စွာပေးရန်လိုအပ်သဖြင့် အိမ်တွင် ပေးနိုင်သော အောက်ဆီဂျင်စနစ်များလည်း လိုအပ်ပါသည်။
- မျက်စိအမြင်လွှာချို့ယွင်းသည့်ရောဂါ
ထိုသို့ဖြစ်ခြင်းသည် မျက်စိအမြင်လွှာတွင် မူမမှန်သော သွေးကြောများဖြစ်ခြင်းကြောင့် ဖြစ်ပြီး မျက်စိကွယ်သွားသည်အထိ ဆိုးရွားသွားနိုင်ပါသည်။ အပတ်၃၀ မပြည့်မီမွေးသော ကလေးများတွင် ထိုရောဂါဖြစ်နိုင်ချေ ပိုများကြောင်းတွေ့ရသည်။ ထိုရောဂါကို သိရှိရန် ဆရာဝန်များက ကလေးငယ်၏ မျက်လုံးများကို ကြည့်ရှုစစ်ဆေးရန်လိုအပ်ပြီး အများစုသည် ပြင်းထန်လေ့မရှိဘဲ မျက်စိအမြင်အာရုံများဆုံးရှုံးမှုမရှိဘဲ ပျောက်ကင်းသက်သာသွားကြောင်း တွေ့ရပါသည်။ သို့သော် ပြင်းထန်သော ကလေးများတွင်မူ ထိုမူမှန်သော သွေးကြောများကို လေဆာရောင်ခြည်ဖြင့် ဖျောက်ဖျက်ခြင်း၊ အအေးလှိုင်းနည်းဖြင့်ကုသကာ မျက်စိအမြင်အာရုံဆုံးရှုံးမှုကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။
[embed-health-tool-vaccination-tool]