backup og meta

ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ အစပ်စားလို့ရသလား


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ အစပ်စားလို့ရသလား

    မိခင်တွေဟာကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ခြင်းတက်ကြတာဟာသဘာဝပါ။ တစ်မျိုးပြီးတစ်မျိုး စားချင်ကြပါတယ်။ ထိုနည်းတူပါပဲ။ နို့ချိုတိုက်ကျွေးချိန်ရောက်လာတဲ့ အခါမှာလည်း ချဉ်ခြင်းတက်တတ် ကြပါသေးတယ်။ ကလေးကိုနို့တိုက်ကျွေးနေရတဲ့အတွက် မိမိကိုယ်တိုင်မှာလည်း အစာစားချင်စိတ်တွေ ဟာ  ထိန်းမရပါဘူး။

    ကိုယ်ဝန်ဆောင်ချိန်မှာ အများဆုံးချဉ်ခြင်းတက်ကြတာဟာ အစပ်ပါတဲ့စားစရာတွေ ကိုပါ။ နို့တိုက်ချိန်မှာလည်း အစပ်ကိုတောင့်တတတ်ကြပြန်ပါတယ်။ ဒါပေမဲ့ မေမေအများစုဟာ  သန္ဓေသား ကိုထိခိုက်မှာစိုးလို့အစပ်ပါတဲ့အစားအစာတွေကိုရှောင်တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာရော နို့တိုက်ချိန်မှာပါအစပ်ကိုရှောင်ဖို့အမှန်တကယ်လိုအပ်လားဆိုတာမေးစရာရှိလာပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်အစပ်စားခြင်းဟာမွေးလာမယ့်ဘေဘီလေးအတွက်အန္တရာယ်ရှိလား။

    ကိုယ်ဝန်ဆောင်ချိန်အစပ်စားခြင်းဟာ မိမိရဲ့ရင်သွေးလေးကိုလုံးဝမထိခိုက်နိုင်ပါဘူး။ ၁၀၀ ရာခိုင်နှုန်းစိတ်ချရပါတယ်။ အချို့သောလေ့လာမှုတွေကတော့ ကိုယ်ဝန်ဆောင်ချိန်စားလိုက်တဲ့ အရသာတွေဟာ  ရေမြွာရည်ကိုသက်ရောက်မှုရှိတယ်ဆိုထားပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကိုယ်ဝန်ဆောင်ချိန်မှာ  အစပ်လုံးဝမစားသင့်ဘူးဆိုတဲ့ အယူအဆကိုမေ့ပစ်လိုက်နိုင်ပါပြီ။

    ဒါဆိုကိုယ်ဝန်ဆောင်ချိန်အစပ်စားခြင်းဟာသင့်အတွက်ရောအန္တရာယ်ရှိနိုင်သလား။

    အဓိကပြောပြချင်တဲ့အချက်လာပါပြီ။ အပူအစပ်စားခြင်းဟာ ပမာဏလွန်ကဲသွားခဲ့ရင် ကိုယ်ဝန်ဆောင်ချိန်မှာမှမဟုတ်ပါဘူး။ ပုံမှန်အချိန်မှာပါ သင့်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

    • ရင်ပူခြင်း၊
    • အစာအိမ်နေရာမှပူလောင်မှုကိုခံစားရခြင်း၊
    • အစာမကြေခြင်း၊
    • ဗိုက်အောင့်ခြင်း၊
    • လေထခြင်း၊
    • ပျို့အန်ခြင်း၊
    • ဝမ်းသွားခြင်းနဲ့
    • အစာအိမ်ရောင်ခြင်းတွေအထိဖြစ်စေနိုင်ပါတယ်။

    အပူအစပ်ကိုအလွန်အမင်းစားရာကနေ အစာအိမ်အနာမှတစ်ဆင့် အစာအိမ်ကင်ဆာ ထိလည်း  ဖြစ်စေနိုင်ပါသေးတယ်။

    အရင်ကအစပ်မကြိုက်သူဖြစ်ပြီး ကိုယ်ဝန်ရှိပါမှ အစပ်ကို ချဉ်ခြင်းတက်လာပါက ပိုဂရုစိုက်ပါ။ ပမာဏနည်းနည်းကနေ စစားပါ။ အစပ်များများကိုတစ်ပြိုင်နက်တည်းမစားလိုက်ပါနဲ့။

    အစပ်ကိုချဉ်ခြင်းတက်တာနဲ့ပဲ စားမယ့် ထမင်းအနပ်တိုင်းမှာ အစပ်ကိုချည်းထည့်သွင်းမစားပါနဲ့။ ရေဓာတ်ပြည့်ဝနေဖို့လည်းအထူးဂရုစိုက်ပေးပါ။

    နို့တိုက်ချိန်မှာရော အစပ်စားခြင်းဟာသင့်ရင်သွေးလေးကိုထိခိုက်နိုင်ခြင်းရှိမရှိ။

    နို့တိုက်ချိန်မှာ အပူအစပ်ကို မရှောင်နိုင်လို့ စားမိရင်လည်း ဘေဘီလေးကို ထိခိုက်မှု  မရှိပါဘူးနော်။ သင်စားလိုက်တဲ့ အစားအစာရဲ့  အရသာအတိုင်း နို့ချိုမှာ အရသာပေါ်တယ်လို့ ဆိုထားကြပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်ချိန် အရသာမျိုးစုံစားပေးတာဟာ သင့်ရင်သွေးလေးရဲ့ ဉီးနှောက်မှတ်ဉာဏ်မှာ  အရသာမှတ်မိနိုင်စွမ်းကိုမြင့်တက်လာစေပါတယ်။ အသက်ခြောက်လပြည့်လို့ ဖြည့်စွက်စာစကျွေးတဲ့အခါ ကလေးဟာ သင်စားခဲ့သမျှအရသာတွေကို မှတ်မိနေပြီးသား ဖြစ်နေတော့ မှာပါ။

    ဒါဆို နို့တိုက်ချိန်မှာရှောင်ရမယ့်အစားအစာတွေရှိသလား။

    မိခင်တွေဟာ မိမိကလေးကိုထိခိုက်မှာစိုးတဲ့ မေတ္တာကြောင့်လည်းကောင်း၊ ရှေးလူကြီးတွေဖြစ်တဲ့  မေမေတို့ရဲ့ ဖွားဖွား၊ဒေါ်ဒေါ်တို့ရဲ့ ကြားဖူးနားဝတွေကိုနားယောင်ပြီးတော့လည်းကောင်း နို့တိုက်ချိန်မှာ အစားအလွန်ရှောင်ကြပါတယ်။ ဒါဟာမှားယွင်းတဲ့အယူအဆပါ။

    အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးရန် လိုအပ်တဲ့ အတွက် ရင်သွေးလေးထံသို့ အာဟာရစုံလင်စွာ ရောက်ရှိဖို့ မိခင်နို့ဟာအာဟာရပြည့်ဝနေဖို့လိုအပ်ပါတယ်။ ဒါကြောင့် အစားမရှောင်ဘဲ စုံလင်မျှတအောင် စားပေးရမှာပါ။ ရှောင်သင့်တဲ့ အရာတွေမရှိဘူးလားဆိုတော့မဟုတ်ပါဘူး။ ရှိပါတယ်။

    အောက်ပါအစားအစာတွေကိုတော့ရှောင်ပါ။

    • ငါးပုတ်သင်၊ ကကတစ်နဲ့ တူနာငါးကဲ့သို့ မာကျူရီဓာတ်များတဲ့ ငါးများ
    • အရက်၊ ဘီယာ
    • ဆေးလိပ်
    • နေ့စဉ် ကဖင်းဓာတ်များစွာသောက်သုံးခြင်း (ကော်ဖီနှစ်ခွက်ထက်ပိုသောက်ခြင်း)
    • တိုင်းရင်းဆေး၊ အားဆေး (ဆရာဝန်၏ညွှန်ကြားချက်မပါဝင်သည့်)

    ဒီအစားအစာတွေကိုတော့မဖြစ်မနေရှောင်ကြဉ်ပါ။

    မေမေတို့သာလျှင်အစားအသောက်မှာပါဝင်တဲ့ အရသာကိုကြိုက်တာ၊ ခံစားတတ်တာ မဟုတ်ပါဘူးနော်။ ဘေဘီလေးဟာလည်းအရသာကိုခံစားနိုင်စွမ်းရှိတာမို့ အစာအုပ်စုနဲ့  အရသာကို စုံလင်စွာ စားသင့်ပါတယ်နော်။ နို့တိုက်မိခင်တွေနဲ့ကိုယ်ဝန်ဆောင်တွေ အပူအစပ်တွေမစားသင့်ဘူး။ အစာရှောင်ရမယ်ဆိုတဲ့ အယူအဆအမှားတွေကို ဉီးနှောက်မှတ်ဉာဏ်ထဲကထုတ်လိုက်သင့်ပါပြီ။

    ရေးသားသူ- ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement