ပါးစပ်အရမ်းပူစပ်နေရင် အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်မလဲ


Ye Zon Aung မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပါးစပ်အရမ်းပူစပ်နေရင် အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်မလဲ

    အပူအစပ်စာတွေကို လူအတော်များများက ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် လူတိုင်းမှာ လက်ခံနိုင်စွမ်းတဲ့ အတိုင်းအတာသတ်မှတ်ချက်တော့ ရှိကြတာပါပဲ။

    တခါတလေကျရင်တော့ ကိုယ်စားနိုင်တာထက်ပိုများတဲ့ အပူအစပ်တွေ၊ Spicy တွေကို စားမိသွားတယ်ဆိုပါစို့။ မျက်ရည်ကျမလောက်အောင် ခံစားသွားရတယ်မဟုတ်လား။ ပါးစပ်တစ်ခုလုံး ပူလောင်စပ်လာပြီး နှုတ်ခမ်း၊ လျှာနဲ့ အာခေါင်တစ်ခုလုံးဟာလည်း မထိကပ်နိုင်တော့လောက်အောင်ကို စပ်နေတော့မှာပါ။

    ဒီလိုဝေဒနာမျိုး ကြုံလာရရင် ဘယ်ပုံဘယ်နည်းနဲ့ သက်သာအောင် လုပ်ကြမလဲ။ အမြန်ဆုံးနည်းလမ်းနဲ့ပေါ့။ မြန်မြန်သက်သာအောင်လုပ်နိုင်လေလေ ဝေဒနာခံစားရတာ နည်းလေလေမဟုတ်လား။

    ဒါကြောင့် မာလာရှမ်းကောတို့၊ Extreme Spicy ခေါက်ဆွဲပြုတ်တို့၊ ရခိုင်ငါးပိထောင်းတို့၊ ဆာရှိမိတို့လို အရမ်းပူတာစပ်တာတွေစားမိပြီးချိန်မှာ အဲ့ဒီလို ပူနေစပ်နေတာတွေ သက်သာစေနိုင်မယ့် အလွယ်ဆုံးနဲ့ အမြန်ဆုံး နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

    ၁။ နို့

    အံ့အားသင့်စရာကောင်းလောက်အောင်ကို ထိရောက်ပါတယ်။ နွားနို့ ဒါမှမဟုတ် ဒိန်ချဉ်အေးအေးလေးကို ငုံပေးတာ၊ ဒါမှမဟုတ် ဖြည်းဖြည်းချင်းမျိုချတာမျိုးက ပူနေစပ်နေတာကို အလျှင်အမြန်သက်သာစေပါလိမ့်မယ်။

    ၂။ သကြား သို့ ပျားရည်

    အချိုဓာတ်က အစပ်ကို သက်သာစေနိုင်ပါတယ်။ သကြား တစ်ငုံစာလောက် ဒါမှမဟုတ် ပျားရည် တစ်ဇွန်းလောက်ကို လျှာပေါ်တင်ထားတာမျိုးက သင်ခံစားနေရတဲ့ ဝေဒနာကို ခပ်မြန်မြန်လေး သက်သာစေမှာပါ။

    ၃။ ကစီဓာတ်

    ကစီဓာတ်ပါဝင်တဲ့ အစာတွေဖြစ်တဲ့ ဂျုံမှုန့်တို့ ဆန်တို့ကလည်း အစပ်သက်သာစေဖို့ ကူညီနိုင်ပါတယ်။ သူတို့က စပ်တဲ့ဓာတ်သဘောတွေကို စုပ်ယူသွားမှာပါ။ ဂျုံမှုန့်တွေ၊ ဆန်တွေကို ငုံထားပေးတာမျိုးလုပ်လို့ရပါတယ်။ မျိုမချမိအောင်တော့ သတိထားပါ။

    ၄။ ခရမ်းချဉ်သီးနဲ့ သံပုရာမျိုးနွယ်များ

    အံ့သြနေကြမလား။ စပ်နေပါတယ်ဆိုမှ ဒီလိုအချဉ်တွေ ပါးစပ်ထဲထည့်ရင် ပိုစပ်ကုန်မယ်လို့ ထင်သွားကြမယ်ထင်ပါတယ်။ တကယ်တော့ ဆန့်ကျင်ဘက်ပါပဲ။ ခရမ်းချဉ်သီးအစိတ်လေးတွေ ဒါမှမဟုတ် သံပုရာ၊ လိမ္မော်၊ နာနတ်စတဲ့ ဖျော်ရည်တွေဟာ သင့်ကို ပူတဲ့စပ်တဲ့ ဝေဒနာခံစားနေရတာကနေ လျော့ပါးစေမှာပါ။

    ၅။ အုန်းရည်

    အုန်းရည်ချိုမြမြကလည်း သင့်ရဲ့ မခံမရပ်နိုင်အောင် ပူစပ်နေတဲ့ အာခေါင်ကို အေးမြသွားစေနိုင်ပါတယ်။

    ၆။ ရေခဲမုန့်

    အေးမြပြီးချိုမြိန်တဲ့ ရေခဲမုန့်ဟာ သင့်ရဲ့ ဝေဒနာတွေကို လျော့ပါးစေမယ်ဆိုတာ သေချာပါတယ်။ အများကြီးစားရင်တော့ ချောင်းဆိုးနိုင်တာမို့ သတိထားပါ။

    ၇။ Mint

    Mint ပါဝင်တဲ့ ပူရှိန်းပြားလေးတွေကိုလည်း ပါးစပ် ပူစပ်နေရင် အသုံးပြုနိုင်ပါတယ်။ သူတို့ကလည်း အာခံတွင်းကို အေးမြစေနိုင်တာမို့ပါ။

    ရေသောက်ရင်ရော မရဘူးလား

    ရေသောက်လို့ရပါတယ်။ ရေက သဘာဝ နည်းလမ်းကောင်းတစ်ခုပါ။ ဒါပေမယ့် များများတော့ သောက်ဖို့လိုအပ်ပါတယ်။ ချက်ခြင်းတော့ မသက်သာနိုင်ပါဘူး။ ခပ်မြန်မြန် သက်သာချင်တာဆိုရင်တော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးပြုတာက ပိုသင့်လျော်မှာဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement