backup og meta

အမြွာလေး တွေကို နို့ဘယ်လိုတိုက်ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမြွာလေး တွေကို နို့ဘယ်လိုတိုက်ကြမလဲ။

    အမြွာလေး မွေးထားတဲ့ မေမေတို့အတွက် ပျော်ရွှင်မှု နှစ်ဆ ဖြစ်သလို အလုပ်ရှုပ်တာကလည်း နှစ်ဆပါပဲ။ အထူးသဖြင့် ကလေးနို့တိုက်တဲ့ အချိန်မှာပါ။ ကလေးတွေကို ခွဲတိုက်ရမလား။ အတူတူတိုက်ရမလား။ နို့ထွက်ပါ့မလားဆိုတာတွေက မေမေတို့ အစိုးရိမ်ဆုံး ကိစ္စတွေ ဖြစ်မှာပါ။

    အမြွာလေး တွေကို တူတူတိုက်မလား။ ခွဲတိုက်ကြမလား။

    ဒါကတော့ မေမေ့အပေါ်ပဲ မူတည်ပါတယ်။ ခွဲတိုက်လို့လည်း ရသလို၊ အတူတူတိုက်လို့လည်း ရပါတယ်။ အရေးကြီးတာက ကလေးတစ်ယောက်ချင်းစီကို ခွဲမြင်ပေးဖို့ပါပဲ။ ကလေးနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အကျင့်တူချင်မှ တူမှာပါ။ ဥပမာ အကြီးလေးက အစားကြီးပြီး နို့ခဏခဏဆာတာမျိုး၊ အငယ်လေးက နို့သိပ်မစို့တာမျိုး ဖြစ်တတ်ပါတယ်။

    ဒါကြောင့် ခုပဲ ကလေးတွေကို နို့တိုက်လိုက်ပေမယ့် အကြီးလေးက ထပ်ဆာလို့ တပ်တောင်းရင် သူ့ကို သက်သက်ထပ်တိုက်ရမှာပါ။ အမြွာဆိုတိုင်း အကုန်တူတူဖြစ်နေဖို့ မလိုပါဘူး။

    တူတူတိုက်မယ်ဆိုရင်

    တူတူတစ်ပြိုင်နက်တိုက်မယ်ဆိုရင် အောက်ပါအနေအထားတွေနဲ့ တိုက်လို့ရပါတယ်။

    ကလေးခေါင်းကို လက်ဖဝါးနဲ့ထိန်း၊ ကိုယ်လုံးကို လက်ဖျံပေါ်တင်ပြီး တိုက်တာပါ။ ကလေးခြေထောက်က အမေ့အနောက်ကို ရောက်နေမှာပါ။ စစချင်းဆိုရင်တော့ ဘေးက ထိန်းပေးရမှာပါ။ နောက်ပိုင်းဆိုရင်တော့ မေမေတို့ တိုက်တတ်သွားပါပြီ။

    အမြွာလေး တွေကို နို့ဘယ်လိုတိုက်ကြမလဲ။

    • အမေလှဲပြီး တိုက်တာ

    အမေက ပက်လက်လှဲပြီး ကလေးတွေကို ဗိုက်ပေါ်တင်ပြီး တိုက်တာပါ။

    အမြွာလေး တွေကို နို့ဘယ်လိုတိုက်ကြမလဲ။

    • မျဉ်းပြိုင်ပုံစံ တိုက်တာ

    ကလေးနှစ်ယောက်ကို မျဉ်းပြိုင်ပုံစံ ပိုက်ထားပြီး တိုက်တာပါ။ နှစ်ယောက်လုံးကို ပွေ့ပိုက်ထားဖို့တော့ လိုပါတယ်။

    အမြွာလေး တွေကို နို့ဘယ်လိုတိုက်ကြမလဲ။

    တူတူတိုက်တာရဲ့ ကောင်းတဲ့အချက်ကတော့ အချိန်ကုန်သက်သာတာပါ။ မွေးစကလေးဆို တစ်နေ့ကို ၈ကြိမ်ကနေ ၁၂ကြိမ်လောက်ထိ တိုက်ရပါတယ်။ ဆိုလိုတာက ၂-၃ နာရီခြားတစ်ခါတိုက်ရပါတယ်။ တစ်ခါတိုက်ရင် နာရီဝက်ကြာပါတယ်။ တစ်ယောက်ပြီးမှ တစ်ယောက်ဆိုရင် မေမေတို့ နားဖို့အချိန်နည်းသွားမှာပါ။

    အမြွှာလေး တွေကို နို့ဘယ်လိုတိုက်ကြမလဲ။

    အမြွှာလေးတွေကို နို့တိုက်မယ်ဆိုရင် မေမေတို့ ဒီအချက်တွေကို ကြိုပြင်ထားပါ။

    • နို့တိုက်ခေါင်းအုံး ဝယ်ထားပါ။

    အမြွာလေး တွေဆိုတာ သေချာပြီဆိုတာနဲ့ နို့တိုက်ခေါင်းအုံးဝယ်ထားပါ။ အမြွာလေးတွေကို နို့တိုက်ရလွယ်အောင် ပုံစံပြင်ထားတဲ့ ခေါင်းအုံးလေးတွေ ရှိပါတယ်။ ဒါမှမဟုတ် ရိုးရိုးခေါင်းအုံးကိုပဲ နှစ်လုံး သုံးလို့ရပါတယ်။

    • တစ်ယောက်ချင်းစီ စတိုက်ပါ။

    မွေးပြီးပြီးချင်းမှာ နှစ်ယောက်တစ်ပြိုင်နက်တိုက်ဖို့ ခက်ခဲနိုင်ပါတယ်။ တစ်ယောက်ချင်းစီတိုက်ပြီး ကလေးတွေရဲ့ အမူအကျင့်ကို စောင့်ကြည့်ပါ။ ဘယ်ကလေးက နို့ပိုစို့သလဲ။ ဘယ်လောက်နေရင် ဗိုက်ပြည့်ပြီလဲ။ နောက်ပိုင်း ကလေးတွေကို ကောင်းကောင်းချီနိုင်ပြီ။ အကျင့်လေးတွေ သိပြီဆိုမှ နှစ်ယောက်တစ်ပြိုင်တည်းတိုက်ဖို့ လေ့ကျင့်ပါ။

    • ခဏခဏ လေ့ကျင့်ပါ။

    အစဆိုရင် ကလေးတွေကို နို့တိုက်ရခက်မှာပါ။ ချီရတာလည်း လွယ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘေးလူက ကူပေးဖို့ လိုပါတယ်။ ရက်ပိုင်းလောက်နေရင်တော့ အသားကျသွားမှာပါ။ နို့တိုက်ရခက်လို့ မတိုက်တာမျိုးတော့ မလုပ်ပါနဲ့။

    • ပုံစံပြောင်းပြောင်းပြီး တိုက်ပါ။

    အပေါ်မှာ ပြောထားတဲ့ နို့တိုက်နည်းတွေထဲက မေမေတို့ ဘာနဲ့အဆင်ပြေလဲဆိုတာ သိဖို့ ပြောင်းပြောင်းပြီး တိုက်ကြည့်ပါ။ ကိုယ်နဲ့ အဆင်ပြေတဲ့ ပုံစံကို သိသွားရင် ခဏခဏနဲ့ ကြာကြာတိုက်နိုင်ပါတယ်။

    အကြီးလေးက ညာဘက်၊ အငယ်လေးက ဘယ်ဘက်ဆိုပြီး ပုံသေမသတ်မှတ်ထားပါနဲ့။ အကြီးလေးက နို့စို့အားကောင်းရင် ညာဘက်နို့က ပိုထွက်မှာပါ။ အငယ်လေးက နို့ကောင်းကောင်း မစို့တတ်ရင် ဘယ်ဘက်နို့က နို့သိပ်ထွက်မှာ မဟုတ်ပါဘူး။ ဒါဆို အငယ်လေးက နည်းနည်းပဲ သောက်ရမှာပါ။ ဘက်ညီအောင် နှစ်ဖက်ကို ပြောင်းပြောင်းပြီး တိုက်ပါ။

    • တူတူမတိုက်တတ်လည်း မစိုးရိမ်ပါနဲ့။

    တချို့မေမေတွေက ဘယ်လိုကျင့်ကျင့် နှစ်ယောက်လုံးကို တစ်ပြိုင်တည်း တိုက်လို့မရပါဘူး။ ဒါဆိုရင်လည်း မစိုးရိမ်ပါနဲ့။ တစ်ယောက်ပြီးမှ တစ်ယောက်တိုက်လို့ရပါတယ်။ အရေးကြီးတာက ကလေးတွေ နို့ဝဖို့ပါပဲ။

    အမြွာလေး တွေ နို့ဝပါ့မလား။

    မေမေတွေ စိုးရိမ်တဲ့ နောက်ကိစ္စတစ်ခုက အမြွာလေးတွေအတွက် နို့လုံလောက်ပါ့မလား။ နို့ဘူးကူရမလားဆိုတာပါ။ အများအားဖြင့်တော့ မလိုပါဘူး။ ကလေးတွေက အမေနို့နဲ့တင် လုံလောက်ပါတယ်။

    မိခင်နို့ရဲ့ သဘာဝက စို့လေ၊ ထွက်လေပါ။ လေ့လာချက်တွေအရ ၃မြွာပူးမေမေတွေဆိုရင် တစ်နေ့ကို နို့ ၃လီတာလောက် ထွက်ပါတယ်တဲ့။ ဒါတောင် ကလေးတွေက (ယောကျ်ားလေးဆိုရင်တောင်) တစ်နေ့ကို ၈၃၁ မီလီလီတာ (တစ်လီတာမပြည့်တစ်ပြည့်) လောက်ပဲ စို့တာပါ။

    ဒါကြောင့် ကလေးတွေ နို့မဝမှာ၊ နို့မလုံလောက်မှာ စိုးရိမ်ရင် ကလေးဆာတိုင်း ပေးစို့ပါ။ အိပ်ရာကနေ ထလာတဲ့အချိန်၊ လျှာလေးထုတ်ထားတဲ့အချိန်၊ ခေါင်းလေးလှည့်ပြီး ဟိုရှာ ဒီရှာ လုပ်တဲ့အချိန် (အမေ့နို့ကို ရှာတာပါ)၊ အသံလေးတွေပေးတဲ့အချိန်၊ လက်မလေး စုပ်ပြတဲ့အချိန်ဟာ သူတို့ ဗိုက်ဆာတဲ့အချိန်ပါ။ သတိတရနဲ့ စောင့်ကြည့်ပြီး နို့တိုက်ပေးပါ။

    Takeaway

    အမြွာလေး တွေကို နို့တိုက်ရတာက တစ်ယောက်တည်းကို နို့တိုက်ရတာထက် ပိုခက်တယ်ဆိုတာ နားလည်ပါတယ်။ ဒီလိုဆိုပေမယ့် မိခင်နို့ကို မတိုက်ဘဲ မထားပါနဲ့။ မိခင်နို့ကို မတိုက်ဘဲထားရင် နို့ထွက်မှာ မဟုတ်ပါဘူး။ ဒီလိုဆို ပိုခက်သွားပါလိမ့်မယ်။ ကြိုးစားပြီး တိုက်ကြည့်ပါ။ ဆရာဝန်တွေ၊ သူနာပြုတွေဆီက နို့တိုက်နည်းကို သေချာသင်ခဲ့ပါ။ မေမေရာ ကလေးတွေအတွက်ရော အတွေ့အကြုံသစ်ဖြစ်တဲ့အတွက် အတူတူကြိုးစားကြည့်ကြပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement